အဲ့ဒီ"မိုနာလီဆာ"ပန်းချီကားက အတုကြီးပါ
Vol. 6 Ch. 78
"ဦးလေး..ကျွန်တော် ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ"
ကျန်းမုန့်လောင်က သက်လတ်ပိုင်းအရွယ်အမျိုးသားကြီးကို ပြောလိုက်လေသည်။
"မစ္စတာကျန်း...ကျွန်တော့်နာမည်က ကောင်းယွင်ရှန်းပါ။ ကျွန်တော့်ကို ဦးလေးကောင်းလို့ခေါ်လို့ရပါတယ်"
သူက ပြန်ပြောလာသည်။
"ဒါဆို ကောင်းဟုန်ရှန်းက..."
ကျန်းမုန့်လောင်ပြောသည့် ကောင်းဟုန်ရှန်းဆိုသည်မှာ တမြန်နေ့တုန်းက သူ့ကို အိမ်တော်မှာ လက်ခံကြိုဆိုခဲ့သည့် အမျိုးသားဖြစ်၏။
"မစ္စတာကျန်း.. သူက ကျွန်တော်တို့မိသားစုထဲက အကြီးဆုံးပါ။ ကျွန်တော်ကတော့ ကောင်းမိသားစုထဲက တတိယမြောက်သားပါ"
ကောင်းယွီရှန်းက ရှင်းပြလေသည်။
"မစ္စဟုန်ရီက ပြောမပြထားဘူးထင်တယ်။ ကူစူးမှာရှိတဲ့ ခင်ဗျားရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို ကျွန်တော်တို့ကောင်းမိသားစုက စီမံပေးနေတာပါ"
"သြော် သိပြီ"
ကျန်းမုန့်လောင်က ခွန်းတုံ့ပြန်လိုက်သည်။
"ဒါဆို မြို့တိုင်းမှာ ခင်ဗျားတို့လိုမျိုး မိသားစုတစ်ခုစီရှိတယ်ဆိုတဲ့သဘောလား"
"ဟုတ်ပါတယ် မစ္စတာကျန်း.. ဟုန်မိသားစုက ဝေးလံခေါင်ဖျားတဲ့ မြို့ငယ်လေးတွေကလွဲရင် မြို့တိုင်းလိုလိုမှာ ကျွန်တော်တို့လိုမိသားစုတစ်စုစီ ရွေးချယ်ထားပါတယ်။ ခင်ဗျား ဒီမြို့တွေကိုရောက်လာတိုင်း စားရေးသောက်ရေး၊ နေရေးထိုင်ရေးနဲ့ တခြားအရာတွေအကုန်လုံးကို ကျွန်တော်တို့က တာဝန်ယူရမှာပါ"
"ဒါကြီးကတော့ ဧကရာဇ်က ရုပ်ဖျက်ပြီး နယ်ခံအုပ်ချုပ်သူတွေဆီကို တိုင်းခန်းလှည့်လည်တာနဲ့ ဘာများကွာလို့လဲ"
ထိုစကားကိုကြားသော် လုရီယောင်က ရှေ့နောက်မစဉ်းစားဘဲ ပြောချလိုက်သည်။
"မိန်းကလေးပြောတာ တော်တော်မှန်ပါတယ်။ ဒါပေမဲ့ တစ်ခုတည်းသောကွာခြားချက်က ဘာလဲဆိုရင် အဲ့ဒီနယ်ခံအုပ်ချုပ်သူတွေက သူတို့ဧကရာဇ်လိုချင်တဲ့အရာမှန်သမျှကို မဖြည့်ဆည်းပေးနိုင်ပေမဲ့ ကျွန်တော်တို့ကတော့ မစ္စတာကျန်းလိုချင်သမျှကို ကျွန်တော်တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာကွန်ရက်ကိုသုံးပြီး အချိန်တိုအတွင်းမှာ ဖြည့်ဆည်းပေးနိုင်ပါတယ်"
လုရီယောင်က ကျန်းမိသားစု၏ အိမ်ရှင်မလောင်းဖြစ်လာနိုင်ခြေရှိသောကြောင့် ကောင်းယွီရှန်းကလည်း ပူပင်ကြောင့်ကြကင်းမဲ့စွာဖြင့် ပြောလိုက်သည်။
"စကားမစပ်.. ဒီတစ်ခေါက် ခင်ဗျား ပစ္စည်းဘယ်နှခုလောက်ယူလာတာလဲ"
ပစ္စည်းတအားမများသရွေ့ အဆင်ပြေကြောင်း သူ ဟုန်းရီကို ပြောထားသော်ငြား ဤအခြေအနေကို ကြည့်လိုက်မည်ဆိုပါက သူ့စာကြည့်တိုက်ထဲက ပစ္စည်းတစ်ဝက်လောက် ယူချလာသလိုပင်။
"အဲ့ဒါတော့ ကျွန်တော် သေချာမသိပါဘူး။ မေးကြည့်လိုက်ပါ့မယ်"
ကောင်းယွီရှန်းက ပုံးများ သယ်မနေသော လူတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။
"မင်းတို့ရဲ့တာဝန်ခံက ဘယ်သူလဲ"
အနက်ရောင်ဝတ်စုံဝတ်ထားသော လူတစ်ယောက်က သူတို့ဆီသို့ခပ်မြန်မြန်ပြေးလာလေသည်။
"မစ္စတာကျန်း.. မစ္စတာကောင်း.. ကျွန်တော်က မစ္စဟုန်းရီစီစဉ်ပေးထားတဲ့ တာဝန်ခံရှင်းယွဲ့ပါ။ ကျွန်တော် ဘာများလုပ်ပေးရမလဲ"
"ခင်ဗျားက စစ်သားလား"
ထိုသက်လတ်ပိုင်းအရွယ်အမျိုးသားထံမှ စစ်သားတစ်ယောက်၏ ဟန်ပန်အမူအရာမျိုး မြင်လိုက်ရသည့်အတွက် ကျန်းမုန့်လောင် ထိုသို့မေးလိုက်ခြင်းဖြစ်၏။
"အရင်ကပါ။ အခုတော့ အငြိမ်းစားယူလိုက်ပါပြီ"
သက်လတ်ပိုင်းအရွယ် အမျိုးသားက ပြန်ဖြေလေသည်။
"ကောင်းတယ်။ သူတို့ရဲ့အကျိုးခံစားခွင့်က တော်တော်ကောင်းတယ်မလား"
ကျန်းမုန့်လောင်က သက်လတ်ပိုင်းအရွယ်အမျိုးသားကြီးအစား မေးလိုက်သည်။
"စိတ်ချပါ မစ္စတာကျန်း.. အဲ့ဒီအငြိမ်းစားစစ်သားတွေရဲ့ဝင်ငွေက ပြည်တွင်းအစိုးရဝန်ထမ်းတွေထက် သုံးဆပိုများပါတယ်။ ပြီးတော့ သူတို့ရဲ့အကျိုးခံစားခွင့်တွေကလည်း ရာထူးအနိမ့်အမြင့်အလိုက် ပေးတာလေ။ သူတို့က အငြိမ်းစားစစ်သားတွေကြားမှာတော့ အထက်တန်းလွှာတွေပါပဲ"
သူက ထိုသို့ပြောလိုက်သည်။
"သူတို့ရဲ့အကျိုးခံစားခွင့်က သင့်တင့်နေသရွေ့ အဆင်ပြေပါတယ်"
ကျန်းမုန့်လောင်က ခေါင်းညိတ်လိုက်သည်။
"စကားမစပ် ဒီတစ်ခေါက် ခင်ဗျား ပစ္စည်းဘယ်နှခုလောက် ယူလာတာလဲ။ စာရင်းရောရှိလား"
ထိုစကားကိုကြားသော် ပတ်ပတ်လည်ရှိလူများက သိချင်စိတ်ပြင်းပြသွားကြပြီး အနားကိုကပ်လာကြသည်။
"မစ္စတာကျန်း.. ဒီပြခန်းရဲ့အရွယ်အစားကို အခြေခံပြီး ကျွန်တော်တို့ ပန်းချီကားပေါင်းသုံးသောင်းနဲ့ တခြားအနုပလက်ရာပေါင်းရာဂဏန်းကို ပြင်ဆင်ထားပါတယ်"
ရှင်းယွဲ့က ပြောလိုက်သည်။
"သေစမ်း။ ပန်းချီကားအချပ်သုံးသောင်းတဲ့လား။ ရုရှားအဘိုးအိုကြီးတွေ ကျင်းပတဲ့ ပန်းချီပြပွဲဆိုရင် စုစုပေါင်းမှ ပန်းချီကားတစ်သောင်းနှစ်ထောင်ပဲရှိတာမလား"
"မဟုတ်ဘူး။ ထပ်ရှိသေးတယ်နော်။ အခုလေးတင် သူဝယ်လိုက်တဲ့ ပန်းချီကားပေါင်းလေးထောင်ကျော်ကိုလည်း မမေ့နဲ့လေ"
"အဲ့ဒါတွေအကုန်လုံးကတော့ လူမသိသူမသိပန်းချီပညာရှင်တွေ ဆွဲထားတာတော့ မဟုတ်ပါဘူးနော်"
"နင်က ဘော့စ်ကျန်းကို အထင်သေးတာလား"
"နင်တော့ ရူးသွားပြီပဲ။ ဘော့စ်ကျန်းက ငါတို့ကိုအရူးလုပ်ဖို့အတွက် အဲ့လိုအမှိုက်တွေကို သုံးလိမ့်မယ်ထင်နေလား"
"ဒီနေ့ ဒီနေ့လယ်စာကို မစားခဲ့ရဘူးဆိုရင်တောင် ငါ ရှေ့ထွက်ပြီး တစ်ခုလောက်ပြောချင်တယ်"
"ဟုတ်တာပေါ့"
သူ့ဘေးပတ်ပတ်လည်ရှိ တီးတိုးသံများကို ကြားလိုက်ရသည့်အလား ရှင်းယွဲ့က တက်တက်ကြွကြွဖြင့် ပြောလိုက်သည်။
"မစ္စတာကျန်း... ဒီပန်းချီလက်ရာသုံးသောင်းထဲကမှ တစ်သောင်းက ဟွာရှားရဲ့ လက်ရေးလှပန်းချီကားတွေနဲ့ တရုတ်ဂန္တဝင်ပန်းချီလက်ရာတွေပါ။ အဲ့ဒါတွေက ဝမ်ရှီကျီး၊ ယန်ကျန်းချင်၊ ထန်ယင်၊ ဝူတာ့ဇီ၊ ချီပိုင်ရှီနဲ့ တခြားလူတွေအများကြီးရဲ့လက်ရာတွေပါပဲ"
"ဟင်"
ဤနာမည်ကို ကြားလိုက်ရချိန်မှာ တော်တော်များများက သိသိသာသာထိတ်လန့်သွားလေသည်။
လက်ရေးလှအတတ်နှင့် ပန်းချီကားအကြောင်း ရင်းနှီးကျွမ်းဝင်မှုမရှိသောလူများပင် လက်ရေးလှအကျော်အမော်ကြီးဝမ်ရှီကျီးနှင့် ပန်းချီအကျော်အမော်ကြီးဝူတာ့ဇီတို့ကို သိကြသည်။ ဤဂုဏ်ပုဒ်များမှတစ်ဆင့် သူတို့၏ကျွမ်းကျင်မှုကို အတည်ပြုနိုင်သည်။
ယန်ကျန်းချင်းနှင့် ထန်ယင်တို့ကလည်း အခြားသူများထက် တစ်စက်လေးသော်မှ မနိမ့်ကျသည့် ပါရမီရှင်များဖြစ်ပြီး သူတို့လက်ရာတစ်ခုချင်းစီ၏ ဈေးနှုန်းကလည်း အလွန်မြင့်လှ၏။
ယခုလိုလက်ရာမျိုး အခုတစ်သောင်းကို စုဆောင်းရန်မှာ မလွယ်ကူလှပေ။ ပန်းချီကားများအားလုံးက အရည်အသွေးမြင့်မနေလျှင်ပင် ဤနာမည်ကျော်ပန်းချီပညာရှင်များ၏ လက်ရာများကတင် လက်ရေးလှပြခန်းနှင့် ပန်းချီကားပြခန်းတို့ ဖွင့်လှစ်ဖို့ရန် လုံလောက်နေပြီဖြစ်သည်။
"တခြားဟာတွေကရော"
"ဒီနေရာမှာ ခင်းကျင်းပြသမဲ့ ပန်းချီကားတွေက ပီကာဆိုရဲ့ လက်ရာပေါင်းခုနစ်ထောင်ရယ် ဒါဗင်ချီရဲ့ ပျောက်ကွယ်နေတဲ့လက်ရာ၁၂ခုနဲ့အတူ ဗန်ဂိုး၊ မာနက်၊ မိုနက်၊ ရီနော၊ ဒီဂတ်စ်၊ ဆစ်စလေနဲ့ ပီဆာရိုတို့ရဲ့လက်ရာတွေလည်း ပါဝင်ပါတယ်"
"ပြီးတော့ ပန်းပုရုပ်တုတချို့လည်း ပါပါတယ်။ မစ္စဟုန်းရီပြောတာတော့ ဒီရုပ်တုတွေက တော်တော်ကြာအောင်သိမ်းထားရတော့ ဖုန်တွေတက်နေပြီမို့ အခုအချိန်က အဲ့ဒါတွေကို အပြင်ထုတ်ပြီးလေညှင်းခံခိုင်းဖို့ အခွင့်ကောင်းတစ်ခုပဲတဲ့"
"သေစမ်း။ မစ္စတာကျန်းကတင် တော်တော်လေးကြွားလှပြီလို့ ငါကထင်နေတာ။ သူ့ဝန်ထမ်းတွေကတောင် ပိုပြီးအကြွားသန်နေသေးတယ်"
"ငါ အခုလေးတင် မိုင်ရွန်နဲ့ မာအီလိုတို့ရဲ့လက်ရာတွေကို မြင်လိုက်တယ်"
"သူတို့က ဘယ်သူတွေလဲ။ ငါ့ကိုတော့ သင်ခန်းစာပို့ချဖို့လိုနေပြီ"
"ငတုံး.. သူတို့က ဥရောပတိုက်က နာမည်အကြီးဆုံးပန်းပုပညာရှင်တွေ။ ဒစ်စ်ကိုဘိုလပ်စ်ကို ကြားဖူးလား။ သူတို့ရဲ့လက်ရာက အဲ့ဒါပဲ"
"လေညှင်းခံခိုင်းမယ်တဲ့။ အဲ့ဒါက လူစကားလား။ တခြားလူလက်ထဲမှာသာဆိုရင် ဒီလိုရတနာမျိုးကို ဘိုးဘွာပိုင်ရတနာအဖြစ် သိမ်းထားပြီး မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာကြမှာ။ ဘယ်သူကများ လေညှင်းခံဖို့ ထုတ်ရဲမှာတဲ့လဲ"
"မစ္စတာကျန်းတစ်ယောက်တည်းပဲ အခုလိုလုပ်ပြနိုင်တာ"
"ကောင်းပါပြီ။ အလုပ်ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး စလို့ရပါပြီ။ ကျွန်တော် ဒီပြခန်းကို ငှားထားတယ်။ ကူစူးယဉ်ကျေးမှုဌာနကလည်း ဒီပြခန်းကို ကျွန်တော့်ကို အကန့်အသတ်မရှိ ငှားပေးထားတယ်လေ။ နောင်အနာဂတ်မှာ လာကြည့်ချင်တဲ့ ဘယ်သူမဆို အချိန်မရွေးလာကြည့်လို့ရပါတယ်"
"မစ္စတာကျန်း.. ကျုပ်တို့ အခု ပတ်ကြည့်လို့ရပြီလား"
အစောပိုင်းတုန်းက ပါမောက္ခက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မေးလာလေသည်။
"ရတာပေါ့။ အစီအစဉ်တကျမဖြစ်သေးတာကို စိတ်မရှိသရွေ့ အဆင်ပြေပါတယ်။ စိတ်ကြိုက်လှည့်ပတ်ကြည့်ရှုလို့ရပါတယ်။ ပန်းချီကားတွေကိုသာ မပျက်စီးစေပါနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် အဖြူရောင်အမှိုက်တွေဖန်တီးမိရင်လည်း မကောင်းဘူးလေ"
ကျန်းမုန့်လောင်၏စကား ပထမတစ်ဝက်ကြောင့် ပါမောက္ခကြီးခမျာ စိတ်လှုပ်ရှားသွားရသော်ငြား ဒုတိယတစ်ဝက်ကို ကြားလိုက်ရသောအခါ ကျန်းမုန့်လောင်ကို ရိုက်ပစ်ချင်စိတ်ပင် ပေါက်သွားရသည်။
ဤသည်မှာ ကမ္ဘာ့အဆင့်မီပန်းချီကားများပင်။ ပန်းချီကားတစ်ချပ် ပျက်စီးသွားလျှင် ကမ္ဘာ့အဆင့်မီပန်းချီကားတစ်ချပ် လျော့သွားမည်သာ။ သူတို့အနေနှင့် ၎င်းကို အဖြူရောင်အမှိုက်ဟု မည်သို့နှယ် သတ်မှတ်ရဲမှာတဲ့လဲ။ သူ့အတွက် ဤလက်ရာမြောက်ပန်းချီကားများက ဗလာစက္ကူတစ်ရွက်နှင့််များ တူနေလေသလား။
ဝန်ထမ်းများက ပြခန်းကို စတင်နေရာချလိုက်သည့်အခါ မတိုင်မီက တိတ်ဆိတ်ခြောက်ကပ်နေခဲ့သော ခန်းမကြီးကလည်း ချက်ချင်းဆိုသလို လူပြည့်သွားပြီး လျှပ်တစ်ပြက်အတွင်း စည်းကားသိုက်မြိုက်သွားချေသည်။
"ဒါပဲ။ ဒါက ဗန်ဂိုးရဲ့ပန်းချီကားပဲ"
"ပီကာဆိုရဲ့ပန်းချီကားတွေ တကယ်ရှိတယ်ဟ။ အဲ့ဒီပုံးထဲမှာ အပြည့်ပဲ။ သူ ညာနေတာမဟုတ်ဘူးနော်"
"ဒါက "မြင့်မြတ်သောမာသာအန်ဂျိုး"မဟုတ်ဘူးလား"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အဲ့ဒီပန်းချီကားက ၁၈ရာစုကတည်းက ပျောက်သွားခဲ့ပြီမဟုတ်ဘူးလား"
"အတုကြီးများလား"
"ဘာရယ်.. "မြင့်မြတ်သောမာသာအန်ဂျိုး"ဟုတ်လား။ ငါ ကြည့်ပါရစေဦး"
အစတုန်းက ပီကာဆိုပန်းချီကားကို စစ်ဆေးကြည့်ရှုနေသောပါမောက္ခကြီး အနားသို့အပြေးရောက်ချလာပုံမှာ ကွယ်လွန်သွားပြီဖြစ်သော အမေဖြစ်သူက သူ့အား ညစာလာစားဖို့ ခေါ်လိုက်သည့်အသံကို ကြားလိုက်ရသည့်အလားပင်။
ဝန်ထမ်းအမြောက်အများကလည်း ထိုပါမောက္ခကို ပိတ်တားဖို့အတွက် အရှေ့ကို ချက်ချင်းတိုးလိုက်လေသည်။
"ရပါတယ်။ သူ့ကိုဖြတ်သွားခွင့်ပေးလိုက်ပါ။ ပန်းချီကားလေးတစ်ချပ်ပဲဟာကို"
ကျန်းမုန့်လောင်က အပြုံးလေးတစ်ပွင့်ဖြင့် ပြောလိုက်လေသည်။
ထိုပါမောက္ခက ကျန်းမုန့်လောင်ကို ကျေးဇူးတင်စိတ်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် မှန်ဘီလူးတစ်ခုထုတ်ကာ ပန်းချီကားကို အသေးစိတ်စတင်စစ်ဆေးပါတော့သည်။ ထိုပန်းချီကားကို ကြည့်လေလေ သူ့လက်များလည်း တုန်ယင်လာလေလေပင်။
"တကယ်ကြီးပဲ။ ဒါတွေက ဒါဗင်ချီရဲ့ပန်းချီကားအစစ်တွေပဲ"
ပါမောက္ခကြီးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"ထပ်ရှိသေးလား။ ထပ်ရှိသေးလား"
"ဒါဗင်ချီရဲ့လက်ရာတွေက ဒီလောက်ပဲထင်တယ်။ ဒီနားမှာအကုန်ရှိတယ်"
ကျန်းမုန့်လောင်က ထိုသို့ပြောပြီး အနီးအနားရှိ ဘူးတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
"အဲ့ဒါတွေအကုန်ထုတ်ထားလိုက်။ လူကြီးမင်းကို တစ်ချက်ကြည့်ခိုင်းလိုက်ဦး"
"ကျေးဇူးပါပဲ။ ကျေးဇူးပါပဲ"
ပါမောက္ခခမျာ ထပ်ခါထပ်ခါကျေးဇူးတင်နေလေသည်။ သူ့အတွက်မူ ယခုလိုအနုပညာလက်ရာများကို အသိအမှတ်ပြုခွင့်ရခြင်းကပင် အကောင်းဆုံးလက်ဆောင်တစ်ခုဖြစ်၏။
"ဟင်.. ဘာတွေဖြစ်နေတာလဲ။ ဒါက မိုနာလီဆာပန်းချီကားမဟုတ်ဘူးလား"
ထိုဘူးထဲမှ ထုတ်လိုက်သည့် ပန်းချီကားများက ဆက်တိုက်ဆိုသလို "မိုနာလီဆာ"ပန်းချီကားခုနစ်ချပ်ဖြစ်နေကြောင်း ကျန်းမုန့်လောင် သတိထားလိုက်မိသည်။
"ဘာဖြစ်တာလဲ။ ငါတို့မိသားစုမှာ အတုတွေလည်းရှိတာလား"
"မစ္စတာကျန်း.. ခင်ဗျားလာနောက်နေတာပဲ"
ကောင်းယွီရှန်းက ပြောလိုက်သည်။
"ခင်ဗျားရဲ့စုစည်းမှုထဲမှာ ဘာအတုမှ ပါစရာအကြောင်းမရှိပါဘူး"
"ဒါဆိုရင် ခင်ဗျား ဒါတွေကို ဘယ်လိုရှင်းပြမလဲ။ ကမ္ဘာပေါ်မှာ မိုနာလီဆာပန်းချီကားတွေ အများကြီးရှိတယ်လို့ ပြောချင်တာလား"
"ဟုတ်ပါတယ် မစ္စတာကျန်း။ အဲ့ဒီမိုနာလီဆာပန်းချီကားတွေအကုန်လုံးက အတုခိုးပြီးလုပ်ထားတဲ့ ပန်းချီကားတွေပါ။ Louvreပြတိုက်မှာရှိတဲ့ ပန်းချီကားကလည်း အတုကြီးပါပဲ"
ဤဖွင့်ဟဝန်ခံချက်ကြောင့် လူအုပ်ကြီးတစ်ခုလုံး အံ့သြထိတ်လန့်သွားကြကုန်၏။
……