← Chapters

အထုပ်အပိုးပြင်ပြီး လစ်လိုက်တော့

Vol. 5 Ch. 73

အထုပ်အပိုးပြင်ပြီး လစ်လိုက်တော့

Vol. 5 Ch. 73

"ဟွာရှားလူမျိုး.. ကျုပ် ခင်ဗျားကို မျက်နှာသာပေးထားပြီးပြီနော်။ ခင်ဗျားမှာ ပိုက်ဆံရှိတာနဲ့ပဲ လုပ်ချင်ရာလုပ်လို့ရမယ်လို့ ထင်မနေနဲ့"

"ဟက်"

ကျန်းမုန့်လောင်က ရယ်ချလိုက်လေသည်။

"လုပ်ချင်ရာလုပ်တယ်တဲ့လား။ ဟွာရှားဥပစာစကားလေး နည်းနည်းတတ်တာနဲ့ ယဉ်ကျေးမှုအကြောင်းတွေပါ နက်နက်နဲနဲသိသွားပြီလို့ ထင်နေတာလား။ ကျုပ်တို့ဘိုးဘေးတွေ တီထွင်ထားတဲ့အရာတွေကို ခင်ဗျားတို့ အမြီးအမောက်မတည့်ဘဲ သုံးနေတာကိုမြင်ရတာ တော်တော်ရှက်ဖို့ကောင်းတာပဲ"

"ခင်ဗျား ဘာပြောချင်တာလဲ"

"ကျုပ် ခင်ဗျားကိုမေးချင်တာက ဒါက ဘယ်နေရာလဲ"

"ကူစူးမြို့"

"ကျုပ် ခင်ဗျားကိုပြောပြမယ်။ ဒါက ဟွာရှားနိုင်ငံ။ ဟွာရှားမှာဆိုရင် ခင်ဗျားဘာသာ ဘယ်ကပဲလာလာ မောက်မာမှုနဲ့ ခွဲခြားဆက်ဆံမှုဆိုတာတွေကို ထားခဲ့လိုက်တာ ပိုကောင်းမယ်။ ဟွာရှားက ယဉ်ကျေးမှုရှိတဲ့နိုင်ငံတစ်ခု။ ကျုပ်တို့က မိတ်ဆွေတွေကို ကြိုဆိုပေမဲ့ အဲ့ဒါကို ဘယ်လိုတန်ဖိုးထားရကောင်းမှန်းမသိတဲ့လူတွေကိုတော့ မျက်နှာသာပေးမှာမဟုတ်ဘူး"

"လူငယ်လေး.. ပြဿနာမရှာပါနဲ့ကွယ်။ ငါတို့ကိုယ်တိုင်က ပြခန်းထဲမှာ အရှက်မရှိထပ်ကြည့်ချင်နေတာပါ။ သူက သူ့အမိန့်ကိုထိန်းသိမ်းရုံသက်သက်ပါပဲ"

အဘိုးကြီးက ကျန်းမုန့်လောင်နှင့် ကလာ့ခ်တို့ စကားများနေသည်ကို မြင်လိုက်ရသည့်အတွက် ဖျန်ဖြေသည့်သဘောဖြင့် ဆိုလာလေသည်။

"ဆရာ.. ဒီကိစ္စက မတူဘူးလေ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ပြီးတော့ ပြဿနာရှာတာက ကျွန်တော်မဟုတ်ဘူး။ သူပဲ"

ထို့နောက်မှာတော့ ကျန်းမုန့်လောင်က ထိုလူကြီးကို နှစ်သိမ့်လိုက်သည်။

"စည်းကမ်းအရ သူ ခင်ဗျားကို ထွက်သွားခိုင်းတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ သူ အခုလေးတင်ပဲ ကျွန်တော်တို့ဟွာရှားနိုင်ငံသားတွေက အရှက်မရှိဘူးတို့ ကျွန်တော်တို့ဟွာရှားယဉ်ကျေးမှုက သူတို့ဥရောပထက် နိမ့်ကျတယ်တို့ ပြောလိုက်တာလေ။ အဲ့ဒါကတော့ ကိစ္စရှိတယ်"

ပြခန်းထဲရှိ ဟွာရှားလူမျိုးများက အင်္ဂလိပ်စကားကို နားလည်ကြသည့်အတွက် အစောပိုင်းက ထိုကလာ့ခ်ပြောလိုက်သည့်စကားကို အားလုံးနီးပါးကြားလိုက်ကြသည်ဖြစ်ရာ ထိုစကားလုံးကြောင့် အားလုံး မခံမရပ်နိုင်ဖြစ်နေကြသည်။

သို့သော် တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ အင်တာနက်အသုံးပြုသူများကမူ လုံးဝစိတ်ရှုပ်ထွေးနေကြသည်။ ကျန်းမုန့်လောင်က ဘာကြောင့်များ သွားလေရာနေရာတိုင်းတွင် ရန်ပွဲဖြစ်နေရသလဲဟုသာ သူတို့တွေးနေမိကြသည်။ တချို့ဆိုလျှင် သူများယောင်တိုင်းလိုက်ယောင်ပြီး ကျန်းမုန့်လောင်က ပိုက်ဆံရှိတိုင်း သွားလေရာမှာ ပြဿနာရှာနေသည်ဟုပင် ပြောနေကြသည်။

ယခုမူ အမှန်တရားထွက်ပေါ်လာပြီဖြစ်ရာ ကျန်းမုန့်လောင်၏ ပြောစကားအရဆိုလျှင် အချင်းများမှု၏ အကြောင်းအရင်းကို နားလည်ဖို့မခက်ချေ။ ကီးဘုတ်ဖိုက်တာများအတွက်မူ သူတို့လူမျိုးကို သူတို့ ပြန်ဝေဖန်ခြင်းနှင့် နိုင်ငံခြားသားများက လာဝေဖန်ခြင်းမှာ မတူညီသည့်ကိစ္စတစ်ခုပင်။ သူတို့က အမိမြေကို ဂရုမစိုက်တော့သည့်လူများလည်း မဟုတ်ပေ။

"ဘော့စ်ကျန်းက အမြဲပြဿနာရှာနေတာပဲလို့ ပြောလိုက်တဲ့လူတွေ ဘယ်ရောက်သွားပြီလဲ။ မတ်တတ်ရပ်ပြီး တောင်းပန်စမ်း"

"ဘော့စ်ကျန်းက အရမ်းအစွမ်းထက်တာပဲ။ သူတို့တွေကို ငါတို့ရှေ့မှာ လာမောက်မာဖို့ခွင့်မပြုနိုင်ဘူး"

"ဒီတစ်ခေါက်တော့ ငါ မင်းဘက်က ထောက်ခံတယ်။ သူတို့ကို အနိုင်ပိုင်းပစ်လိုက်စမ်းပါ"

"ဘော့စ်ကျန်း.. ဒီတစ်ခေါက် ခင်ဗျား သူတို့ကိုဆုံမပစ်နိုင်တယ်ဆိုရင် ကျွန်တော် တစ်သက်လုံး ခင်ဗျားရဲ့သစ္စာရှိပရိသတ်လေးလုပ်သွားမယ်"

"ဟွာရှားမှာ လေလာကျယ်ရဲတယ်ပေါ့လေ။ သူတို့ကဘာမို့လို့လဲ။ ဒီဟွာရှားက အရင်ခေတ်တွေတုန်းကနဲ့ အတူတူပဲလို့များ ထင်နေတာလား"

...

"ဟွာရှားလူမျိုး.. ခင်ဗျားက ရန်ဖြစ်ချင်နေတဲ့ပုံပဲ။ ဟုတ်လား။ ပိန်လှီနေတဲ့ မျောက်လိုခန္ဓာကိုယ်နဲ့များ ရန်တောင်ဖြစ်နိုင်ပါ့မလား ဟားဟား"

ကလာ့ခ်က အပေါ်ယံဟန်ဆောင်နေခြင်းကို ရုပ်သိမ်း၍ အထိန်းအကွပ်မဲ့စွာ လှောင်ပြောင်သရော်လေတော့သည်။

"ကလာ့ခ်.. မင်း ဘာလုပ်နေတာလဲ။ မစ္စတာကျန်းက ငါတို့ရဲ့အဓိကဝယ်သူတစ်ယောက်ဆိုတာ မင်း သဘောမပေါက်ဘူးလား"

"ဘရုစ်.. မင်းက ငါ့အထက်လူကြီးဆိုတာနဲ့ပဲ ငါ့ကို အခုလိုပြောလို့ရမယ် မထင်လေနဲ့"

ကလာ့ခ်၏မျက်နှာကား ဘရုစ်၏စကားများကြောင့် တွန့်လိမ်ရှုံ့တွနေချေတော့သည်။

"ဟွာရှားလူမျိုးတစ်ယောက်လေးပဲမဟုတ်လား။ ဘာတွေကြောက်နေတာလဲ။ ငါတို့ပြခန်းက ပန်းချီကားတွေကို ဝယ်နိုင်တဲ့လူတွေမှ တစ်ပုံကြီးပဲ။ ဒီအရောင်းအဝယ်ပျက်သွားခဲ့ရင်လည်း ထားလိုက်တော့။ ဒီပန်းချီကားတွေကို ဝယ်ချင်တဲ့ အာရှမိတ်ဆွေတွေ ငါ့မှာ ရှိတယ်"

"ငတုံး.. သူက ပန်းချီကားတစ်ချပ်တည်းကို ဝယ်ထားတယ်များ ထင်နေလား"

အဆုံးမှာတော့ ဘရုစ်က မာန်မဲလိုက်လေတော့သည်။ ပန်းချီကားတစ်ချပ်တည်းသာ ဆိုပါလျှင် ဤလူငယ်လေးကို သူ ဤမျှအထိခယနေမည်မဟုတ်။

"နားထောင်.. ဒီမစ္စတာကျန်းက ငါတို့ရောင်းထားတဲ့ ပန်းချီကားတွေအားလုံးကို ဝယ်ထားတာ။ အချပ်လေးထောင်ကျော် ငါးဆယ်ဘီလီယံတန်ဖိုးရှိတယ်ကွ။ မင်းရဲ့ဦးနှောက်ထဲမှာ ချီးတွေပြည့်နေတာလား"

"ဘယ်လို"

ထိုစကားကို ကြားလိုက်ရသောအခါ ကလာ့ခ်၏အမူအရာမှာ ရုတ်ခြည်းကြက်သေသေသွားလေသည်။ ဟွာရှားမှ မစ္စတာကျန်းက ပန်းချီကားကိုဝယ်ယူထားသည်ဟု ဘရုစ် သူ့ကိုပြောတုန်းက ပန်းချီကားတစ်ချပ်တည်းကိုသာ ဝယ်ယူထားသည်ဟု ထင်မှတ်ခဲ့မိသည်။

သို့သော် ကျန်းမုန့်လောင် ဝယ်ယူထားသည်မှာ ပန်းချီကားတစ်ချပ်တည်းမဟုတ်ဘဲ အချပ်လေးထောင်ကျော်ဖြစ်နေလိမ့်မည်ဟု သူ မည်သို့များတွေးမိမည်လဲ။ ဤအရောင်းအဝယ်သာ သူ့ကြောင့် ပျက်စီးသွားခဲ့ပါက တစ်နှစ်စာဘောနပ်စ်ဆိုတာအသာထား။ သူ့သူဌေးက သူ့ကို အာဖရိကမိုင်းတွင်းဆီကိုပင် ပို့လိုက်နိုင်သည်။

"ဒါက..."

ကလာ့ခ်၏မျက်နှာမှာ နီရဲသွားချေသည်။ ဤသည်မှာ သူရန်စသင့်သည့် ဟွာရှားလူမျိုးမဟုတ်မှန်း သူ သဘောပေါက်လိုက်လေသည်။ ဥရောပအရင်းရှင်နိုင်ငံများတွင် ငွေကြေးအရင်းအနှီးကသာ အဓိကဖြစ်ပြီး ပိုက်ဆံကသာ အရာရာဖြစ်၏။ ပိုက်ဆံရှိနေသရွေ့ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးပင်ဖြစ်နေပါစေ ထိပ်တန်းသူဌေးတစ်ယောက်ဟု သတ်မှတ်ထားသည်သာ။

ဤတစ်ခေါက် သူ စော်ကားမိလိုက်သူမှာ သာမန်သူဌေးတစ်ယောက်ပင်မဟုတ်။ ချမ်းသာကြွယ်ဝခြင်းနတ်ဘုရားတစ်ပါးပင်။

"မစ္စတာကျန်း..ကျေးဇူးပြုပြီး စိတ်လျှော့ပါဦး။ ကလာ့ခ်ရဲ့ပြဿနာကို ကျွန်တော်သေချာပေါက်ဖြေရှင်းပေးပါ့မယ်။ ရလဒ်ကလည်း သေချာပေါက် ခင်ဗျားစိတ်တိုင်းကျဖြစ်စေရပါ့မယ်"

"ဟက် ဟက် ဟက်"

ကျန်းမုန့်လောင်က နှာမှုတ်၍သရော်လိုက်လေသည်။ သို့သော် သူ့အမူအရာကတော့ ခံစားချက်ကင်းမဲ့နေ၏။

"မစ္စတာဘရုစ် ခင်ဗျားက ကျုပ်ကို အရူးများထင်နေလား။ ခင်ဗျား အခုလေးတင် ဒီကလာ့ခ်ကို တိုးတိုးလေးကပ်ပြောလိုက်တဲ့စကားကို ကျုပ်မကြားလိုက်ဘူးလို့ထင်နေတာလား။ ခင်ဗျား ကျုပ်ကို လေးစားပြနေတာက ပိုက်ဆံမျက်နှာကြောင့်သက်သက်ပဲ"

"မစ္စတာကျန်း ကျွန်တော်..."

"ခင်ဗျားတို့က ဟွာရှားယဉ်ကျေးမှုကို အထင်သေးတယ်မဟုတ်လား။ ခင်ဗျားတို့ရဲ့ပန်းချီပြခန်းက တအားတွေခမ်းနားကြီးကျယ်တယ်လို့ ထင်နေတာမလား။ ကျုပ်ပြောလိုက်မယ်.. ကျုပ်တို့ရဲ့နှစ်ငါးထောင်သမိုင်းအမွေအနှစ်နဲ့ဆိုရင် ယဉ်ကျေးမှုနက်ရှိုင်းတဲ့အကြောင်း ပြောကြတဲ့ကိစ္စမျိုးမှာ ကျုပ်တို့ဟွာရှားက ခင်ဗျားတို့အဖေပဲ"

"ပြောသွားတာကောင်းတယ်ဟေ့"

"သေစမ်း..ငါငိုမိတော့မယ်"

"ငါ ဖြတ်လျှောက်ပရိသတ်အဖြစ်ကနေ အမာခံပရိသတ်ကို ပြောင်းသွားပြီ"

"ဖြောင့်မတ်မှန်ကန်ပြီး တန်ဖိုးရှိတဲ့ ဒုတိယမျိုးဆက်လူချမ်းသာတစ်ယောက်ပဲ။ ငါတော့ အထင်ကြီးနေပါပြီနော်"

ထောက်ခံအားပေးသော အသံပေါင်းစုံက လူအုပ်ကြီးဆီမှ ထွက်ပေါ်လာလေသည်။ အစောပိုင်းက ဝေဖန်သူများပင် သဘောထားပြောင်းသွားလေပြီ။ အမှန်ပင်။ ယဉ်ကျေးမှုနက်ရှိုင်းသည့်အကြောင်းနှင့်ပတ်သက်လျှင် ပုံစံချင်းမတူသော်ငြား ဤမျှကြီးကျယ်မြင့်မြတ်လှသော သမိုင်းကြောင်းမျိုးရှိထားသည့် ဟွာရှား၏ယဉ်ကျေးမှုက တခြားနိုင်ငံများထက် မနိမ့်ကျပေ။

"ခင်ဗျားက ပန်းချီပြခန်းဖွင့်ထားချင်တာမဟုတ်လား။ ခင်ဗျားတို့က အမြတ်ငွေလည်း မနည်းမနောရချင်ကြတာမဟုတ်လား။ ပြီးတော့ ခင်ဗျားတို့ရဲ့ ဂရိခေတ်ယဉ်ကျေးမှုအကြောင်း ပရိုမိုးရှင်းဆင်းချင်တယ်ပေါ့။ ဆောရီးပဲ။ ကျုပ် ခင်ဗျားတို့ရောင်းတာကို မဝယ်ဘူး။ ကျေးဇူးပြုပြီး ဒီနေရာက ထွက်သွားလိုက်တော့"

"အဲ့ဒါက ဘာသဘောလဲ မစ္စတာကျန်း"

ဘရုစ်ခမျာ ရုတ်ခြည်းဆိုသလို စိတ်ထဲလေးလံသွားသလို ခံစားလိုက်ရသည်။

"ဘာရယ်တော့မဟုတ်ပါဘူး။ ခင်ဗျားတို့ ဒီမှာ ပန်းချီပြခန်းဖွင့်ထားစရာ မလိုတော့ဘူးလို့ ပြောချင်တာပဲ။ ခင်ဗျားတို့ရဲ့ လက်ရာမြောက်ပန်းချီကားဆိုတဲ့အရာတွေကို သယ်ပြီး ခန်းမထဲကလစ်လိုက်တော့။ ခင်ဗျားတို့ကြိုက်တဲ့ ပန်းချီပြခန်းမှာ သွားပြထားလို့ရတယ်။ ဒါပေမဲ့ ဒီနေရာမှာတော့ ခင်ဗျားတို့ကို မကြိုဆိုဘူး"

"မစ္စတာကျန်း.. ခင်ဗျားမှာ အဲ့လိုလုပ်ပိုင်ခွင့်မရှိဘူးလေ။ ကျုပ်တို့က ကူစူးအပြည်ပြည်ဆိုင်ရာလုပ်ငန်းစုနှင့်ပြခန်းစင်တာနဲ့ တရားဝင်စာချုပ်ချုပ်ထားတာ"

"အိုး ဟုတ်သားပဲ။ တရားဝင်စာချုပ်ချုပ်ထားတာ။ ကျုပ်ကလည်း စာချုပ်ချိုးဖောက်ချင်ပါတယ်လို့ မပြောမိပါဘူး။ ကျုပ်တို့ဘက်က စာချုပ်လျော်ကြေးပေးတယ်ဆိုရင်တော့ ဘာပြဿနာမှမရှိဘူးမလား"

ထိုသို့ပြောပြီးနောက် ကျန်းမုန့်လောင်က သူ့ဖုန်းကိုထုတ်၍ ဟုန်းရီ၏ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။

"ဟုန်းရီ. ကူစူးအပြည်ပြည်ဆိုင်ရာလုပ်ငန်းစုနှင့်ပြခန်းစင်တာအတွက် တာဝန်ရှိသူက ဘယ်သူလဲလို့ စုံစမ်းပေးနိုင်လား"

"မစ္စတာကျန်း ဘာများပြဿနာရှိလို့လဲ"

"ဘာရယ်မဟုတ်ပါဘူး။ တချို့လူတွေက ကျောင်းမှန်းကန်မှန်းမသိကြတော့ ဒီအဖွဲ့အစည်းကိုအသုံးချပြီး စကားကြီးစကားကျယ်တွေပြောနေလို့"

ကျန်းမုန့်လောင်က ဖြစ်စဉ်ကို စကားလုံးအနည်းငယ်ဖြင့် အကျဉ်းချုပ်ပြောပြလိုက်သည်။

"မစ္စတာကျန်း.. လုပ်ငန်းစင်တာကို ထန်ဟွေ့အုပ်စုက ကွပ်ကဲနေတာဆိုပေမဲ့ ပိုင်ဆိုင်သူကတော့ သီးသန့်အဖွဲ့အစည်းတွေမဟုတ်ပါဘူး။ ဒေသခံယဉ်ကျေးမှုဌာနလက်အောက်မှာ ရှိတာပါ"

"အဲ့ဒါတွေ ငါဂရုမစိုက်ဘူး။ ငါတို့ သူတို့ကိုရှင်းထုတ်ပစ်လို့ရမလားဆိုတာပဲ သိချင်တယ်"

"လုပ်နိုင်ပါတယ်။ ကျွန်မကို မိနစ်နှစ်ဆယ်လောက်တော့ အချိန်ပေးပါ"

"ကောင်းပြီ။ ပြီးတော့ သူတို့ရဲ့နောက်လာမဲ့အစီအစဉ်ကိုလည်း စုံစမ်းပေးဦး။ သူတို့ရဲ့ "ကမ္ဘာလှည့်ပြီးပန်းချီပြခန်း"ဖွင့်မဲ့ အစီအစဉ်ကို ဘယ်နိုင်ငံမှာမှ မလုပ်နိုင်တာမျိုးပဲလိုချင်တယ်"

"စိတ်မပူပါနဲ့ မစ္စတာကျန်း။ ဒါတွေက အသေးအဖွဲကိစ္စလေးတွေပါ"

"အင်း..ကြိုးစားပေးတဲ့အတွက် ကျေးဇူးပဲ"

...

ကျန်းမုန့်လောင်၏ ဖုန်းခေါ်ဆိုမှုက စက္ကန့်ပိုင်းလောက်သာ ကြာလိုက်သော်ငြား ပတ်ပတ်လည်ရှိ လူများကတော့ စတင်ဆွေးနွေးနေကြလေပြီ။

"ဥက္ကဋ္ဌကျန်းက ဖုန်းခေါ်လိုက်ပြီဟ"

"သူ ပေါက်ကွဲနေပြီဟေ့။ သူ ဘယ်သူ့ကိုဖုန်းဆက်တာလဲဆိုတာတော့ ဘယ်သူသိမှာတဲ့လဲ"

"ငွေသားချည်းသက်သက် အမေရိကန်ဒေါ်လာငါးဆယ်ဘီလီယံကို လွယ်လင့်တကူထုတ်လိုက်နိုင်တဲ့လူက သာမန်နောက်ခံအသိုင်းအဝိုင်းက ဖြစ်လိမ့်မယ်လို့ မင်းတို့ထင်ကြလား"

"ပွဲကြည့်ရမဲ့အချိန်ပဲ။ ငါတော့ နယူကလီးယားပေါက်ကွဲသံကို ကြိုအာရုံရနေပြီ"

"ဥက္ကဋ္ဌကျန်း.. လေးစားပါတယ်"

"သိပ်မိုက်တာပဲ"

"မစ္စတာကျန်း ခင်ဗျား အခုလေးတင်လုပ်လိုက်တာက..."

"အိုး... ဘာမှမဟုတ်ပါဘူး။ အထုပ်အပိုးပြင်ပြီး လစ်လိုက်တော့"

…….

All Chapters