သူဌေးက မင်းကို အာဖရိကကို မိုင်းတူးဖို့သွားတော့တဲ့
Vol. 5 Ch. 75
"ဝိုး"
ထိုဝန်ထမ်းပြောလိုက်သည့် စကားကို ကြားသောအခါ ပွဲကြည့်ပရိသတ်များမှာ ပို၍ပင်ထိတ်လန့်သွားကြသည်။
အစတုန်းကမူ ကျန်းမုန့်လောင်က ပိုက်ဆံပုံပေးပြီး ပြဿနာကို ဖြေရှင်းလိမ့်မည်ဟု သူတို့ ထင်ခဲ့မိကြသည်။ ဥပမာဆိုရလျှင် ပွဲစီစဉ်သူ၏ကုမ္ပဏီကို ဝယ်ယူလိုက်တာမျိုးပင်။
သို့သော် မျှော်လင့်မထားပါဘဲ ဤတစ်ကြိမ်မှာတော့ ကျန်းမုန့်လောင်က ဖော်ထုတ်ပြောဆို၍မရသည့် အဆက်အသွယ်လမ်းကြောင်းများကို အသုံးချပြီး ရိုးရိုးရှင်းရှင်းဖြေရှင်းလိုက်သည်။
ပုဂ္ဂလိကပိုင်မဟုတ်သည့် အဖွဲ့အစည်းတစ်ခုက နိုင်ငံတကာအဆင့်ပြပွဲတစ်ခုကို ချက်ချင်းလက်ငင်းဖျက်သိမ်းသည့်ကိစ္စတွင် စကားလုံးမျှဖြင့် ရှင်းပြ၍မရနိုင်သော အာဏာသက်ရောက်မှုများ ပါဝင်လေသည်။ ကျန်းမုန့်လောင်၏ ချမ်းသာကြွယ်ဝမှုဟာ ရင်သပ်ရှုမောဖွယ်ကောင်းရုံသာမက သူ့အဆင့်ကလည်း ကောင်းကင်ဘုံထိတိုင် တက်လှမ်းနေပြီဖြစ်၏။
"သူက ဝမ်လင်ထက်တောင် ပိုပြီးရှိန်ချင်စရာကောင်းတာပဲ"
"ဟုတ်တယ်။ ဝမ်လင်က ချမ်းသာတာပဲရှိတာ။ ဒါပေမဲ့ သူက ဝမ်လင့်ထက်လည်း ချမ်းသာပြီး နောက်ခံအသိုင်းအဝိုင်းကလည်း ပိုတောင့်တင်းတယ်။ သူ့မှာ ဘယ်လိုနောက်ခံမျိုးရှိနေတာပါလိမ့်"
"ခံစားလို့ကောင်းနေသရွေ့ သူ့မှာ ဘယ်လိုနောက်ခံမျိုးရှိလဲဆိုတာ ဘယ်သူကဂရုစိုက်နေမှာလဲ"
"ဟားဟားဟား ဟုတ်တယ်ဟေ့။ အခုလေးတင် ရုရှားအိုကြီးတွေက သူတို့ကိုယ်သူတို့ အတော်ဆုံးလို့ ထင်နေကြတာ။ အခုတော့ကြည့်စမ်းပါဦး။ သူ့မျက်နှာမှာ နာကျင်ရိပ်တွေ ထင်းလို့"
"အရမ်းစိတ်ကျေနပ်တာပဲ။ တကယ်စိတ်ကျေနပ်ဖို့ကောင်းတယ်"
"ထွက်သွားလိုက်တော့။ အထုပ်အပိုးပြင်ပြီး လစ်လိုက်တော့"
"ကူစူးက ခင်ဗျားတို့ကိုမကြိုဆိုဘူး။ ဟွာရှားကလည်း ခင်ဗျားတို့ကို မကြိုဆိုဘူး"
"ဒီပြပွဲက မဖြစ်စလောက်လေးပါကွာ။ မကြည့်ရတော့လည်း ဘယ်သူမှဂရုမစိုက်ဘူး"
"ဟုတ်ပါ့။ ခင်ဗျားတို့ပန်းချီလက်ရာကမှ အကောင်းဆုံးလို့ လာသတ်မှတ်ပြနေတယ်ပေါ့"
"ဟေး.. ခင်ဗျားကြားလား။ ခင်ဗျားတို့ပစ္စည်းတွေကို မြန်မြန်ထုပ်ပိုးပြီး လစ်လိုက်တော့။ ခင်ဗျားတို့ရဲ့ လက်ရာမြောက်ပန်းချီကားတွေကိုလည်း ပြန်သယ်သွားလိုက်"
ကျန်းမုန့်လောင်က အေးတိအေးစက်ပြောလိုက်လေသည်။
"နောက်တစ်ခါ ဟွာရှားနိုင်ငံသားတွေနဲ့ ဟွာရှားယဉ်ကျေးမှုကို ခင်ဗျားထပ်စော်ကားတာ ကျုပ်မကြားမိစေနဲ့။ ခင်ဗျားတို့ကို အပြည်ပြည်ဆိုင်ရာပြခန်းကြီးထဲကနေ မောင်းထုတ်ပစ်လိုက်နိုင်သလို ဒီထက်ပိုပြီးရိုင်းစိုင်းတဲ့အရာတွေလည်း လုပ်နိုင်တယ်"
"မစ္စတာကျန်း.. ဒီကိစ္စကို ထပ်ဆွေးနွေးကြည့်ရအောင်ပါ။ နားလည်မှုလွဲနေတာပါဗျာ"
ဘရုစ်ခမျာ စိုးရိမ်သောကရောက်သွားရလေသည်။
သူတို့သူဌေး၏ မျှော်မှန်းချက်ကို ကျော်လွန်၍ ပန်းချီကားအရေအတွက်ထောင်ဂဏန်းများစွာ ရောင်းချလိုက်နိုင်ပြီဖြစ်သော်ငြား ဤကမ္ဘာလှည့်ပန်းချီလက်ရာပြပွဲမှာ ပန်းချီကားရောင်းရရေးကိုသာ ရှေးရှုခြင်းမဟုတ်။ ဘရန်းသက်ရောက်မှုနှင့် ယဉ်ကျေးမှုလွှမ်းမိုးခြင်းတို့က ပိုက်ဆံထက် ပိုအရေးပါသောအရာများပင်။
သူတို့သာ ဤနေရာမှာ လမ်းကြောင်းပိတ်ဆို့ခံလိုက်ရပါက သူတို့၏သူဌေးကို ဘယ်လိုသွားရှင်းပြရလေမလဲ။ ဟွာရှားက ကြီးမားလှသောဈေးကွက်ကြီးတစ်ခုပင်။ ဤအချက်အတွက် ပန်းချီကားရောင်းရသည့် အရေအတွက်က သက်သေပင်။ ဟွာရှားက သူတို့၏အဓိကနယ်မြေတစ်ခုလည်း ဖြစ်၏။
"ပြန်ချင်ရင်လည်း ပြန်ကြပေါ့"
အပေါ်ယံမျက်နှာဖုံးကား ကွာကျသွားပြီးဖြစ်လေရာ ကလာ့ခ်ကလည်း အောက်ကျို့နေဖို့ မလိုတော့ပေ။
"ခင်ဗျားတို့ဟွာရှားလူမျိုးတွေက အနုပညာကိုလည်း နားမလည်သလို အသိအမှတ်လည်း မပြုတတ်ဘူးပဲ။ ကျုပ်တို့ကို ဒီမှာပြခန်းဖွင့်ခွင့်မပေးလည်း ပြခန်းဖွင့်ဖို့ဆိုပြီး ကျုပ်တို့ကို လာတောင်းပန်ထားတဲ့နိုင်ငံတွေမှ အများကြီး"
"ငတုံး"
သူ၏နုံအမှုနှင့် မသိနားမလည်မှုတို့ကြောင့် ကျန်းမုန့်လောင်ခမျာ ရယ်ရအခက် ငိုရအခက်ပင်။
"ကြည့်ရတာတော့ ခင်ဗျားတို့ အခုထိမသိရသေးတဲ့ပုံပဲ။ ခင်ဗျားတို့ ဟွာရှားတစ်နိုင်ငံတည်းမှာပဲ ပြပွဲကျင်းပလို့မရတော့တာလို့ ထင်နေတာလား"
"မစ္စတာကျန်း.. အဲ့ဒါက ဘာအဓိပ္ပာယ်လဲ"
ဘရုစ်ခမျာ စတင်ကြောက်လန့်လာလေပြီဖြစ်၏။
"သူ့ကိုမေးကြည့်လိုက်လေ"
ကျန်းမုန့်လောင်က ယခုလေးတင် သတင်းလာပို့သော ဝန်ထမ်းလေးကို လက်ညှိုးထိုးပြလိုက်သည်။
"မင်း မပြောရသေးတဲ့ကိစ္စတစ်ခုခုရှိလား"
ဘရုစ်က အင်တိုက်အားတိုက် မေးလိုက်၏။
"မန်နေဂျာ... ဟွာရှားမှာရှိတဲ့ အပြည်ပြည်ဆိုင်ရာပြခန်းစင်တာတင်မကဘူး။ ကျွန်တော်တို့ရဲ့ ခရီးစဉ်တစ်လျှောက် လက်တွဲထားတဲ့ ပါတနာအားလုံးကပါ ပူးပေါင်းဆောင်ရွက်မှုကို ဖျက်သိမ်းလိုက်တာပါ။ ပြီးတော့ လျော်ကြေးငွေတွေကိုလည်း ကျွန်တော်တို့အကောင့်ထဲ လွှဲပြီးပါပြီ"
"ဘာ"
ထိုမြို့တော်များက ဤကမ္ဘာလှည့်ပန်းချီပြပွဲကို သူတို့နယ်မြေမှာ ခင်းကျင်းပြသနိုင်ရန်အတွက် အလွန်စိတ်အားထက်သန်နေကြသည်ဖြစ်ရာ အခကြေးငွေပင် လုံးဝတောင်းမထားခဲ့ပေ။
သို့ဖြစ်လေရာ လျော်ကြေးကလည်း သိပ်မများလှပေ။ အကြောင်းမှာ ဤပါတနာများက ပူးပေါင်းမှုကို ဖျက်သိမ်းသွားလိမ့်မည်ဟု သူတို့ လုံးဝထင်မထားခဲ့သောကြောင့်ပင်။
ဤလျော်ကြေးငွေပမာဏနည်းနည်းလေးက သူတို့၏ဆုံးရှုံးမှုနှင့် ယှဉ်ကြည့်လိုက်လျှင် ရေပုံးတစ်ပုံးထဲက ရေတစ်စက်သာသာပင်။
ဤကိစ္စ၏နောက်ကွယ်ရှိ ကြိုးကိုင်သူမှာ ကျန်းမုန့်လောင်ဖြစ်ကြောင်း လူတိုင်း အတပ်သိကြသည်။ သူက သူတို့အား ဘယ်နိုင်ငံမှာမှ ပန်းချီပြခန်းဖွင့်မရအောင် လုပ်ပစ်မည်ဟု ယခုလေးတင် ပြောထားသည်။
ဘရုစ်ခမျာ ဆက်လက်ကြိုးစားကြည့်ရန် ဟန်ပြင်နေဆဲမှာပင် သူ့ဖုန်းက ထမြည်လာ၏။
"သူ..သူဌေး"
ဘရုစ်က ဖုန်းနံပါတ်ကိုမြင်သွားသောအခါ အသက်ရှူသံများပင် ရပ်တန့်သွားရလေသည်။
"ငါတို့ရဲ့ပါတနာတွေအားလုံးက ငါတို့နဲ့ပူးပေါင်းထားတာကို ဖျက်သိမ်းလိုက်ပြီလို့ အခုလေးတင် ငါ သိလိုက်ရတယ်။ ဘာတွေဖြစ်နေတာလဲ။ မင်း ဟွာရှားမှာ ဘာလုပ်လိုက်တာလဲ"
ဖုန်းတစ်ဖက်ရှိ အသံက သူ့ကို မေးခွန်းများဖြင့် တိုက်ခိုက်လာလေသည်။
"သူဌေး.. အဲ့ဒီငတုံးကလာ့ခ်က ပြဿနာရှာလိုက်တာပါ"
ဌာနချုပ်က ယခု သူနှင့် စာရင်းရှင်းဖို့ ကြိုးစားလာပြီဖြစ်ရာ သူ ပထမဆုံးတွေးမိသည့် အတွေးကား သူ့မှာ အပြစ်ကင်းကြောင်း အရင်ဦးစွာသက်သေပြရန်ဖြစ်၏။ ယခုလိုကိစ္စကြီးတစ်ခုကို အထက်လူကြီးများ မရိပ်မိဘဲ မနေပေ။
"ဒီတော့ ပြဿနာက မင်းတို့ဘက်ကဖြစ်တာ အမှန်ပဲကိုး။ ဘာတွေဖြစ်ခဲ့တာလဲ"
"သူဌေး.. ဖြစ်ပုံကတော့ ဒီလိုပါ..."
ဘရုစ်က ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို ပြန်ပြောပြလိုက်သည်။
"အဲ့ဒီကောင်ရဲ့ဦးနှောက်ထဲမှာ ချီးတွေပြည့်နေတာလား"
အော်ဟစ်ဟိန်းဟောက်သံက ကျယ်လောင်လွန်းလှ၍ ခန်းမထဲရှိလူတိုင်း ကြားနိုင်လေသည်။
"ဥက္ကဋ္ဌ ကျွန်တော်တို့ အခုဘာလုပ်ကြမလဲ"
"အဲ့ဒီလူငယ်လေးကို ဖုန်းပေးလိုက်။ ပြီးရင် နိုင်ငံတကာဗီဒီယိုကောဖွင့်ထား။ ငါ သူနဲ့ ကိုယ်တိုင်ပြောလိုက်မယ်"
မိုဆန်တစ်ယောက် ဒေါသတကြီးဖြစ်နေလေသည်။
"မစ္စတာကျန်း... ကျွန်တော်တို့သူဌေးက ခင်ဗျားနဲ့စကားပြောချင်လို့တဲ့။ ခင်ဗျား..."
"ရတယ်လေ။ ပြောတာပေါ့။ သူဘာပြောမလဲဆိုတာ ကျုပ်လည်း သိချင်သေးတယ်"
ကျန်းမုန့်လောင်က လက်ပိုက်လျက် အစီအစဉ်တစ်ခုကို ကြည့်ရှုနေသည့်အလား ကြည့်လိုက်၏။
ဗီဒီယိုကောထဲတွင် ဆံပင်ဖြူပြီး ဆံသားပါးနေသော်လည်း ကောင်းစွာထိန်းသိမ်းထားသဖြင့် ထိပ်ပြောင်ခြင်းမရှိသည့် အနည်းငယ်အဝလွန်နေသော အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ယောက် ရှိနေလေသည်။
ကျန်းမုန့်လောင်ကို မြင်လိုက်ရသည့်အခိုက်အတန့်ဝယ် မိုဆန် ကြက်သေသေသွားရသည်။
သူ့စိတ်ထဲတွင်မူ လွန်ခဲ့သည့်နှစ်နှစ်ဆယ်ကျော်က သူ့ကို အလွန်ထိတ်လန့်စေခဲ့သော ဟွာရှားက လူငယ်လေး၏မျက်နှာကို ပြန်အမှတ်ရလိုက်သည်။
ထိုမျက်နှာကား ကျန်းမုန့်လောင်၏မျက်နှာနှင့် ရှစ်ဆယ်ရာခိုင်နှုန်းမှ ကိုးဆယ်ရာခိုင်နှုန်းအထိ ဆင်တူနေချေသည်။
"သူတို့က ချွတ်စွပ်တူနေတာပဲ..တိုက်ဆိုင်တာများလား"
မိုဆန်၏ခေါင်းထဲဝယ် ရဲတင်းလှသောအတွေးတစ်ခု ပေါ်ပေါက်လာသည်။ ဤလူငယ်လေးက ထိုဟွာရှားအမျိုးသားငယ်၏မျိုးဆက်များ ဖြစ်နေလေမလား။
"ဘာကိုတိုက်ဆိုင်တာလဲ"
ကျန်းမုန့်လောင်လည်း ပဟေဠိဖြစ်သွားရသည်။
"ခင်ဗျားက ဘယ်သူလဲ။ သူတို့ရဲ့သူဌေးလား"
"ကျွန်တော်က Cherylအုပ်စုရဲ့ မိုဆန်ပါ။ ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ ဆရာ"
"ကျွန်တော့်မျိုးရိုးနာမည်က ကျန်းပါ"
ကျန်းမုန့်လောင်က ရဲရင့်ပြတ်သားစွာ ပြောလိုက်သည်။
"ကျန်း"
ထိုလူငယ်လေး၏ မျိုးရိုးနာမည်ကလည်း ကျန်းဖြစ်ကြောင်း အမှတ်ရလိုက်သည့်အတွက် မိုဆန် နှလုံးခုန်မြန်သွားရသည်။
တူညီသောရုပ်အဆင်း၊ တူညီသော ကြွယ်ဝချမ်းသာမှုနှင့် အင်အာတောင့်တင်းလှသော မိသားစုကြီးကိုပင် အမိန့်ပေးနိုင်စွမ်းရှိခြင်းတို့ကြောင့် ထိုပုဂ္ဂိုလ်ပင်ဖြစ်ရမည်။
"ကျွန်တော်တောင်းပန်ပါတယ် မစ္စတာကျန်း.. ဒီဖြစ်ရပ်ရဲ့အကြောင်းအရင်းနဲ့ ဖြစ်စဉ်ကို ကျွန်တော်သိထားပြီးပါပြီ။ ကျွန်တော့်ဝန်ထမ်းရဲ့ ရိုင်းပျမှုအတွက် တောင်းပန်ပါတယ်"
မိုဆန်က သတိကြီးကြီးထား၍ ပြောလိုက်သည်။
"ဒီလူက ဘာဖြစ်နေတာလဲ။ ငါ့ပုံစံက ခြိမ်းခြောက်နေတဲ့ပုံပေါက်လို့လား"
မိုဆန်က သူ့ကို မည်မျှအထိကြောက်လန့်နေကြောင်း သတိထားမိသည့်အတွက် ကျန်းမုန့်လောင်ကလည်း သူ့ဘေးရှိ လုရီယောင်ကို ပြောလိုက်လေသည်။
"ခြိမ်းခြောက်မခြောက်တော့မသိဘူး။ နည်းနည်းတော့ မိုက်မဲတာပဲ"
လုရီယောင်ကလည်း နောက်ပြောင်လိုက်သည်။
"ဟေး.. ကျွန်တော်က ကျိုးကြောင်းဆီလျော်တဲ့လူတစ်ယောက်ပါ။ ဒါက ခင်ဗျားအမှားမှမဟုတ်တာ။ ခင်ဗျား တောင်းပန်ဖို့မလိုပါဘူး။ ကျွန်တော်က သူ့ကို ကျွန်တော်တို့ဟွာရှားလူမျိုးတွေနဲ့ ဟွာရှားယဉ်ကျေးမှုကိုပဲ တောင်းပန်စေချင်တာ"
"မစ္စတာကျန်း.. စိတ်ချပါ။ ကျွန်တော် သေချာကိုင်တွယ်လိုက်ပါ့မယ်။ ကျေးဇူးပြုပြီး ဘရုစ်ဆီကို ဖုန်းလွှဲပေးလိုက်ပါ"
မိုဆန်က ပြောလိုက်လေသည်။
"ကောင်းပြီလေ။ ကျွန်တော် ခင်ဗျားကို ဒီကိစ္စကိုကိုင်တွယ်ခွင့်ပေးလိုက်မယ်"
ကျန်းမုန့်လောင်က ပြန်ပြောလိုက်၏။
ဘရုစ်က ဖုန်းပြန်ယူသွားပြီး မိုဆန်နှင့် စိတ်လှုပ်ရှားစွာ စကားပြောနေလေတော့သည်။ မိနစ်အနည်းငယ်ကြာသောအခါ ဖုန်းချလိုက်သည်။
ထို့နောက် သူ့သူဌေးပင် ကြောက်ရသော လူတစ်ယောက်ကို စော်ကားမိခဲ့လေကြောင်း သိသွားပြီး ဖြူဖပ်ဖြူရော်ဖြစ်နေလေသော ကလာ့ခ်ဆီသို့ သူ လျှောက်လာလိုက်သည်။
"ဘရုစ်.. ဘရုစ် သူဌေးက ဘာတဲ့လဲ"
"သူဌေးကပြောတယ်။ ဒီနေ့ကစပြီး မင်း ဒီပရောဂျက်အဖွဲ့မှာ နေစရာမလိုတော့ဘူးတဲ့"
ဘရုစ်က ဆက်ပြောလာသည်။
"ငါတို့ကုမ္ပဏီက အာဖရိကမှာ ကျောက်မီးသွေးတွင်းတစ်ခု ဝယ်ထားတယ်။ မနက်ဖြန်ကစပြီး မင်း အဲ့ဒီမှာမိုင်းတွင်းသွားတူးပေတော့"
"ကျောက်မီးသွေးတွင်းတူးရမှာလား"
သူ့သူဌေးက ဤမျှအထိ ရက်စက်လိမ့်မည်ဟု ကလာ့ခ်ထင်မထားချေ။ ကျောက်မီးသွေးတွင်းအလုပ်ဆိုသည်မှာ သူ အထင်သေးလေ့ရှိသော အလုပ်သမားများ အထူးသဖြင့် အာဖရိကလူမျိုးများ အလုပ်လုပ်သည့်နေရာဖြစ်သည်။
"အဲ့ဒါတင်မကဘူး"
ဘရုစ်က ဆက်ပြောလိုက်သည်။
"ဟွာရှားယဉ်ကျေးမှုက မင်းထင်ထားတာထက် ပိုနက်ရှိုင်းပြီး တန်ဖိုးရှိတယ်။ မင်း အဲ့ဒါကိုနားမလည်တာတော့ နှမြောစရာပဲ။ ဒီနေ့ကစပြီး မင်း နေ့တိုင်း ဟွာရှားဂန္တဝင်စာပေတစ်ပိုဒ်စီ ရွတ်ပြရမယ်။ တစ်ကြောင်းမေ့သွားတိုင်း ကျောက်မီးသွေးတွင်းမှာ တစ်ရက်ပိုပြီး အလုပ်လုပ်ရမှာပဲ။ ဟွာရှားယဉ်ကျေးမှုအကြောင်း မင်း ကျွမ်းကျွမ်းကျင်ကျင်သိသွားမှ ပြန်လာလို့ရမယ်"
"ဟွာရှားဂန္တဝင်စာပေတွေကို ရွတ်ပြရမှာလား။ ငါ..ငါမှ ဟွာရှားစာလုံးတွေကို မမှတ်မိတာ"
ဘရုစ်က အေးစက်စွာ ပြောလိုက်သည်။
"အဲ့ဒါ မင်းပြဿနာလေ။ ငါနဲ့မှမဆိုင်တာ။ ငါက သူဌေးရဲ့အမိန့်ကို ပြန်ပြောပြရုံပဲ"
"ချက်"
ကလာ့ခ်ခမျာ ရှိသမျှခွန်အားအကုန်လုံး ယုတ်လျော့သွားရသည့်အလား ကြမ်းပြင်ပေါ်သို့ ယိုင်လဲသွားလေတော့သည်။
……..