← Chapters

ကျွန်တော် ပန်းချီပြပွဲတစ်ခု စီစဉ်ပေးပါ့မယ်

Vol. 6 Ch. 76

ကျွန်တော် ပန်းချီပြပွဲတစ်ခု စီစဉ်ပေးပါ့မယ်

Vol. 6 Ch. 76

စိတ်အစဉ်ပြိုလဲလုမတတ်ဖြစ်နေသော ကလာ့ခ်ကို သူ့လုပ်ဖော်ကိုင်ဖက်များက ဆွဲခေါ်သွားကြသည်။ ကျန်းမုန့်လောင်၏ တောင်းဆိုချက်အတိုင်း ပန်းချီပြခန်းကလည်း ဖယ်ရှားခံလိုက်ရပြီဖြစ်၏။ ဝန်ထမ်းများအားလုံးမှာ ပန်းချီကားများကို စတင်သိမ်းဆည်းနေကြသည်။ ဆူဆူညံညံလှုပ်ရှားသက်ဝင်နေခဲ့သော ပြခန်းကြီးဟာ ရုတ်တရက်တိတ်ဆိတ်သွားလေတော့သည်။

တကယ်တမ်းတွင်မူ ခန်းမထဲရှိလူများက မပြန်ကြသေးပေ။ ဟွာရှား၏ယဉ်ကျေးမှုက စင်စစ်ထူးခြားလေးနက်ပြီး နက်ရှိုင်းကျယ်ပြန့်သော်လည်း ဥရောပတိုက်၏ဂရိခေတ်ကာလအတွင်းမှာ တီထွင်ဖန်တီးနိုင်စွမ်းရှိသော ပန်းချီပညာရှင်အများအပြား ပေါ်ထွန်းခဲ့သည့်အချက်ကိုလည်း အသိအမှတ်ပြုရပေလိမ့်မည်။ ထိုခေတ်ကာလကတင်မကဘဲ အခြားခေတ်အခါတွင် ပေါ်ပေါက်ခဲ့သော ပန်းချီပညာရှင်များကလည်း အံ့ဖွယ်စွမ်းရည်များကို ပိုင်ဆိုင်ထားကြသည်သာ။

ဟွာရှားနှင့် ဥရောပပန်းချီကားများဟာ ဆွဲဟန်ကွဲပြားလှသည်။ လူတော်တော်များများအတွက်မူ သူတို့၏ပန်းချီလက်ရာများကို လေ့လာခြင်းက အဓိပ္ပာယ်ရှိလှသည့်အရာတစ်ခု ဖြစ်၏။ သူတို့အတွက်မူ ဤသည်မှာ ဟွာရှားယဉ်ကျေးမှုနှင့် ခံယူချက်တို့နှင့်မဆိုင်ပါဘဲ သူတို့၏နေထိုင်မှုပုံစံတစ်ရပ်ပင် ဖြစ်သည်။

"ဟား"

အနုပညာတက္ကသိုလ်မှ ပါမောက္ခတစ်ယောက်က နံရံထက်မှ ပန်းချီကားများကို ဖြုတ်ချနေသည့်မြင်ကွင်းကို မြင်ပြီး မချင့်မရဲဖြစ်ကာ သက်ပြင်းချလိုက်သည်။

သူ့အသက်အရွယ်ကား ကြီးရင့်နေလေပြီ။ လေယာဉ်စီးခြင်းက သူ့အတွက် စိတ်ချလုံခြုံသော ကိစ္စတစ်ရပ်မဟုတ်တော့ချေ။ ဤလက်ရာမြောက်ပန်းချီကားများကို ကြည့်ရှုနိုင်မည့် မျှော်လင့်ချက်လေးက သူ့အတွက် စည်းစိမ်တစ်မျိုးပင်။

အခက်အခဲပေါင်းစုံကြုံပြီးမှ အဆုံးမှာ ကူစူးမြို့တွင် ဤပန်းချီပြပွဲကို ကျင်းပခွင့်ရခဲ့သည်။ မူရင်းလက်ရာများကို မြင်တွေ့ခွင့်ရဖို့အတွက် သူ ခရီးရှည်ကြီးတစ်ခု နှင်ခဲ့ရသော်ငြား ယခုလိုအဖြစ်အပျက်မျိုးနှင့် ကြုံလိုက်ရလေသည်။

နိုင်ငံ့ဂုဏ်သိက္ခာက အရာအားလုံးထက် သာလွန်မြင့်မြတ်​​သည်ကို ငြင်းစရာမရှိသော်ငြား ဤပန်းချီလက်ရာများကို ကြည့်ခွင့်မရတော့ခြင်းက သူ့အတွက်တော့ ကြီးလှစွာသော နောင်တတစ်ခုဖြစ်ပြီး တစ်သက်မှာ တစ်ကြိမ်သာရလိုက်သော အခွင့်အရေးတစ်ခုလည်း ဖြစ်နေနိုင်သည်။

ထိုပါမောက္ခတစ်ဦးတည်းတင် မဟုတ်ပေ။ အခြားသူများလည်း ထိုနည်းတူပင်။ ဤပန်းချီပြပွဲ ပြီးဆုံးသွားခြင်းမှာ အလွန်နှမြောစရာကောင်းလှသည်။

တချို့လူများဆိုလျှင် ကျန်းမုန့်လောင်ကိုပင် စိတ်ထဲမှာကျိတ်၍ မကျေမနပ်ဖြစ်နေကြသေးသည်။ သို့သော် ကျန်းမုန့်လောင်ကလည်း နိုင်ငံ့ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာအတွက် လုပ်ဆောင်လိုက်ခြင်းဖြစ်လေရာ သူတို့အနေနှင့် သူ့ကို ဘယ်လိုစာရိတ္တပိုင်းဆိုင်ရာ ရပ်တည်ချက်နှင့်မှ ဝေဖန်၍မရနိုင်ပေ။

"ကျန်းမုန့်လောင်.. အကုန်လုံး စိတ်ပျက်လက်ပျက်ဖြစ်ကုန်ကြပြီ"

လုရီယောင်က ကျန်းမုန့်လောင်၏အင်္ကျီအနားစကို ဆောင့်ဆွဲလိုက်သည်။

"ဒီကိစ္စကို ဒီလောက်နဲ့ပဲရပ်လိုက်ပါတော့လား။ ကလာ့ခ်လည်း သူနဲ့တန်တဲ့အပြစ်ဒဏ်ကို ရလိုက်ပြီပဲ။ ပန်းချီပြပွဲကို အခုလိုမျိုးအဆုံးသတ်ပစ်လိုက်တာက လူတော်တော်များများကို စိတ်ပျက်သွားစေနိုင်တယ်နော်"

အမှန်အတိုင်းဆိုရပါလျှင် လုရီယောင်ကိုယ်တိုင်လည်း စိတ်ပျက်မိသည်။ သူတို့က ယခုမှရောက်လာကြခြင်းဖြစ်ပြီး ဘယ်ပန်းချီကားကိုမှ ကောင်းကောင်းမွန်မွန်မကြည့်ရသေးပေ။

"ငါ ဒီလောက်အထိမစဉ်းစားခဲ့မိဘူး"

ကျန်းမုန့်လောင်ကိုယ်တိုင်လည်း သူ့အမှားကို မငြင်းဆန်ပါချေ။ အင်တာနက်ပေါ်ရှိ ပွဲကြည့်ပရိသတ်များနည်းတူ သူသည်လည်း စိတ်လှုပ်ရှားပျော်ရွှင်နေခဲ့မိသည်။ အကြောင်းမှာ သူတို့က ဤပန်းချီပြခန်းနှင့်ပတ်သက်ပြီး ဘာစိတ်ဝင်စားမှုမှ မရှိသောကြောင့်ပင်။

သို့သော် ပန်းချီပညာကို လေ့လာလိုက်စားကြသူများအဖို့တော့ ဤသည်မှာ အ​ရေးကြီးလှသော အခွင့်အလမ်းတစ်ခုကို လက်လွှတ်ဆုံးရှုံးလိုက်ရခြင်းပင်။

"အာ.. သွားကြစို့။ ဒီလက်ရာတွေကို ငါတို့ ထပ်မြင်တွေ့ခွင့်ရဦးမလားဆိုတာ ဘယ်သူသိမှာတဲ့လဲ"

"Louvreပြတိုက်ထဲမှာထားတဲ့ ဒါဗင်ချီရဲ့မိုနာလီဆာပန်းချီကားကိုတောင် ငါ ကောင်းကောင်းမကြည့်ရသေးဘူး။ ဒီအခွင့်အ​ရေးကို လက်လွတ်သွားပြီဆိုတော့ ငါ့ဘဝမှာ အဲ့ဒီပန်းချီကားကို ထပ်တွေ့ရတော့မှာမဟုတ်ပါဘူး"

"နှမြောစရာပဲ။ နှမြောစရာပဲ"

"အတူပြန်ကြရအောင်"

...

အံ့သြဖို့ကောင်းစွာပင် ခန်းမထဲ၌ လေးပင်လှသောလေထုတစ်ခု ပေါ်ပေါက်လာသည်။

"အားလုံးပဲ... ခဏနေကြပါဦး"

ထိုအခိုက်ဝယ် ကျန်းမုန့်လောင်က ဘာသာပြန်တစ်ယောက်ဆီမှ မိုက်ခရိုဖုန်းကို ယူလိုက်သည်။

"မလောကြပါနဲ့ဦး"

ကျန်းမုန့်လောင်၏အသံကို ကြားလိုက်ရသောအခါ လူတိုင်းက နောက်လှည့်ကြည့်လာပြီး သူ့ကို နားလည်ရခက်လေဟန် အမူအရာများဖြင့် ကြည့်လာကြသည်။

သူက တခြားဘာလုပ်ချင်သေးလို့လဲ။

"ဒီနေ့ဖြစ်ပျက်သွားတဲ့ကိစ္စကြောင့် ခင်ဗျားတို့လာခဲ့ရတဲ့ခရီးစဉ်က အလဟဿဖြစ်သွားရလို့ ကျွန်တော် တကယ်စိတ်မကောင်းပါဘူး"

ကျန်းမုန့်လောင်က ဘွင်းဘွင်းရှင်းရှင်းဝန်ခံလိုက်သည်။

"ဒါပေမဲ့ ကျွန်တော် ပြောထားတဲ့အတိုင်း ကျွန်တော်တို့ဟွာရှားရဲ့ယဉ်ကျေးမှုက ထူးခြားလေးနက်ပြီး ကျယ်ပြန့်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့လက်ရာတွေကလည်း သူတို့ထက် အဆင့်မနိမ့်ပါဘူး။ ဒါကြောင့် ဒီနေ့ ကျွန်တော် ပန်းချီပြပွဲတစ်ခု ကျင်းပမယ်"

"ငါကြားလိုက်တာ မှန်ရဲ့လား။ သူက ပန်းချီပြပွဲကျင်းပမလို့တဲ့လား"

"သူ အခုဝယ်လိုက်တဲ့ ပန်းချီကားအချပ်လေးထောင်ကျော်နဲ့လား။ အဲ့ဒီပန်းချီကားတွေကလည်း ကောင်းတယ်ဆိုပေမဲ့ အရောင်းမဖွင့်ထားတဲ့ပန်းချီကားတွေနဲ့ ယှဉ်ကြည့်လိုက်ရင်တော့ တစ်ဆင့်နိမ့်နေတုန်းပဲလေ"

"သူစုဆောင်းထားတဲ့ ပြည်တွင်းပြည်ပပန်းချီကားစုစည်းမှုတွေဘာတွေရှိမယ်ထင်တာပဲ"

"သူ့မှာ ဘယ်လောက်အထိရှိနိုင်မှာမို့လို့လဲ။ ဒီပန်းချီပြခန်းရဲ့အတိုင်းအတာနဲ့ ယှဉ်ကြည့်မယ်ဆိုရင် အဆင့်က တော်တော်ကြီးကွာနေမှာတောင် စိုးမိတယ်"

"အခုလေးတင်ပဲ ဟွာရှားယဉ်ကျေးမှုကို ပြသချင်တယ်လို့ သူပြောလိုက်တယ်မလား။ သူ့မှာ တခြားပန်းချီကားတွေ ရှိတယ်ဆိုရင်တောင် ငါတို့နိုင်ငံရဲ့ရှေးဟောင်းပန်းချီကားတွေပဲ ဖြစ်ရမယ်"

"ငါတို့ဟွာရှားရဲ့ ရှေးဟောင်းပန်းချီကားတွေက မကောင်းဘူးလို့ ပြောတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ငါက အနောက်တိုင်းပန်းချီပညာကို သင်ထားတာဆိုတော့ ငါတို့နိုင်ငံရဲ့ပန်းချီကားတွေအကြောင်း နားမလည်ဘူး"

"ဟုတ်တယ်။ ငါလည်း ဗဟုသုတတိုးချင်ရုံသက်သက်ပဲ"

လာရောက်လည်ပတ်သူများက အချင်းချင်းပြောဆိုနေကြသည်။ ပန်းချီပြပွဲကျင်းပနိုင်လောက်သည့် ကျန်းမုန့်လောင်၏အရည်အချင်းကို သူတို့သံသယမရှိသော်ငြား ဤနိုင်ငံတကာပန်းချီပြခန်း၏ ကြီးကျယ်ခမ်းနားမှုနှင့် တန်ဖိုးကြီးမှုတို့ဖြင့် နှိုင်းယှဉ်လိုက်ပါက တကယ်တမ်းမီနိုင်မည်တဲ့လား။

"သူတို့မှာပဲ ပန်းချီကားတွေရှိတယ်လို့ ခင်ဗျားတို့တွေ ထင်နေကြတာလား"

လူအများ ဘာကိုစိတ်ပျက်နေကြသလဲဆိုသည်ကို သိထားသည့်အတွက် ကျန်းမုန့်လောင်က ရယ်လိုက်မိသည်။

"ကျွန်တော် ခင်ဗျားတို့အားလုံးကို အတပ်ပြောနိုင်တယ်။ ကျွန်တော်စုဆောင်းထားတဲ့ ပန်းချီကားတွေက ဒီပြခန်းထက် ဆယ်ဆပိုသာတယ်။ ပြီးတော့ မိုနာလီဆာပန်းချီကားရဲ့အရည်အသွေးကို လိုက်မီတဲ့ပန်းချီကားတွေအများကြီးကိုတောင် ထုတ်ပြနိုင်တယ်"

"အဲဒီပန်းချီကားတွေကို သယ်လာဖို့အတွက် ကျွန်တော့်လူတွေကို သတင်းပါးပြီးသွားပါပြီ။ နှစ်နာရီပဲအချိန်ပေးပါ။ ပြီးတော့ တောင်းပန်တဲ့အနေနဲ့ ကျွန်တော် လူတိုင်းကို နေ့လယ်စာဝယ်ကျွေးပါ့မယ်"

ကျန်းမုန့်လောင်က အရာအားလုံးကို စီစဉ်ထားပြီးဖြစ်၏။ ပန်းချီကားများကလည်း သူ့မိသားစုကိုယ်ပိုင်ဂျက်လေယာဉ်၏အကူအညီဖြင့် ကျန်းနန်မြို့မှ ကူစူးမြို့သို့ လေယာဉ်ဖြင့် တင်ပို့လိုက်ပြီဖြစ်သည်။ အချိန်ကလည်း တစ်နာရီနှစ်နာရီမျှသာ ကြာမြင့်မည်သာ။

"တကယ်ကြီးလား"

"သူ သက်သက်ကြွားနေတာတော့မဟုတ်ပါဘူးနော်"

"ဒီနေ့ ဘာမှလည်းလုပ်စရာမရှိဘူးဆိုတော့ ဒီမှာပဲဆက်စောင့်ပြီး ကြည့်ကြည့်တာပေါ့"

"ဟုတ်တယ်။ နေ့လယ်စာလည်း အလကားစားရမှာဆိုတော့ နစ်နာစရာမရှိပါဘူး"

"ကျန်းမုန့်လောင်က အရင်တုန်းက တစ်ယောက်ယောက်ကိုများ စိတ်ပျက်ရအောင် လုပ်ဖူးလို့လား"

အစောပိုင်းရက်အနည်းငယ်တုန်းက ဖြစ်ပျက်ခဲ့သည့် အုတ်အော်သောင်းတင်းကိစ္စကြောင့်ထင့်၊ လူတိုင်းဟာ ကျန်းမုန့်လောင်ကို တစ်စွန်းတစ်စမျှော်လင့်ထားကြသည်။ အရေးကြီးသွားစရာလာစရာရှိသူများကလွဲ၍ ကျန်လူအားလုံးက ဤနေရာမှာ နေရစ်ခဲ့ကြသည်။

...

ခပ်မြန်မြန်ပင် နေ့လယ်ခင်းအချိန်သို့ရောက်ရှိလာပြီး နေ့လယ်စာစားချိန် နီးကပ်လာလေသည်။ တော်တော်များများကတော့ ကျန်းမုန့်လောင် နေ့လယ်စာစီစဉ်ထားသည်ဟု ကြေညာထားသည့်ကြားက စားဖို့သောက်ဖို့ နေရာရှာရန်အတွက် ခန်းမထဲမှ ခဏထွက်သွားကြသည်။ သို့သော် ဤမျှအထိများပြားလှသော လူတွေအတွက်ဆိုလျှင် အစားအသောက်များကို အော်ဒါမှာလိုက်တာပဲဖြစ်မည်မဟုတ်လား။

"ဘာအနံ့လဲ။ မွှေးနေတာပဲ"

ထိုအခိုက်မှာပင် မွှေးကြိုင်လှသောရနံ့တစ်ခု ထွက်ပေါ်လာသည်။

"ဟုတ်တယ်။ ငါလည်းအနံ့ရတယ်။ ဇီရာစေ့အနံ့လိုပဲ"

"ပြီးတော့ ဆေးဖက်ဝင်အရွက်နံ့ရောရတယ်"

"ကြည့်လိုက်ကြဦး။ ရုတ်တရက်ကြီး အပြင်မှာ ကားတွေအများကြီးရောက်နေတယ်"

"ဟမ်.. ထူးဆန်းတဲ့ ဒီကားတွေက ဘာတွေလဲဟ။ အစားအသောက်ထရပ်ကားကြီးတွေလား"

"ခဏနေဦး။ ထရပ်ကားတွေပေါ်က လိုဂိုကိုကြည့်လိုက်"

"အဲ့ဒါက နိုမာစားသောက်ဆိုင်ရဲ့လိုဂိုမလား။ အဲ့ဒီစားသောက်ဆိုင်မှာ လူတစ်ယောက်ကို ပျမ်းမျှအမေရိကန်ဒေါ်လာနှစ်ထောင်ပေးရတယ်လို့ ငါကြားဖူးတယ်။ အဲ့ဒီမှာစားနိုင်တဲ့လူက တကယ်ချမ်းသာလို့ပဲ"

"ပြီးတော့ မိုဒီနာစားသောက်ဆိုင်ရဲ့လိုဂိုလည်းရှိတယ်။ အဲ့ဒါက အကောင်းဆုံးအနောက်တိုင်းစားသောက်ဆိုင်ဘရန်းတွေထဲက တစ်ခုပဲ။ ငါ အဲ့ဒါကို မီရှယ်လင်းမဂ္ဂဇင်းထဲမှာပဲ မြင်ဖူးတာ"

"ဘစ်ကောင်းဟင်းလျာတွေရောပဲ။ အဲ့ဒါက ဂျပန်အစားအသောက်လောကမှာ ထိပ်ဆုံးဆယ်ခုစာရင်းဝင်ဘရန်းနော်"

"ဘုရားရေ.. ကမ္ဘာ့အဆင့်မီစားသောက်ဆိုင်တွေရဲ့ လိုဂိုတွေချည်းပဲဟ။ ဘာတွေဖြစ်နေတာပါလိမ့်"

မကြာမီတွင် အပြည်ပြည်ဆိုင်ရာပြခန်းစင်တာကြီးရှေ့ရှိ ကျယ်ဝန်းလှသောပလာဇာကြီးမှာ အစားအသောက်ထရပ်ကားများနှင့် ပြည့်နှက်သွားလေသည်။ ဤစားသောက်ဆိုင်များမှ အစားအသောက်များက ပုံမှန်အားဖြင့်ဆိုလျှင် ပါဆယ်မှာစား၍မရနိုင်ပေ။ ဤထရပ်ကားများမှာ အရေးပါဆုံးသောဧည့်သည်များအတွက် သီးသန့်ပင်။

သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ခန်းမထဲသို့ ကပျာကယာပြေးဝင်လာပြီး ကျန်းမုန့်လောင်အနားသို့ ချဉ်းကပ်လိုက်သည်။

"မစ္စတာကျန်း..ခင်ဗျားမှာထားတဲ့ပါဆယ်တွေကို စီစဉ်ပြီးသွားပါပြီ"

"ကျေးဇူးတင်ပါတယ်"

ကျန်းမုန့်လောင်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"လူကြီးမင်းများနဲ့ အမျိုးသမီးတို့...ကျွန်တော် လူတိုင်းအတွက် အစားအသောက်ထရပ်ကားနဲ့ ပါဆယ်မှာပေးထားပါတယ်။ ကျေးဇူးပြုပြီး စိတ်တော့မရှိပါနဲ့။ အရသာဘယ်လိုနေမလဲဆိုတာတော့ ကျွန်တော် အာမမခံနိုင်ပါဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ အလျှံပယ်ရှိပါတယ်"

"ကျန်းမုန့်လောင်ပြောတဲ့နေ့လယ်စာက ဒါလား"

"ထရပ်ကားတွေနဲ့ပါဆယ်မှာတာ.. ငါ့အမေက ငါဘာလို့ဒူးထောက်နေတာလဲလို့ မေးနေတယ်"

"သေလိုက်ပါတော့ ပျမ်းမျှတန်ဖိုးဒေါ်လာထောင်ဂဏန်းပေးရတဲ့ ကမ္ဘာ့အဆင့်မီစားသောက်ဆိုင်က စားစရာတွေတဲ့လား။ ငါ့တစ်သက် အဲ့ဒါမျိုး တစ်ခါမှမစားဖူးဘူး"

"ပြီးတော့ အလျှံပယ်ပဲတဲ့။ ဒေါ်လာထောင်ဂဏန်းပေးရတယ်ဆိုရင်တောင် အရသာက ဆန်းသစ်နေရုံလေးပဲရှိမှာမလား"

"ဟားဟားဟား.. အဲ့ဒီငတုံးတွေက သူတို့ဘာသာပဲ နေ့လယ်စာသွားစားမယ်လို့ ပြောသွားကြတာ။ ငါလိုက်မသွားမိတာ ကံကောင်းတာပဲ"

"အနံ့လေးက မွှေးနေတာပဲ။ ချမ်းသာရတာက တော်တော်ကောင်းတာပဲနော်"

"သေစမ်း။ မင်း ဘယ်ပြေးမလို့လဲ။ ဘယ်သူမှ မင်းနဲ့ ပြိုင်မလုပါဘူးကွ"

"လူယုတ်မာ"

"သောက်ကျိုးနည်းပဲဟေ့။ ငါ့ကိုမဆွဲနဲ့တော့။ ငါးဥဆားနယ်ပဲ။ ဒါက တစ်ဂရမ်ကို ဒေါ်လာဆယ်ဂဏန်းပေးရတယ်ဆိုပဲ။ ဒီမှာတော့ စည်ပိုင်းနဲ့အပြည့်ပဲဟေ့"

"ဒါက ဘယ်လိုဂဏန်းဘုရင်အမျိုးအစားကြီးလဲ"

"အဲ့ဒါက ​အီစိမ့်စိမ့်ချောကလက်အပျော့လား။ တကယ်လား"

"ငါ ဒါကို မဂ္ဂဇင်းထဲမှာမြင်ဖူးတယ်။ Serendipityစားသောက်ဆိုင်ကရောင်းတဲ့ သီးစုံရေခဲမုန့်လေ။ ငါမှတ်မိတာသာ မမှားဘူးဆိုရင် တစ်ခုကို အမေရိကန်ဒေါ်လာနှစ်သောင်းခွဲပေးရတယ်"

.......

All Chapters