ဒါကမှ ထိပ်တန်းပန်းချီပြခန်းလို့ခေါ်ထိုက်တာ
Vol. 6 Ch. 77
"ဘယ်လိုလဲ။ အရသာရှိတယ်မလား"
ကျန်းမုန့်လောင်က တလဲသီးဖျော်ရည်တစ်ခွက်ကို လုရီယောင်အား ပေးလိုက်သည်။
"အနည်းဆုံးတော့ နင်မှတ်မိသားပဲ"
လုရီယောင်က တလဲသီးဖျော်ရည်ခွက်ကို ယူလိုက်သည်။ ထူးခြားလှသော အရသာကြောင့် သူ(မ)၏မျက်တောင်လေးများပင် တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။
"ဒီတလဲသီးဖျော်ရည်က ဘယ်လိုလုပ်ထားတာလဲ။ ငါ ဒီလိုအရသာရှိတဲ့ တလဲသီးဖျော်ရည်မျိုး အရင်က တစ်ခါမှမသောက်ဖူးဘူး"
"ထူးခြားတဲ့နည်းစနစ်ရယ်လို့တော့ မရှိပါဘူး။ သဘာဝစစ်စစ်တလဲသီးဖျော်ရည်မို့လို့လေ"
ကျန်းမုန့်လောင်က ပြောပြလိုက်သည်။
"ဒါက အူရယ်တောင်တန်းက တလဲသီးလေ။ သူက အမြင့်ပိုင်းဒေသတွေမှာပဲပေါက်တာ။ ဒီတလဲသီးတွေကို ဒီမနက်ကမှ လေယာဉ်နဲ့ပို့ခိုင်းထားတာ"
"လေယာဉ်နဲ့သယ်တာလား။ တလဲသီးလေးနည်းနည်းနဲ့လေ"
ထိုအခိုက်အတန့်ဝယ် သူ(မ)သောက်နေသည်မှာ ဖျော်ရည်မဟုတ်ဘဲ ပိုက်ဆံများဖြစ်နေသည့်အလား လုရီယောင် ခံစားလိုက်ရသည်။ လေယာဉ်တင်ပို့ခကတင် တလဲသီးဈေးနှုန်းထက် အဆပေါင်းများစွာ ပိုသာနေပေလိမ့်မည်။
"ဘယ်သူ့အတွက်လဲဆိုတဲ့အပေါ် မူတည်တယ်လေ။ မင်းကြိုက်တဲ့အရာတစ်ခုဆိုရင် တောင်ဝင်ရိုးစွန်းရေခဲပြင်အောက်က သွားယူရမယ်ဆိုရင်တောင် ငါ မင်းအတွက် သွားတူးပေးနိုင်ပါတယ်"
"အရမ်းအထင်ကြီးဖို့ကောင်းတာပဲ"
လုရီယောင်က ကျန်းမုန့်လောင်၏ပခုံးကို စနောက်ကျီစယ်လိုဟန်ဖြင့် နှစ်ချက်မျှပုတ်လိုက်သည်။
"စကားမစပ် နင် ဒီနေ့လုပ်လိုက်တဲ့ကိစ္စက အထင်ကြီးဖို့ကောင်းတဲ့ပုံပေါက်ပေမဲ့ အဲ့ဒီဥရောပသားတွေဘက်က တော်တော်လေးအမြတ်ထွက်သွားတယ်လို့ မထင်ဘူးလား"
"ငါ ဒီပန်းချီကားတွေကိုဝယ်ဖို့အတွက် ၅၀၀ဘီလီယံသုံးလိုက်တာက ဒါတွေကို ဒီအတိုင်းထုပ်ပိုးထားဖို့လို့ထင်နေတာလား"
ကျန်းမုန့်လောင်က ခွန်းတုံ့ပြန်လိုက်သည်။
လုရီယောင်ကလည်း ခေါင်းညိတ်ပြလိုက်သည်။
"ဒီဒေါ်လာ၅၀၀ဘီလီယံက သုံးလိုက်ရတာ တန်တန်မတန်တန် နောက်ဆုံးကျတော့ ဒီပိုက်ဆံက ဥရောပသားတွေလက်ထဲကို ရောက်သွားတာလေ။ အဲ့ဒီပိုက်ဆံကို ငါတို့နိုင်ငံထဲမှာ ဆောက်လုပ်ရေးအတွက် သုံးလိုက်မယ်ဆိုရင် ဒီမှာရှိတဲ့လူတွေအတွက် ဘယ်လောက်တောင်အကူအညီဖြစ်လိုက်မလဲ"
"ငါ့ကို မာသာထရီဇာလို့တော့ လာမခေါ်နဲ့နော်"
လုရီယောင်က ကျန်းမုန့်လောင်ကို ပြတ်ပြတ်သားသားလက်ညှိုးထိုးပြလိုက်သည်။
"ဟားဟားဟား. ငါ ကျန်းမုန့်လောင်က အဲ့လိုနစ်နာမှုမျိုးကို အဖြစ်ခံလိမ့်မယ်လို့ထင်နေတာလား"
ကျန်းမုန့်လောင် ရယ်လိုက်လေသည်။
"အံ့သြဖို့တော့ကောင်းပေမဲ့ ဥရောပမှာရှိတဲ့ လုပ်ငန်းရှစ်ဆယ်ရာခိုင်နှုန်းလောက်က တိုက်ရိုက်ပဲဖြစ်ဖြစ် သွယ်ဝိုက်ပြီးတော့ပဲဖြစ်ဖြစ် ငါနဲ့ပတ်သက်နေတာ။ နိုင်ငံတော်တော်များများမှာရှိတဲ့ ဘဏ္ဍာရေးအမြတ်ငွေတွေကလည်း ငါ့အိတ်ကပ်ထဲကိုပဲ ဝင်လာနေတာ"
လုရီယောင်၏ အံ့သြမှင်တက်နေသော အမူအရာကိုကြည့်ရင်း ကျန်းမုန့်လောင် ဆက်ပြောလိုက်သည်။
"ဒီဒေါ်လာ၅၀၀ဘီလီယံကလည်း ငါ့ရဲ့ဘယ်ဘက်အိတ်ကပ်ထဲကနေ ညာဘက်အိတ်ကပ်ထဲကို ရွှေ့လိုက်သလိုပဲ။ ငါ အဲ့ဒီပိုက်ဆံကို အချိန်မရွေးပြန်ထုတ်လိုက်လို့ရတယ်"
"ဒါပေမဲ့ ဒါက..."
"ဒီလိုပြောရအောင်။ မင်း သူတို့ဆီကနေ နှစ်စဉ် ဒေါ်လာတစ်သန်းရနေတယ်ဆိုရင် သူတို့ကို မကြာမကြာ ဆယ်ဒေါ်လာလောက်ပေးရတာကို စိတ်ထဲ ငြိုငြင်မိမှာလား"
"ဒီဥပမာကြီးကြောင့် ငါ တော်တော်ဆွံ့အသွားပြီ"
အစတုန်းကမူ လုရီယောင် ထပ်ပြောချင်နေခဲ့ပါသော်ငြား ဤဥပမာကို ကြားပြီးနောက် အမေရိကန်ဒေါ်လာ၅၀၀ဘီလီယံမှာ ကျန်းမုန့်လောင်အတွက် ပမာဏနည်းနည်းလေးပင် ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ကြည့်ရသည်မှာ ဥရောပနိုင်ငံများမှ နှစ်စဉ်အမြတ်ငွေအမြောက်အများရနေပုံပင်။
ဤအမြတ်ငွေများ ဘယ်ကရောက်လာသလဲဆိုသည်ကိုမူ သူ(မ) အပြင်းအထန်းစဉ်းစားသည့်တိုင် အဖြေရှာမရပေ။
"ထားလိုက်ပါတော့။ နင်ပျော်နေသရွေ့ ငါ တိတ်တိတ်လေးနေပေးပါ့မယ်"
ပိုက်ဆံကိစ္စနှင့်ပတ်သက်ပြီး ကျန်းမုန့်လောင်နှင့် အချင်းများခြင်းမှာ ကိုယ့်ဒုက္ခကိုယ်ရှာနေခြင်းပင်။
...
ယနေ့ခေတ်လူငယ်များ အစားအသောက်စားလျှင် သူတို့မစားခင် သူတို့ထက်အရင်စားသည်မှာ သူတို့၏ဖုန်းများပင် ဖြစ်သည်။ ရာစုနှစ်တစ်ခုလုံးတွင် တစ်ခါသာဖြစ်ပေါ်နိုင်မည့် ဤဖြစ်ရပ်က ပို၍ပင်ထူးခြားသေးသည်။
ဤရင်ပြင်တွင် အနောက်တိုင်း၊ ဂျပန်နှင့် ဟွာရှားဟင်းလျာပေါင်းစုံစသဖြင့် ကမ္ဘာအနှံ့ရှိ ဟင်းလျာများ စုဝေးနေချေသည်။ အကုန်လုံးက ထိပ်တန်းအဆင့်စားသောက်ဆိုင်များသာ ဖြစ်၏။ ဤရင်ပြင်ကား အစားအသောက်တန်းတစ်ခုဖြစ်လုနီးနီးပင်။
သူငယ်ချင်းအသိုင်းအဝိုင်းများ၊ မိုက်ခရိုဘလော့ဂ်များနှင့် အမျိုးမျိုးသောပလက်ဖောင်းများတွင် ဗီဒီယိုများနှင့် ဓာတ်ပုံအမျိးမျိုး ပြုံတိုးနေလေတော့သည်။
"မင်းတို့ ယုံချင်မှယုံလိမ့်မယ်။ ဒါပေမဲ့ ဒီနေ့ ငါ ကျန်းမုန့်လောင်ကျွေးတဲ့ထမင်းတစ်နပ်ကို အလကားစားခဲ့ရတယ်"
"ဂဏန်းဘုရင်ကို ဗိုက်ပေါက်ထွက်မတတ်စားဖူးတာ ဒါ ပထမဆုံးပဲ။ ငါ မရတော့ဘူး"
"ဝူး.. ငါလည်း ဒီနေ့ ပန်းချီပြပွဲသွားမလို့ဟာကို။ ဒါတွေအကုန် ငါ့ကောင်လေးကြောင့်။ ငါ အခု သူ့ကို သွားရိုက်တော့မယ်"
"သောက်ကျိုးနည်း..ငါ အခုမှအထဲကိုရောက်တာ။ ဒီတစ်နပ်စာက ဈေးပေါတဲ့အစားအသောက်တချို့ဖြစ်လိမ့်မယ်လို့ပဲ ငါထင်ခဲ့မိတာ"
"အပေါ်ထပ်ရေ.. မင်းတို့က ဘော့စ်ကျန်းရဲ့ကြီးကျယ်မြင့်မြတ်မှုကို သံသယဝင်နေတာလား"
"မင်းရဲ့အကောင့်တော့ သွားပြီပဲ"
"ကိုယ့်လူ..ခပ်မြန်မြန်လေး လိုက်ခ်လုပ်ကြတော့။ ငါ အခုလေးတင် ငါ့ခေါင်းလောက်ရှိတဲ့ အုန်းသီးကို တစ်ချီတည်းမျိုချလိုက်တာ"
"ငါ့ကောင်ရေ..အလကားရတဲ့အစားအသောက်နဲ့ အစားအသောက်ရှိုးလုပ်နေတာပေါ့။ မင်းရဲ့အရှက်တရားတွေ ဘယ်ရောက်သွားပြီလဲ"
"ဒီနေ့ အစားအသောက်ရှိုးထုတ်လွှင့်သူ ဘယ်နှယောက်လောက်ကို ကျန်းမုန့်လောင် နေ့လယ်စာဝယ်ကျွေးခဲ့တာပါလိမ့်"
...
"ကျန်းမုန့်လောင်.. အရင်ကတော့ နင်က ပညာပြခဲ့တာ။ ဒါပေမဲ့ ဒီနေ့တော့ နင့်ကို ပြန်ပညာပြမဲ့လူတွေရောက်နေပြီ။ ကုန်းဆင်းဖို့အတွက် လူတွေအများကြီး ရောက်လာကြတာကို ကြည့်လိုက်ဦး။ နင် မွဲသွားမှာမကြောက်ဘူးလား"
"ဟားဟားဟား.. သူတို့ ပညာပြနိုင်တယ်ဆိုရင်လည်း အဲ့ဒါက သူတို့ရဲ့အရည်အချင်းပဲလေ။ အလွန်ဆုံးရှိလှ နည်းနည်းလောက်ပေါ့"
ကျန်းမုန့်လောင် ရယ်လိုက်လေသည်။
"အဲ့လိုပြောမှပဲ သတိရတယ်။ ငါတို့ ဒီညဘာစားမလဲဆိုတာ မြန်မြန်စဉ်းစားထားဦး။ ငါက ကုံရာသီဖွားဆိုတော့ ဘာစားမလဲဆိုတာမျိုးတွေ စဉ်းစားရတာကို မုန်းတယ်။ ရွေးချယ်ရတာကိုမုန်းတဲ့ရောဂါပဲဆိုပါတော့"
"ငါတို့ကျောင်းနားမှာ အသားကင်ဆိုင်တွေအများကြီးရှိတယ်။ အဲ့ဒါကတော့ ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုလို့ထင်တာပဲ"
"မင်းက မင်းရဲ့အဆောင်နေသူငယ်ချင်းတွေ အမြတ်ထွက်ဖို့ကိုပဲ တွေးနေတာလား"
ကျန်းမုန့်လောင်က စနောက်လိုက်လေသည်။
"မင်းက အခုထိ ငါ့ကောင်မလေးတောင်မဖြစ်သေးဘူးလေ။ ငါ့အတွက် ပိုက်ဆံစုပေးစရာမလိုပါဘူး"
"နောင်အနာဂတ်မှာလည်း ငါက နင့်ကောင်မလေးဖြစ်လာမှာမဟုတ်ပါဘူးနော်"
လုရီယောင်က ကျန်းမုန့်လောင်ကို မျက်နှာလွှဲလိုက်သော်လည်း သူ(မ)၏အမူအရာက သူ(မ)ကို ရှင်းရှင်းလင်းလင်းသစ္စာဖောက်သွားလေသည်။
"ဝီ ဝီ ဝီ"
တဝီဝီဆူညံသံတစ်ခုက ကောင်းကင်ထက်မှ ရုတ်ခြည်းထွက်ပေါ်လာသည်။
"ဟယ်လီကော်ပတာလား။ ဘာတွေဖြစ်နေတာလဲ"
"အတန်းလိုက်ကြီးပါလား။ ဒီနေ့ စစ်လေယာဉ်အဖွဲ့လိုက် မစ်ရှင်တစ်ခုခုရှိလို့လား"
"ဒီလောက်တောင်ကြီးတဲ့ ဟယ်လီကော်ပတာကြီးနဲ့လေ။ ဒါနဲ့ ပစ္စည်းသယ်တဲ့ ဟယ်လီကော်ပတာလား"
"ကျန်းမုန့်လောင် အွန်လိုင်းပေါ်ကို ပထမဆုံးအကြိမ်ပေါ်လာတုန်းကဖြစ်ရပ်ကို မင်းတို့ မှတ်မိကြသေးလား။ အဲ့ဒီဟယ်လီကော်ပတာကြောင့်ပေါ့"
"ဟားဟားဟား.. ဒီဟယ်လီကော်ပတာတွေကရော သူ့ဟာပဲလား"
"ဟားဟားဟား..ပေါက်ကရတွေ အခုဟာက အနည်းဆုံး ဟယ်လီကော်ပတာပေါင်းတစ်ဒါဇင်လောက်ရှိတယ်။ အဲ့ဒါက..နေဦး အဲ့ဒါက တကယ်ဖြစ်နိုင်လောက်တယ်လို့ ငါ ဘာလို့ခံစားမိနေပါလိမ့်"
"ယုံကြည်မှုရှိစမ်းပါ ကိုယ့်လူရ..ခံစားမိနေတယ်ဆိုတဲ့စကားကို ဖယ်ထုတ်ပစ်လိုက်"
တစ်နာရီကျော်ကြာပြီးနောက် စိတ်အာရုံကိုဖမ်းစားနေသော အစားအသောက်များကို စားသောက်ပြီး လူတိုင်း စိတ်ကျေနပ်သွားကြချိန်မှာ ရုတ်တရက်ပေါ်ပေါက်လာသော ဟယ်လီကော်ပတာယာဉ်တန်းကြီး လူတိုင်း၏အာရုံစူးစိုက်မှုကို ရုတ်ခြည်းဖမ်းစားလိုက်လေသည်။
"အဲ့ဒါက ဘယ်လိုဟယ်လီကော်ပတာမျိုးပါလိမ့်။ မြန်မြန် မော့ကြည့်လိုက်ကြစမ်း"
"ငါရှာတွေ့ပြီ။ အဲ့ဒါက အမေရိကန်ထုတ် CH-40Kဟယ်လီကော်ပတာပဲ။ လူထုရှေ့ကို ၂၀၁၄တုန်းကပဲ ပထမဆုံးတစ်ခေါက်ထွက်လာခဲ့ဖူးတာ"
"စုစုပေါင်း ဟယ်လီကော်ပတာ၂၄စင်းတဲ့လား။ သူတို့ စစ်ပွဲကိုချီတက်ကြမလို့လားဟ"
"ဟယ်လီကော်ပတာ၂၄စင်းတဲ့။ တိုက်ဆိုင်လိုက်တာ။ ငါ အခုလေးတင် ၂၀၁၈တုန်းက သတင်းဆောင်းပါးတစ်ပုဒ်ကို တွေ့ထားတာ။ ဒီလိုမော်ဒယ်ဟယ်လီကော်ပတာ၂၄စင်းကို ဆန်းကြယ်တဲ့လူချမ်းသာတစ်ယောက်က ဝယ်ယူသွားခဲ့ပြီး အဲ့ဒီကတည်းက အဲ့ဒီဟယ်လီကော်ပတာတွေကို မမြင်ရတော့ဘူးလို့ ရေးထားတယ်"
"အဲ့ဒီဆန်းကြယ်တဲ့လူချမ်းသာဆိုတာက ကျန်းမုန့်လောင်များလား"
"သူ့မိသားစုအကြီးအကဲတွေထဲက တစ်ယောက်လည်း ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ ဒီ၂၄စင်းကတော့ သူ့အပိုင်ဆိုတာ သေချာသလောက်ပဲ"
"သောက်ကျိုးနည်း..ဒါက ဘယ်လိုမိသားစုနောက်ခံမျိုးကြီးလဲ။ သူတို့က ဒီလိုအရာမျိုးတွေကိုတောင် ဘယ်လိုလုပ်ပြီး ဝယ်နိုင်ရတာလဲ"
"ပိုက်ဆံရှိရုံနဲ့တင် ကိုယ်ပိုင်ဟယ်လီကော်ပတာဝယ်လို့ရပြီလို့ ထင်နေတာလား။ ကိုယ်ပိုင်လေယာဉ်ကွင်းနဲ့ ကိုယ်ပိုင်လေယာဉ်လမ်းကြောင်း ရှိဖို့လည်း လိုသေးတယ်ကွ။ အဆက်အသွယ်ကောင်းတွေမရှိဘူးဆိုရင် ဒီကိစ္စကို မင်း စဉ်းတောင်မစဉ်းစားလေနဲ့"
"ဘေးဖယ်ကြ။ ဘေးဖယ်ကြ။ ဟယ်လီကော်ပတာတွေ ဆင်းတော့မယ်"
ယောက်ယက်ခတ်နေသည့် ဆူညံသံများကြားဝယ် ရင်ပြင်ဗဟိုနေရာကျယ်ကြီးတစ်ခုကား ရှင်းလင်းသွားလေသည်။ ကံကောင်းထောက်မစွာဖြင့် ရင်ပြင်မှာ ကျယ်ကျယ်ဝန်းဝန်းရှိလှသည်။ သို့မဟုတ်ပါက ဤမျှများပြားသော ဟယ်လီကော်ပတာများ ဆင်းသက်ဖို့ ဖြစ်နိုင်မည်မဟုတ်ပေ။ အထူးသဖြင့် CH-40Kဟယ်လီကော်ပတာက အကြီးဆုံးသော သယ်ပို့ရေးဟယ်လီကော်ပတာကြီးဖြစ်၏။
ဟယ်လီကော်ပတာတံခါးများက တစ်ခုပြီးတစ်ခု ပွင့်သွားကြပြီး ကောင်းစွာလေ့ကျင့်ပေးထားသော ယူနီဖောင်းဝတ်ပုဂ္ဂိုလ်များက ချက်ချင်းဆိုသလို ဟယ်လီကော်ပတာထဲမှ ထွက်လာသည်။ အထဲတွင်မူ မြောက်များလှစွာသော ဘူးများရှိနေချေသည်။ ထိုဘူးများမှာ ရှေးဟောင်းဆန်ပုံပေါ်ပြီး စုတ်ပြဲ၍ ဆွေးနေကာ တော်တော်လေးအိုဟောင်းနေဟန်တူ၏။
"သောက်ကျိုးနည်း..ဘာတွေဖြစ်နေတာလဲ။ နောက်တစ်အုပ်စု ထပ်ရောက်လာတာလား"
ဟယ်လီကော်ပတာကို အံ့ဩလို့မဆုံးဖြစ်နေချိန်မှာပင် အယောက်တစ်ရာလောက်ဆံ့သော ကားအစီးနှစ်ဆယ်က ယာဉ်တန်းကြီးတစ်စုအဖြစ် ပြခန်းခန်းမရှေ့ရှိ ရင်ပြင်ဆီသို့ မောင်းနှင်လာသည်။
"ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"
အနောက်တိုင်းဝတ်စုံဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်က ကားထဲမှဆင်းလာပြီး ရင်ပြင်တစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် အဆုံးမှာတော့ ကျန်းမုန့်လောင်ဆီသို့ အကြည့်ရောက်သွားလေသည်။ သူက ချက်ချင်းဆိုသလို ပြုံးပန်းဝေသွားပြီး ကျန်းမုန့်လောင်ဆီသို့ ခပ်ရွရွလေးပြေးသွားလိုက်သည်။
"မစ္စတာကျန်း..ခင်ဗျားစီစဉ်ခိုင်းထားတဲ့ ပစ္စည်းတွေနဲ့ လူတွေအကုန်ရောက်လာပါပြီ။ ကျွန်တော်တို့ စလိုက်ရတော့မလား"
"စကြတာပေါ့"
"စတော့"
သက်လတ်ပိုင်းအရွယ် အမျိုးသားက လူတိုင်းကို အချက်ပြလိုက်လေရာ ကားထဲရှိ လူများမှာ ကိရိယာတန်ဆာပလာအမျိုးမျိုးဖြင့် ချက်ချင်းဆင်းလာကြသည်။ ဟယ်လီကော်ပတာပေါ်မှ ဆင်းလာကြသူများကလည်း ဘူးများကို ဖွင့်ဖောက်နေကြလေတော့သည်။
အချို့လူများက သိချင်စိတ်ဖြင့် ပတ်ပတ်လည်တွင် ဝိုင်းနေသော်လည်း သူတို့ကိုတော့ သွားမနှောင့်ယှက်ခဲ့ပေ။
"ဒီ..ဒီဘူးတွေက ပန်းချီကားတွေနဲ့ပြည့်နေတာလား"
"ဒီဘူးထဲမှာ ပန်းပုရုပ်တုတစ်ခုပါတယ်ဟ"
"ဒါက လက်ရေးစာလိပ်ပဲ"
"ဒီဘူးတွေအကုန်လုံးထဲမှာ ပန်းချီလက်ရာတွေချည်းပဲလားမသိဘူးနော်"
"ဘုရားရေ.. ဘယ်နှခုတောင်ရှိတာလဲ။ တစ်ထောင်လား။ တစ်သောင်းလား"
"သူ..သူ ကြွားနေတာမဟုတ်ဘူးပဲ။ သူ့ရဲ့စုစည်းမှုက ဒီပန်းချီပြခန်းထက်တောင် ပိုများသေးတယ်"
"ဒါကမှ တကယ့်ထိပ်တန်းအဆင့်ပန်းချီပြခန်းပဲ"
………