← Chapters

အခန်း (၇၉)

Vol. 6 Ch. 79

အခန်း (၇၉)

Vol. 6 Ch. 79

"Louvreပြတိုက်မှာရှိတဲ့ မိုနာလီဆာပန်းချီကားက အတုကြီးလား။ အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"အမှန်ပဲ။ အဲ့ဒီပန်းချီကားကို စစ်ဆေးမှုပေါင်းများစွာ လုပ်ခဲ့ပြီးပြီ။ ဆရာဒါဗင်ချီရဲ့လက်ရာဆိုတာ အမှန်ပဲ"

"ဘယ်လိုအခြေအနေကြီးလဲ"

"ဒါက Louvreပြတိုက်ကလေ။ သတင်းထဲမှာလည်း အခေါက်ခေါက်အခါခါကြေညာခဲ့ပြီးပြီ။ ဘယ်လိုလုပ်ပြီး အတုဖြစ်နိုင်မှာလဲ။ Louvreပြတိုက်ထဲမှာ ပန်းချီကားအတုကြီးက အချိန်အကြာကြီးရှိနေခဲ့တာများလား"

"ဘာတွေဖြစ်နေတာလဲ မစ္စတာကောင်း.. ကျွန်တော် နည်းနည်းခေါင်းရှုပ်သွားပြီ"

ကျန်းမုန့်လောင်လည်း ဦးနှောက်ခြောက်သွားရသည်။ အစကတော့ ဤပန်းချီကားက အတုပါဟု ပြောပြီး ယခုတော့ သူတို့မိသားစု၏စုစည်းမှုက အတုများမပါဝင်နိုင်ဟု ဆိုပြန်သည်။ ဤသည်မှာ ရှေ့နောက်မညီဖြစ်နေခြင်းမဟုတ်လေလား။

"မစ္စတာကျန်း.. ခင်ဗျား သတိမထားမိတာဖြစ်မယ်"

ကောင်းယွီရှန်းက အပြုံးတစ်ပွင့်ဆင်မြန်းလျက် ဆိုလာလေသည်။

"ကျွန်တော်တို့ ဒီသမိုင်းကြောင်းကို ခြေရာပြန်ကောက်မယ်ဆိုရင် ခင်ဗျားမိသားစုရဲ့နောက်ခံအကြောင်းကနေ စရမှာပဲ။ မိုနာလီဆာပန်းချီကားအပါအဝင် ဒီပန်းချီကားခုနစ်ချပ်က ဒါဗင်ချီရဲ့လက်ရာတွေပါ"

"ခင်ဗျား ကျွန်တော့်ကိုစကားထာလာဝှက်နေတာလား"

ကျန်းမုန့်လောင်ခမျာ ငိုရအခက် ရယ်ရအခက်ဖြစ်နေချေသည်။

"ဝေ့လည်ကြောင်ပတ်လုပ်မနေပါနဲ့တော့"

"မစ္စတာကျန်း..တကယ်တော့ ဆရာဒါဗင်ချီက မိုနာလီဆာပန်းချီကားတစ်ခုတည်းကိုပဲ ဆွဲခဲ့တာမဟုတ်ပါဘူး။ စုစုပေါင်းပန်းချီကား၁၂ချပ်ဆွဲခဲ့တာပါ။ လွန်ခဲ့တဲ့နှစ်ငါးရာကျော်တုန်းက အဲ့ဒီလက်ရာတွေကို စိတ်တိုင်းမကျလို့ဆိုပြီး ပန်းချီကားလေးခုကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ ကျန်နေတဲ့ပန်းချီကားရှစ်ချပ်ထဲမှာ တစ်ခုကိုတော့ နိုင်ငံပိုင်ရတနာအဖြစ်နဲ့ Louvreပြတိုက်ထဲမှာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး ကျန်တဲ့ခုနစ်ချပ်ကတော့ ခင်ဗျားရဲ့မိသားစုက ပိုင်ဆိုင်ထားခဲ့တာပါ"

"အတုဆိုတာကရော ဘာအဓိပ္ပာယ်လဲ"

ပန်းချီပညာရှင်တစ်ယောက်က သူ့လက်ရာများနှင့်ပတ်သက်လာလျှင် အလွန်ဇီဇာကြောင်လွန်းသည့်အတွက် ပန်းချီကားတစ်ချပ်တည်းကို ဗားရှင်းအမျိုးမျိုးဖြင့် ဆွဲတတ်သည်ကိုတော့ ကျန်းမုန့်လောင် နားလည်ပါသည်။ သို့သော် ဤမိုနာလီဆာပန်းချီကားများကို သူက ဘာကြောင့်များ အတုလို့ပြောသလဲဆိုသည်ကိုမူ သူနားမလည်ပေ။

"ဘာလို့လဲဆိုတော့ မူရင်းမိုနာလီဆာပန်းချီကားကို ဒါဗင်ချီရေးဆွဲခဲ့တာမဟုတ်ပါဘူး။ တခြားပန်းချီပညာရှင်တစ်ယောက်က ဆွဲခဲ့တာပါ။ ဒါဗင်ချီရဲ့ပန်းချီကား၁၂ချပ်က အဲ့ဒီပန်းချီကို တုပဖို့ကြိုးစားခဲ့တာတွေချည်းပါပဲ။ အဲ့ဒီတော့ ပြောရမယ်ဆိုရင် ဒီပန်းချီကားတွေအကုန်လုံးက အတုတွေပဲပေါ့"

"အဲ့လိုလား"

"တကယ်လားဟ။ ငါ အနောက်တိုင်းပန်းချီသမိုင်းကို လေ့လာဖူးပါတယ်။ ဒါပေမဲ့ ဒီလိုအကြောင်းအရာမျိုး လုံးဝမကြားဖူးဘူး"

"ပန်းချီကားအတုကတောင် နိုင်ငံ့ရတနာအဖြစ်နဲ့ ဆက်ဆံခံရပြီး ကမ္ဘာကျော်ပန်းချီကားတစ်ချပ်ဖြစ်နေတာ။ မူရင်းအစစ်များသာဆိုရင် ဘယ်လောက်တောင်အံ့ဩဖို့ကောင်းလိုက်မလဲ"

"ခင်ဗျားကြောင့် ကျွန်တော်ယုံမိတော့မတတ်ပဲ"

"အမှန်ပဲ။ ဒါဗင်ချီရဲ့ပန်းချီစွမ်းရည်နဲ့ဆိုရင် သူများရဲ့ပန်းချီကားကို တုပဖို့လိုအပ်လို့လား"

"အဲ့ဒီလိုလူတစ်ယောက်ရှိတယ်လို့ ခင်ဗျားပြောနေမှတော့ အဲ့ဒီလူက ဘယ်သူဆိုတာ တိတိကျကျပြောပြစမ်းပါ"

ပတ်ပတ်လည်ရှိ လာရောက်လည်ပတ်သူများကလည်း အကြောင်းအရင်းမရှိ ပြဿနာရှာနေခြင်းမဟုတ်ပေ။ ယခုလိုသတင်းမျိုးဟာ အလွန်လက်ခံနိုင်ဖွယ်ရာမရှိပေ။ အထူးသဖြင့် ကျွမ်းကျင်သူများအတွက် ပို၍ပင်မဖြစ်နိုင်ချေ။ ဤသည်မှာ သူတို့အတွက်တော့ သူတို့၏ဗဟုသုတအုတ်မြစ်နှင့် ကမ္ဘာ့အမြင်ကို စိန်ခေါ်နေခြင်းဖြစ်၏။

မြင်ယောင်ကြည့်လိုက်ပါ။ သမိုင်းပညာလေ့လာနေသူတစ်ယောက်ကို ဧကရာဇ်ချင်းရှီဟွမ်က သမိုင်းမှတ်တမ်းထဲမှာ ရုပ်သေးရုပ်တစ်ခုသာသာ ထည့်သွင်းထားခြင်းဖြစ်သည်ဟု သွားပြောလိုက်ပါက လက်ခံနိုင်မည်တဲ့လား။

"အားလုံးပဲ.. ဘာမှစိုးရိမ်နေဖို့မလိုပါဘူး။ ကျွန်တော်ပြောတာ မှန်မမှန်ဆိုတာကို အငြင်းပွားဖို့မလိုပါဘူး။ ဒီမိုနာလီဆာပန်းချီကားတွေက တကယ်ပဲ ဒါဗင်ချီရဲ့လက်ရာဟုတ်မဟုတ်ဆိုတာ အရင်အတည်ပြုကြည့်လိုက်ရအောင်လေ"

ကောင်းယွီရှန်းက ပြောလိုက်လေသည်။

"ကျွန်တော်ကြည့်လို့ရမလား"

ထိုအချိန်မှာ ကျောပိုးအိတ်လွယ်ထားသော အမျိုးသားလူငယ်လေးတစ်ယောက်က မဝံ့မရဲဖြင့် ရှေ့တက်လာသည်။

"မင်း ဒါဗင်ချီရဲ့ပန်းချီကားတွေအကြောင်း လေ့လာဖူးလား"

ထိုလူငယ်လေးက သူနှင့် သက်တူရွယ်တူမျှသာ ရှိကြောင်း သတိထားလိုက်မိသည့်အတွက် ကျန်းမုန့်လောင် မေးကြည့်လိုက်သည်။

"နည်းနည်းပါ"

လူငယ်လေးကလည်း ခေါင်းညိတ်ပြသည်။

"ကောင်းပြီလေ။ ကြည့်ကြည့်လိုက်။ အတည်ပြုဖို့ ကိရိယာတစ်ခုခုလိုအပ်ရင်လည်း ပြောပေါ့"

လူငယ်လေးက မိုနာလီဆာပန်းချီကားတစ်ချပ်ဆီသို့ လျှောက်သွားချိန်မှာ သူ့မျက်ဝန်းများက ထိန်းချုပ်မရနိုင်သော စိတ်လှုပ်ရှားမှုများဖြင့် ပြိုးပြက်လင်းလက်နေလေတော့သည်။ သို့သော် ခဏအကြာတွင်မူ သူ့အကဲဖြတ်စွမ်းရည်ကို အလွန်ယုံကြည်မှုရှိနေသည့်အလား ယုံကြည်မှုပြည့်ဝနေသောအမူအရာကို ထုတ်ဖော်ပြသလာသည်။

"ဒါက Louvreပြတိုက်မှာရှိတဲ့ ပန်းချီကားနဲ့အတူတူပဲ။ ပြီးတော့ ပေါ့ပလာသစ်မာပေါ်မှာ ဆွဲထားတာ။ ဆေးသားကို အကဲဖြတ်ကြည့်လိုက်မယ်ဆိုရင် နှစ်ပေါင်းငါးရာပတ်လည်သက်တမ်းရှိပြီဆိုတာ သေချာပါတယ်"

လူငယ်လေးက လေ့လာစူးစမ်းရင်းဖြင့် သူ၏ရှာဖွေတွေ့ရှိမှုကို ရှင်းလင်းပြတ်သားစွာ ပြောပြနေချေသည်။

"ဒီပန်းချီကားက "sfumato"ပန်းချီဆွဲဟန်ကို အသုံးပြုထားတယ်။ ဒါပေမဲ့ ကျွန်တော် မူရင်းလက်ရာကို လေ့လာထားဖူးတာမို့ ဒီပန်းချီကားမှာသုံးထားတဲ့ နည်းစနစ်က ပိုပြီးတော့တောင် ကျွမ်းကျင်ပိုင်နိုင်နေသေးတယ်"

ရုတ်ခြည်းဆိုသလို သူ တစ်စုံတစ်ရာကို သတိထားလိုက်မိဟန်တူသည်။

"တစ်ယောက်ယောက်မှာများ မှန်ဘီလူးရှိလားဗျ"

"ငါ့မှာတစ်ခုရှိတယ်"

ယန်ကျင်းအနုပညာတက္ကသိုလ်မှ ပါမောက္ခကြီးက အထူးတီထွင်ထားသော သူ့မှန်ဘီလူးကို ချက်ချင်းလှမ်းပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

လူငယ်လေးက တရိုတသေပြောလိုက်ပြီး ပန်းချီကားကို ထပ်မံစစ်ဆေးကြည့်ရှုရာ၌ အာရုံဝင်စားသွားပြန်လေသည်။

"ညာဘက်မျက်လုံးမှာ ဒါဗင်ချီရဲ့ နာမည်အစစာလုံးတွေဖြစ်တဲ့ 'LV'ဆိုတဲ့စာလုံးတွေပါပေမဲ့ အခုံးပေါ်က ဂဏန်းကတော့ ၂မဟုတ်ဘဲ ၅ဖြစ်နေတယ်။ ဒါက ဘာအဓိပ္ပာယ်လဲ"

"ကျွန်တော် တခြားပန်းချီကားတွေကိုရော ကြည့်လို့ရမလား"

"ရတာပေါ့"

ကျန်းမုန့်လောင်က အနီးအနားရှိဝန်ထမ်းကို အရိပ်အကဲပြလိုက်သောအခါ ကျန်ရှိနေသော မိုနာလီဆာပန်းချီကားပုံတူများကို စားပွဲထက်တွင် တင်ပေးလာလေသည်။

"ဒီတစ်ခုမှာ ၁လို့ရေးထားတယ်။ နည်းစနစ်က တော်တော်လေးခေတ်ဆန်ပေမဲ့ ကျွန်တော်တို့ အခုလေးတင်ကြည့်ထားတဲ့ ပန်းချီကားနဲ့ယှဉ်လိုက်မယ်ဆိုရင်တော့ ပိုပြီးရိုးစင်းတယ်"

"ဒီတစ်ခုမှာတော့ ၃လို့ရေးထားပြီး ဒီဟာကတော့ ၄လို့ရေးထားတယ်..."

"နားလည်ပြီ။ အခုံးပေါ်က နံပါတ်တွေက ဘာအထူးကုတ်နံပါတ်တွေမှမဟုတ်ဘူး။ ဒါဗင်ချီက သူဖန်တီးခဲ့တဲ့ပန်းချီကားတွေရဲ့ နံပါတ်စဉ်ကို သူ့ဘာသာမှတ်ထားခဲ့တာပဲ"

လူငယ်လေး၏အမူအရာကား ရုတ်ခြည်းစိတ်လှုပ်ရှားဟန်ပြသလာသည်။

"အဲ့ဒီလိုကိုး"

"ရာစုနှစ်နဲ့ချီနေတဲ့ ဒီဆန်းကြယ်မှုတွေက ဒီနေ့တော့ ​ဖြေရှင်းလိုက်နိုင်ပြီပေါ့"

"မယုံနိုင်စရာပဲ။ ဒီပန်းချီကားတွေသာ တစ်ချိန်တည်း တစ်နေရာတည်းမှာ ပေါ်မလာခဲ့ရင် ဒီပန်းချီလက်ရာရဲ့နောက်ကွယ်က လျှို့ဝှက်ချက်ကို ဘယ်သူက တွေးမိမှာတဲ့လဲ"

"ဒါဆိုရင် ဒီပန်းချီကားတွေအားလုံးက အစစ်လို့ဆိုလိုချင်တာလား"

"အစစ်ပဲဖြစ်မှာပါ။ ဒါဗင်ချီရဲ့ပန်းချီလက်ရာတွေကို ဘယ်သူကမှ အစားမထိုးနိုင်ဘူး။ ပြီးတော့ ဆိုးဆေးအရောင်ကျွတ်တာနဲ့ ဒီသစ်သားဘောင်က ပြန်လည်ထုတ်လုပ်လို့ ရတာမျိုးမဟုတ်ဘူး။ ပြီးတော့ ဒါဗင်ချီရဲ့အမှတ်သင်္ကေတဖြစ်တဲ့ "sfumato"နည်းစနစ်မှာ မင်အထူကို နှစ်မိုက်ခရွန်ပဲ သုံးတာ။ ကိရိယာတစ်ခုနဲ့ ရိုးရိုးရှင်းရှင်းလေးစစ်ဆေးကြည့်လိုက်ရင် အတုလား၊အစစ်လားဆိုတာ ချက်ချင်းအတပ်ပြောနိုင်တယ်။

"ဘုရားရေ"

"ဒီတစ်ခေါက်တော့ ငါ တကယ်ယုံသွားပြီ"

"ဒီသတင်းက မနက်ဖြန်အတွက် Global Weekမှာ သတင်းခေါင်းစီးဖြစ်လာနိုင်တယ်"

"ဓာတ်ပုံမြန်မြန်ရိုက်ထားကြ။ ရိုက်ထားကြ"

"ငတုံးတွေ.. ပန်းချီကားကိုမရိုက်ကြနဲ့။ အဲ့ဒါတွေက ငါတို့နိုင်ငံရဲ့ရတနာတွေ။ သမိုင်းဝင်လက်ရာတွေကွ"

...

မရေမတွက်နိုင်သော ပန်းချီပညာရှင်များနှင့် ပန်းချီသမိုင်းပညာရှင်များကို ရာစုနှစ်ပေါင်းများစွာ ဦးနှောက်ခြောက်စေခဲ့သော ပဟေဋ္ဌိတစ်ခုကို ယခုလိုပန်းချီပြပွဲတစ်ခုတွင် ဖြေရှင်းလိုက်နိုင်လိမ့်မည်ဟု မည်သူက ထင်ထားပါအံ့နည်း။ ထို့ပြင် အံ့ဖွယ်ကောင်းသော အချက်အလက်များကိုပင် ဖော်ထုတ်လိုက်နိုင်သေးသည်။

ရာစုနှစ်ပေါင်းများစွာတိုင်အောင် မိုနာလီဆာပန်းချီကားအတုများစွာ ပေါ်ထွက်လာခဲ့ဖူးသည်။ ထိုပန်းချီကားအတုများကပင် သန်းရာဂဏန်းချီ၍ ဈေးနှုန်းအမြင့်ကြီးရခဲ့ကြသည်သာ။ ယခုခေတ်အခါတွင် မူရင်းပန်းချီကား၏တန်ဖိုးမှာ ငွေကြေးဖြင့် တိုင်းတာ၍မရတော့ပေ။

ထို့ပြင် ထိုပန်းချီကားမှာ ခုနစ်ခုပင် ရှိနေချေသည်။ မိုနာလီဆာပန်းချီကားခုနစ်ချပ်တဲ့လေ။ ဤပန်းချီကားအားလုံးကသာ ဒါဗင်ချီ၏မူရင်းလက်ရာများဖြစ်ကြောင်း သက်သေပြနိုင်ခဲ့လျှင် ပန်းချီလောကတစ်ခုလုံးကို အကြီးအကျယ်တုန်လှုပ်သွားစေလိမ့်မည်ပင်။

"ခဏနေဦး။ မိုနာလီဆာက ပုံတူကူးထားတဲ့ပန်းချီဆိုရင် မူရင်းလက်ရာက ဘယ်မှာလဲ"

"ဟုတ်တယ်။ သူ့တန်ဖိုးက ဒီပန်းချီကားတွေအကုန်လုံးရဲ့တန်ဖိုးထက်တောင် ပိုကြောက်ဖို့ကောင်းနေမှာ မဟုတ်လား"

"ပြီးတော့ ပန်းချီပညာရှင်က ဘယ်သူပါလိမ့်။ ဒါဗင်ချီရဲ့ဆရာ ဗယ်ရိုချီရိုလား။ ဒါမှမဟုတ် ဆရာဒိုနာတယ်လိုလား"

"မစ္စတာကောင်း.. ကျွန်တော်တို့ကို ဒီအတိုင်းတန်းလန်းကြီးမထားခဲ့ပါနဲ့။ ခင်ဗျားကတော့ သိလောက်မှာပါ"

ကျန်းမုန့်လောင်ကလည်း လှည့်ကွက်များလှသည့် ဤသမိုင်းကြောင်းကို နားထောင်ပြီး သိချင်စိတ်ပြင်းပြနေလေတော့သည်။

"အဲ့ဒါက တကယ်တော့ ရိုးရိုးလေးပါ"

ကောင်းယွီရှန်းက ပြောလိုက်သည်။

"ပန်းချီကားတစ်ခုချင်းစီရဲ့ ဘယ်ဘက်မျက်လုံးထဲမှာ အီတလီစာလုံးတချို့ရဲ့ ပထမဆုံးအက္ခရာနှစ်လုံးရှိတယ်"

"အယ်လ်..ဂရန်..ဆီ..ကျ..အဲ့ဒါက ဘာအဓိပ္ပာယ်လဲ"

ကောင်းယွီရှန်းက ဆန်းကြယ်လှသောအပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။

"အယ်လ် ဂရန်ဒီ ဆီဂနော ကျန်းဆိုတာက ဟွာရှားလို ဘာသာပြန်လိုက်ရင် "လေးစားရပါသော မစ္စတာကျန်းဆီသို့"လို့ အဓိပ္ပာယ်ရပါတယ်”

……

All Chapters