ဟွာရှားလူမျိုးထံမှ လွှမ်းမိုးခံလိုက်ရသည့် အကြောက်တရား
Vol. 5 Ch. 74
ဥရောပတိုက်ရှိ ပြင်သစ်တွင် ကြီးကျယ်ခမ်းနားလှသော Champs Elyseesလမ်းမထက်၌ အံ့ဖွယ်ခမ်းနားကြီးကျယ်လွန်းလှသော အဆောက်အဦးတစ်ခု တည်ရှိလေသည်။ ထို့ပြင် ထိုလမ်းမထက်တွင် Louis Vuittonမျှော်စင်၊ Cartierဖက်ရှင်အရောင်းဆိုင်နှင့် အမျိုးမျိုးသော အထက်တန်းအဆင့်ဖက်ရှင်ဘရန်းများစွာလည်း ရှိ၏။ ဤအဆောက်အဦးကို Cherylအဆောက်အဦးဟု ခေါ်တွင်ပြီး နာမည်ကြီးပြည်တွင်းစီးပွားရေးကော်ပိုရေးရှင်းကြီးတစ်ခု၏ ရုံးချုပ်လည်း ဖြစ်သည်။
Cherylအုပ်စု၏ စီးပွားရေးလုပ်ငန်းများမှာ ကမ္ဘာအနှံ့ဖြန့်ကြက်ထားပြီး နယ်ပယ်လည်း စုံလင်လှ၏။ ထို့ပြင် သူတို့လုပ်ငန်းအများစုက ပန်းချီပညာနှင့် ဆက်စပ်နေသည်။ ထိုနယ်ပယ်များကို အခြေပြု၍ သူတို့ဟာ စီးပွားရေးအင်ပါယာကြီးတစ်ခုကို တည်ထောင်ထားခဲ့ပြီး အစောပိုင်းကမ္ဘာ့မှတ်တမ်းထဲတွင် ထိပ်ဆုံးကုမ္ပဏီတစ်ရာထဲမှာ စာရင်းဝင်ဖြစ်ခဲ့သေးသည်။
ကမ္ဘာလုံးဆိုင်ရာ ထိပ်တန်းအဆင့် ပန်းချီပြပွဲကြီးမှာ သူတို့ တစ်နှစ်ကျော်ကြာအောင် စီစဉ်ထားသော စီမံကိန်းတစ်ခုဖြစ်ပြီး လူအင်အားနှင့် ငွေကြေးအရင်းအနှီးပေါင်းမြောက်များစွာလည်း ထည့်သွင်းထားသည်။ Louvreပြတိုက်မှ "မိုနာလီဆာ"ပန်းချီကားကို ငှားရမ်းဖို့အတွက်ပင် အရင်းအမြစ်အများအပြားကို သုံးစွဲခဲ့ရသည်။
ဤကမ္ဘာလှည့်ပန်းချီပြပွဲမှာ နိုင်ငံပေါင်းငါးဆယ်ကျော်နှင့် မြို့ပေါင်းရာနှင့်ချီ၍ ဖြတ်သန်းသွားမည်ဖြစ်သည်။ သူတို့သာ ဤစီမံကိန်းကို အပြီးသတ်နိုင်ခဲ့ပါက ဝင်ငွေအမေရိကန်ဒေါ်လာများစွာ ရရှိနိုင်မည်ဟု ခန့်မှန်းထားသည်။ ထို့ပြင် ငွေကြေးဖြင့် တိုင်းတာ၍မရနိုင်သည့် အခြားဘရန်းသက်ရောက်မှုများနှင့် ယဉ်ကျေးမှုလွှမ်းမိုးခြင်းတို့မှာကား ပြောနေစရာပင် မလိုတော့ပေ။ ထို့ကြောင့်လည်း ကုမ္ပဏီဘက်က ဤစီမံကိန်းကို အထူးအလေးထား၍ လုပ်ဆောင်နေခြင်းဖြစ်သည်။
"အော်ဒရာ ကမ္ဘာလှည့်ပန်းချီပြပွဲလုပ်နေတာ အခု ဘယ်နိုင်ငံကိုရောက်နေပြီလဲ"
Cherylအုပ်စု၏ စီအီးအိုဖြစ်သူ မိုဆန်က မှန်ပြတင်းမှတစ်ဆင့် Champs-Élyséesလမ်းမထက်သို့ ငုံ့ကြည့်နေရင်း မေးလိုက်လေသည်။
"သူဌေး. အခု ဟွာရှားကိုရောက်နေပါပြီ။ ဒီနေ့က ဒုတိယမြောက်ပြသတဲ့နေ့ပါ"
"ဘဏ္ဌာရေးအစီရင်ခံစာကရော ဘယ်လိုအခြေအနေရှိလဲ"
"အခုအချိန်အထိတော့ ကျွန််မတို့ နိုင်ငံပေါင်း၁၂နိုင်ငံမှာ ပြသခဲ့ပြီး စုစုပေါင်းပန်းချီကား၁၄၂ချပ်ကို ရောင်းချထားပြီးပါပြီ။ အဲ့ဒီထဲက သုံးပုံတစ်ပုံကိုတော့ ဟွာရှားက ဝယ်ယူသူတွေ ဝယ်ထားတာပါ"
"ဟွာရှားက ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ လူတွေနဲ့ စိတ်ဓာတ်တွေ တည်ရှိတဲ့ နေရာတစ်ခုပဲ"
မိုဆန်က ထိုသို့နှယ် ဆင်ခြင်တွေးဆလိုက်သည်။
"သူဌေး.. ဘာလို့ အဲ့လိုပြောရတာလဲ။ အဲ့ဒီနိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံလေးတစ်နိုင်ငံပဲ ရှိသေးတာလေ"
"ဟား..အော်ဒရာ မင်းက အရမ်းငယ်သေးတာပဲ။ ဟွာရှားက အရမ်းဆန်းကြယ်တဲ့နိုင်ငံတစ်ခု။ အပေါ်ယံကိုပဲ ကြည့်မယ်ဆိုရင် အဲ့ဒီအရာက တကယ်တမ်း ဘယ်လောက်အထိ နက်ရှိုင်းလဲဆိုတာကို မင်း နားလည်မှာမဟုတ်ဘူး"
"အိုး.. အဲ့ဒီအကြောင်း ကျွန်မကိုပြောပြပေးနိုင်မလား"
"ဟွာရှားနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေအများကြီးတော့ရှိတယ်။ ဒါပေမဲ့ ငါ့အပေါ် သက်ရောက်မှုအရှိဆုံးကတော့ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်တုန်းက တွေ့ခဲ့ရတဲ့ ဟွာရှားနိုင်ငံသားလူငယ်လေးတစ်ယောက်ပဲ"
မိုဆန်က လွှမ်းမိုးခံခဲ့ရသည့် အကြောက်တရားကို ပြန်အမှတ်ရလိုက်သည့်အလား အသေးစိတ်ပြန်ပြောပြလိုက်သည်။
"ရှင့်စိတ်ထဲ နက်နက်နဲနဲစွဲထင်ကျန်ရစ်နေခဲ့တဲ့ လူတစ်ယောက်ယောက်များ ရှိလို့လား"
"မင်း ၉၉ခုနစ်တုန်းက ကျင်းပခဲ့တဲ့ လေလံပွဲတစ်ခုအကြောင်း ကြားဖူးလား"
"စုစုပေါင်းအရောင်းအဝယ်တန်ဖိုးက သမိုင်းတစ်လျှောက် စံချိန်တင်ခဲ့တဲ့ပမာဏကို ဆယ်ဆကျော်စံချိန်ချိုးသွားခဲ့တဲ့ လေလံပွဲလား"
"အမှန်ပဲ"
မိုဆန်က ခေါင်းညိတ်ပြလိုက်သည်။
"သိတယ်မလား။ အဲ့ဒီလေလံပွဲမှာရှိတဲ့ ပစ္စည်းတွေအားလုံးကို တစ်ခုမကျန်ရောင်းချလိုက်တယ်ဆိုပေမဲ့ အများဆုံးပမာဏက သမိုင်းတစ်လျှောက်မှတ်တမ်းကို ဆယ်ဆတောင် စံချိန်ချိုးသွားတယ်ဆိုတာ မဖြစ်နိုင်တာကြီး"
"ရှင်ရော အဲ့ဒီလေလံပွဲမှာ ရှိနေခဲ့လား"
"ဟား.. အဲ့ဒီအချိန်တုန်းက ငါတို့Cherylအုပ်စုက စတည်ထောင်ခါစလေးပဲ ရှိသေးတာ။ ငါကလည်း အဲ့ဒီလေလံပွဲမှာ ပါဝင်ခွင့်ရလို့ စိတ်လှုပ်ရှားနေခဲ့တာပေါ့"
မိုဆန်က ပြောလိုက်သည်။
"အဲ့ဒီလိုကိစ္စမျိုး ဘာလို့ဖြစ်ခဲ့လဲဆိုတာ မင်းသိလား"
"တောင်းပန်ပါတယ် သူဌေး.. ကျွန်မ တွေးကြည့်လို့တောင်မရဘူး"
"ဘာလို့လဲဆိုတော့ အဲ့ဒီလေလံပွဲမှာ ရူးချင်စရာကောင်းတဲ့ လေလံဆွဲနည်းမျိုးနဲ့ လေလံဆွဲနေတဲ့ လူတစ်ယောက်ရှိလို့လေ။ သူက လေလံပွဲမှာရှိတဲ့ပစ္စည်းတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကို ဝယ်သွားခဲ့တာ"
မိုဆန်က ရှင်းပြလိုက်သည်။
"လေလံပွဲလာတက်ပြီး စလာကတည်းက ကြမ်းခင်းဈေးထက် နှစ်ဆပိုပြီး ဈေးခေါ်တတ်တဲ့လူစားမျိုးကို ငါ တစ်ခါမှမမြင်ဖူးဘူး။ တကယ်လို့များ တစ်ယောက်ယောက်က သူနဲ့ယှဉ်ပြီး ဈေးပြိုင်ပေးလာခဲ့ရင် သူက ဘာမှမစဉ်းစားဘဲ ဈေးနှုန်းကို အများကြီးထပ်မြှင့်လိုက်သေးတာ"
"လူတစ်ယောက်တည်းက ပစ္စည်းတွေအားလုံးကို ဝယ်သွားတာတဲ့လား။ အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူ့မှာ ပိုက်ဆံအများကြီးရှိတယ်ဆိုရင်တောင် ပစ္စည်းတွေအများကြီးတော့ လိုက်ဝယ်နေနိုင်မှာမဟုတ်ဘူးလေ"
"ငါသာ မျက်စိနဲ့တပ်အပ်မမြင်ခဲ့ရရင် ဒီလိုနားလည်ရခက်တဲ့အရာမျိုး ဖြစ်နိုင်တယ်ဆိုတာကို ယုံမိမှာမဟုတ်ဘူး။ အဲ့ဒီနေ့တုန်းက ဥရောပသားတစ်ယောက်က ဟွာရှားတွေကို ဆင်းရဲတယ်ဆိုပြီးပြောခဲ့လို့ အဲ့ဒီလူငယ်လေးက ဒီနေ့ဒီနေရာမှာရှိတဲ့ ဥရောပသားတွေအကုန်လုံး ဒီလေလံပွဲကနေ ဘာပစ္စည်းတစ်ခုမှ မရစေရဘူးလို့ ပြန်ပြောခဲ့တာ"
"သူ တကယ်လုပ်နိုင်ခဲ့လား"
"လုပ်နိုင်ခဲ့တာပေါ့။ လေလံပွဲက ဥရောပမှာလုပ်တာလေ။ ပါဝင်သူရှစ်ဆယ်ရာခိုင်နှုန်းကျော်ကလည်း ဥရောပသားတွေချည်းပဲ။ ဒါပေမဲ့ ဥရောပသားတွေအကုန်လုံး လေလံပွဲက ပစ္စည်းတစ်ခုမှ သူ့ကိုကျော်ပြီး မဝယ်နိုင်ခဲ့ကြဘူး။ သူတို့ရဲ့ဂုဏ်သိက္ခာကို ပြန်အဖတ်ဆည်တဲ့အနေနဲ့ လေလံပွဲမှာရှိသမျှပစ္စည်းတိုင်းရဲ့ဈေးနှုန်းကို မူလဈေးထက် အဆပေါင်းများစွာ ဈေးပိုပေးခဲ့တာလေ။ အဲ့ဒါကြောင့် စုစုပေါင်းရောင်းဈေးက အံ့ဩဖို့ကောင်းလောက်အောင် များသွားတာပေါ့"
"သူ့မှာ အဲ့ဒီလောက်ပိုက်ဆံတွေ တကယ်ရှိတာလား"
"ဟားဟား.. ရှိရုံတင်မကဘူး။ တအားလွယ်လွယ်ကူကူနဲ့တောင် ငွေထုတ်ပြခဲ့တာ"
မိုဆန်က ပြောလိုက်၏။
"မင်း တွေးကြည့်လို့ရောရရဲ့လား။ လူတစ်ယောက်ရဲ့ချမ်းသာကြွယ်ဝမှုက ဥရောပတိုက်ကြီးတစ်ခုလုံးကိုတောင် စိန်ခေါ်သွားခဲ့တာ"
"အခုလက်ရှိ Forbesအဆင့်က..."
"အဲ့ဒါက ကလေးကစားစရာသက်သက်ပဲ။ ကိုယ်ပိုင်စည်းစိမ်အကြောင်း ပြောကြကြေးဆိုရင် ဘန်ဇိုက ထိပ်ဆုံးဆယ်ယောက်စာရင်းထဲတောင် ဝင်နေမှာမဟုတ်ဘူး"
"ဟွာရှားက.. တကယ့်ကို ဆန်းကြယ်တဲ့နိုင်ငံတစ်နိုင်ငံပဲ"
"ဖုန်းလာနေတယ်လေ"
"တောင်းပန်ပါတယ် သူဌေး။ ကျွန်မ အရမ်းစိတ်ဝင်စားသွားလို့"
အော်ဒရာက သူ(မ)၏ဖုန်းကို ဆွဲထုတ်လိုက်သည်။
"ဇိုအန်လား။ ဘာကိစ္စလဲ"
"ဘာပြောလိုက်တယ်။ ဘယ်လိုလုပ်ပြီး အဲ့လိုဖြစ်သွားရတာလဲ"
အော်ဒရာ၏အမူအရာကား ရုတ်ခြည်းပြောင်းလဲသွားသည်။
"လျော်ကြေးကရော"
"ကောင်းပြီ။ ငါနားလည်ပြီ။ မစ္စတာမိုဆန်ကို ငါ တင်ပြလိုက်မယ်"
အော်ဒရာလည်း ကပျာကယာဖုန်းချလိုက်သည်။ သူ(မ)၏ မျက်နှာအမူအရာကား မှောင်မိုက်လွန်းနေလေရာ အစိုဓာတ်များပင် စိမ့်ထွက်လာတော့မည့်အလားပင်။
"အော်ဒရာ.. မင်း ဒီလောက်အထိထိတ်လန့်နေတာမျိုး ငါ အရင်ကမမြင်ဖူးပါဘူး"
သတင်းကောင်းကြားရလိမ့်မည်မဟုတ်မှန်း သိထားသော်လည်း သူကတော့ အေးဆေးတည်ငြိမ်နေဆဲသာ။
"သူဌေး.. ကျွန်မတို့ရဲ့စီမံကိန်းက တစ်ခုခုဖြစ်ထားလို့လား"
"မလန့်ပါနဲ့။ စိတ်အေးအေးထား။ ဘာဖြစ်တာလဲ"
"ကျွန်မတို့ အရင်က ဆက်သွယ်ထားတဲ့ခန်းမတွေအားလုံးက ဖုန်းလှမ်းဆက်ပြီး ကျွန်မတို့နဲ့ချုပ်ထားတဲ့ စာချုပ်တွေကို ပယ်ဖျက်လိုက်တယ်တဲ့။ သူတို့ဘက်က ကျွန်မတို့ပန်းချီပြခန်းအတွက် ခန်းမငှားမပေးနိုင်တော့ဘူးဆိုပဲ"
"လျော်ကြေးငွေကရော"
"ကျွန်မတို့အကောင့်ထဲကို လွှဲထားပြီးပါပြီ"
"အကြောင်းပြချက်ကရော"
"ကျွန်မ သိပ်နားမလည်ဘူး။ ဘရက်ဒလေမိသားစုအကြောင်းကိုလည်း ပြောသွားတယ်..."
"ဘာရယ်။ ထပ်ပြောစမ်းပါဦး"
မိုဆန်ခမျာ သရဲဇာတ်လမ်းတစ်ပုဒ် ကြားလိုက်ရသည့်အလား ကြောက်လန့်သွားလေသည်။
"ဘ..ဘရက်ဒလေမိသားစု..."
"ဘာလို့လဲ"
မိုဆန်၏နှုတ်ခမ်းအစုံမှာ အနည်းငယ်တုန်ယင်နေလေသည်။
"ငါ ဘရက်ဒလေမိသားစုကို ရန်မစဖူးပါဘူး။ သူတို့က Cherylအုပ်စုကို ဘာလို့ပစ်မှတ်ထားရတာလဲ"
"သူဌေး.. ဘရက်ဒလေမိသားစု အဲ့လောက်တောင်အာဏာပြင်းတာလား။ ကျွန်မ ဘယ်လိုလုပ်ပြီး သူတို့အကြောင်း မကြားဖူးရတာလဲ"
မိုဆန်၏အမူအရာကို မြင်သောအခါ အော်ဒရာလည်း အတွေးနက်သွားရလေတော့သည်။ သူ(မ)၏သူဌေး ဤမျှအထိ အထိတ်တလန့်ဖြစ်နေသည်ကို ပထမဆုံးမြင်ဖူးခြင်းဖြစ်၏။
"အာဏာပြင်းရုံတင်မကဘူး"
မိုဆန်က ခါးသက်သက်အပြုံးတစ်ပွင့်ကို ဆင်မြန်းလျက် ပြောလိုက်ချေသည်။
"ဘရက်ဒလေမိသားစုကသာ ခြေတစ်ချက်ဆောင့်လိုက်ရင် ဥရောပတိုက်တစ်ခုလုံး ငလျင်လှုပ်သွားမှာ။ သူတို့သာ ဆန္ဒရှိရင် သူတောင်းစားတစ်ယောက်ကိုတောင် ဥရောပနိုင်ငံတစ်ခုခုရဲ့သမ္မတဖြစ်လာအောင်တောင် လုပ်ပေးနိုင်တယ်။ သူတို့ရဲ့အာဏာက ခန့်မှန်းကြည့်ဖို့တောင် မဖြစ်နိုင်ဘူး"
အော်ဒရာခမျာ မယုံကြည်နိုင်ခြင်းများစွာဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားရလေသည်။ မိသားစုလေးတစ်စုက ဤကဲ့သို့သောအရာတစ်ခုကို တကယ်လုပ်ဆောင်နိုင်လေသလား။ သူတို့က ဥရောပတိုက်၏ဧကရာဇ်များလား။
မိုဆန် အပြင်းအထန်စဉ်းစားခန်းဖွင့်နေပါသော်လည်း ပြင်းထန်လှသော ဤအကျိုးဆက်ကြီးက သူတို့ကုမ္ပဏီ၏ သာမန်ဝန်ထမ်းတစ်ယောက်ကြောင့် ဖြစ်ခဲ့ကြောင်းကိုမူ လုံးဝမတွေးမိပေ။
"စုံစမ်းကြည့်လိုက်။ ဒီကမ္ဘာလှည့်ပန်းချီပြပွဲရဲ့ ဘယ်ဝန်ထမ်းကများ ဘရက်ဒလေမိသားစုဝင်တစ်ယောက်ကို စော်ကားမိခဲ့လဲဆိုတာ ငါ မင်းကို စုံစမ်းစေချင်တယ်"
ပစ်မှတ်မှာ ဤကမ္ဘာလှည့်ပန်းချီပြပွဲဖြစ်နေသည်မှာ အသိသာချည်းပင်။ သို့ဖြစ်လေရာ ဖြစ်ပွားရသည့်အကြောင်းအရင်းကလည်း ထိုကိစ္စနှင့်ပတ်သက်နေရပေမည်။
"ဟုတ်ကဲ့ သူဌေး.. ကျွန်မ ချက်ချင်းစုံစမ်းလိုက်ပါ့မယ်"
...
ထိုအချိန်ဝယ် ကူစူးအပြည်ပြည်ဆိုင်ရာလုပ်ငန်းစုနှင့် ပြခန်းစင်တာသို့ သူတို့ရောက်အပြီး ဆယ်မိနစ်ပင် မကြာသေးခင်မှာ...
"မန်နေဂျာရေ.. တစ်ခုခုတော့ဖြစ်နေပြီ"
ဘရုစ်က ဤပြဿနာကို မည်သို့နှယ်ဖြေရှင်းရမလဲဆိုသည်ကို စဉ်းစားချိန်ဆနေသော်ငြား ကျန်းမုန့်လောင်ကတော့ သူနှင့် စကားပြောချင်စိတ် လုံးဝမရှိတော့ပေ။
"ဘာတွေပြဿနာတက်နေတာလဲ"
ဘရုစ် စိုးရိမ်သောကရောက်နေခိုက် တစ်စုံတစ်ယောက်က သူ့ဆီရောက်လာပြီး ပြောလိုက်သည့်စကားက ဒဏ်ရာကို ဆားသိပ်လိုက်သည့်အလားပင်။
"ကူစူးအပြည်ပြည်ဆိုင်ရာလုပ်ငန်းစုနဲ့ပြခန်းစင်တာက အခုလေးတင် ကျွန်တော်တို့ကို ဖုန်းလှမ်းဆက်တယ်။ သူတို့ဘက်က ကျွန်တော်တို့နဲ့ ပူးပေါင်းထားတာကို ဖျက်သိမ်းချင်တယ်တဲ့။ အဲ့ဒါကြောင့် ကျွန်တော်တို့ဝန်ထမ်းတွေနဲ့ ပစ္စည်းတွေကို နာရီဝက်အတွင်း ရှင်းပေးပါတဲ့။ အဲ့လိုမှမဟုတ်ရင် သူတို့ဘက်က အင်အားသုံးပြီး မောင်းထုတ်ရလိမ့်မယ်တဲ့"
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ဘရုစ်ခမျာ အံ့သြလွန်း၍ ဆွံ့အသွားရလေသည်။ ဤအပြည်ပြည်ဆိုင်ရာပြခန်းကြီးက ပုဂ္ဂလိကပိုင်ဆိုင်မှုတစ်ခု မဟုတ်ချေ။ ဤသည်မှာ နိုင်ငံတော်အဆင့် ကူစူးယဉ်ကျေးမှုဌာန၏ အဆောက်အအုံတစ်ခုဖြစ်၏။ ကျန်းမုန့်လောင်က သူ့အာဏာဖြင့် ဤစနစ်အတွင်းရှိ လူများကို ဘယ်လိုများချုပ်ကိုင်လွှမ်းမိုးလိုက်နိုင်လေသလဲ။
ထို့ပြင် နာရီဝက်အတွင်း အတင်းအကျပ်နေရာဖယ်ပေးခိုင်းလာသည်တဲ့လား။ ဤသည်မှာ သာမန်အဆင့်မျှဖြင့် လုပ်ဆောင်နိုင်သောအရာမဟုတ်ပေ။
ကျန်းမုန့်လောင်က နားလည်ရခက်သော အပြုံးတစ်ပွင့်ကို ပြသလိုက်သည်။ သူတို့မိသားစု တည်ရှိလာသည်မှာ နှစ်ငါးထောင်သက်တမ်းရှိလေပြီဖြစ်ရာ သူတို့ဟာ ချမ်းသာကြွယ်ဝမှုတစ်ခုတည်းကိုသာ ပိုင်ဆိုင်ထားခြင်းမဟုတ်ပေ။
……