← Chapters

သူက သုံးရက်နဲ့သုံးညတိတိ တောင်းပန်နေခဲ့တာ

Vol. 6 Ch. 80

သူက သုံးရက်နဲ့သုံးညတိတိ တောင်းပန်နေခဲ့တာ

Vol. 6 Ch. 80

"လေးစားရပါသောမစ္စတာကျန်းတဲ့လား။ ဘယ်မစ္စတာကျန်းလဲ။ အဲ့ဒါက ဟွာရှားမျိုးရိုးနာမည်မဟုတ်လား"

"၁၆စုတုန်းက နာမည်ကြီးကျန်းမျိုးရိုးပန်းချီပညာရှင်တစ်ယောက်ယောက် ပေါ်ထွက်လာခဲ့ဖူးလို့လား"

"ကျန်းမုန့်လောင်ကလည်း ကျန်းမျိုးရိုးပဲလေ။ ဒီတော့ ဒီပန်းချီပညာရှင်က သူ့ဘိုးဘေးများလား"

"သေစမ်း။ မဖြစ်နိုင်လောက်ပါဘူးနော်။ ဟုတ်တယ်မလား"

"ဒါကြီးက ဟိုးအစကတည်းက လုပ်ကြံထားတာလို့ ဘာလို့ခံစားမိနေပါလိမ့်။ ဒီဇာတ်လမ်းက အုတ်အော်သောင်းတင်းဖြစ်သွားအောင်လို့ သူ့မိသားစုက ဖန်တီးထားတဲ့ဇာတ်လမ်းများလား"

"အမှန်ပဲ။ မိုနာလီဆာပန်းချီကား၁၂ချပ်နဲ့ လက်ဆောင်ဆိုတာတွေက အလကားပဲ။ သူတို့ တကယ်ပြောချင်တာက ဒါပဲမလား"

ပဟေဋ္ဌိကို ဖွင့်ဟပြလိုက်သည်နှင့် ကြည့်ရှုသူများမှာ တစ်ပြိုက်နက်တည်း နှုတ်ဟလာကြလေသည်။ လွန်ခဲ့သည့်နှစ်ငါးရာတုန်းက အဖြစ်အပျက်များမှာ ခြေရာခံ၍မဖြစ်နိုင်သည့်အတွက် သက်သေမရှိပါက ယုံကြည်ဖို့ရာလည်း မဖြစ်နိုင်ပေ။

"ငါ့မှာ တော်တော်ကြမ်းတဲ့ဘိုးဘေးတစ်ယောက် ရှိတာများလား"

သူ့မိသားစုသမိုင်းကြောင်းကို အပေါ်ယံမျှ သိထားပြီးဖြစ်သော ကျန်းမုန့်လောင်က ကောင်းယွီရှန်း၏စကားများကို သံသယမဖြစ်ပေ။ သူ တွေးကြည့်၍မရနိုင်ရုံသက်သက်သာ။ သူ့ဘိုးဘေးက ပိုက်ဆံရှာနိုင်သည်ဆိုခြင်းကတော့ မှန်ပေသည်။ သို့သော် ဘေးပေါက်အနေနှင့် ပန်းချီလည်းဆွဲသေးသည်တဲ့လား။ ထို့ပြင် ဒါဗင်ချီလို ပန်းချီပညာရှင်တစ်ယောက်ထံကလည်း လေးစားခံရသေးသည်တဲ့လား။ ဤသည်မှာ သိပ္ပံနည်းကျမဟုတ်ချေ။

"အဲ့ဒီမှော်ပညာကျောင်းတော်ကြီးကြောင့်များလား"

ထိုသို့တွေးကြည့်လိုက်မည်ဆိုလျှင် ကျန်းမုန့်လောင်အနေနှင့် အရာရာတိုင်းကို ထိုကျောင်းနှင့်သာ ဆက်စပ်စဉ်းစား၍ ဖြစ်နိုင်ပေသည်။ ကျောင်းဟု ခေါ်ဝေါ်သုံးနှုန်းနေသည်ဖြစ်ရာ အတတ်ပညာအချို့ကို သင်ကြားပေးနေခြင်းပင် ဖြစ်ရမည်။ သူ့ဘိုးဘေးများ၏ ပန်းချီစွမ်းရည်က ထိုနေရာမှ သင်ယူထားခြင်း ဖြစ်နိုင်လောက်လေမလား။

"သေလိုက်ပါတော့"

ထိိုသို့တွေးမိလိုက်သည့်အခါ ကျန်းမုန့်လောင် စားပွဲကို ခပ်နာနာရိုက်ချလိုက်သည်။ သူ ပိုက်ဆံအမြောက်အများကို လွန်လွန်ကြူးကြူးသုံးစွဲပြီးဖြစ်သည့်တိုင် အမေရိကန်ဒေါ်လာ၁၀၀ဘီလီယံမှာ ဘာကြောင့်များ သုံး၍မကုန်နိုင် ဖြစ်နေရလေသလဲ။

အလှူအတန်းလုပ်ပြီး သုံးစွဲခြင်းကို လက်မခံသည့်အတွက်လည်း စိတ်ထဲမထားပေ။ သို့သော် သူ ပိုက်ဆံအများကြီးသုံးပစ်လိုက်တိုင်း နောက်တစ်နေ့မှာ ထိုပိုက်ဆံများက သူ့အကောင့်ထဲသို့ ပြန်ဝင်လာချေသည်။ မသိလျှင် ကမ္ဘာပေါ်ရှိ လုပ်ငန်းစုများကို သူ့မိသားစုက ပိုင်ဆိုင်ထားသည့်အလားပင်။

"အမလေး.. အား.."

မာကျောလှသော သစ်သားက ကျန်းမုန့်လောင်ကို နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားအောင် လုပ်နိုင်လေသည်။

"ကျန်းမုန့်လောင် နင်ဘာဖြစ်တာလဲ"

အနားမှာရှိနေသော လုရီယောင်ခမျာ သူ ဘာလို့ သူ့ကိုယ်သူဒဏ်ရာရအောင် လုပ်လိုက်သလဲဆိုသည်ကို တွေးမရသဖြင့် လုံးဝစိတ်ရှုပ်ထွေးနေပေသည်။ သူ့ဘိုးဘေးများနှင့်ပတ်သက်သည့် ဇာတ်လမ်းက သူ့ကို အကြီးအကျယ်ထိတ်လန့်သွားစေသည့်အတွက်ကြောင့်လေလား။

"ဘာမှမဟုတ်ပါဘူး။ ငါ ပိုက်ဆံတွေကုန်အောင်မသုံးနိုင်လို့ စိတ်ညစ်နေတာ"

နီရဲသွားသောလက်ကို ကျန်းမုန့်လောင် တဖူးဖူးမှုတ်လိုက်လေသည်။

"ဒီလိုပြဿနာမျိုးလည်း ရှိသေးတာကိုး"

လုရီယောင်ကတော့ ပြောစရာစကားကင်းမဲ့သွားရလေသည်။

"နင် အဲ့လိုပြောတဲ့စကားကိုများ တစ်ယောက်ယောက်ကြားရင် နင့်ကို လာသတ်ချင်စိတ်ပေါက်သွားဦးမယ်"

"ငါ တကယ်စိတ်ရှုပ်နေတာ"

ကျန်းမုန့်လောင်က ကူကယ်ရာမဲ့နေဟန်အမူအရာဖြင့် ပြောလာလေသည်။

"ငါ ပိုက်ဆံတွေကို အားရပါးရသုံးတာပဲ။ ဒါပေမဲ့ အရှိန်ကနှေးနေတုန်းပဲ။ အဲ့ဒါကြောင့် ငါရူးချင်လာပြီ"

"ငါလည်း ရူးချင်နေပြီ"

...

"မစ္စတာကောင်း.. ကျွန်တော့်ဘိုးဘေးရဲ့ပန်းချီကားတွေကရော"

"ဟုတ်ကဲ့. ကျွန်တော်တို့ အဲ့ဒါတွေကိုလည်း ယူလာခဲ့ပါတယ်"

ကောင်းယွီရှန်းက ပြောလိုက်လေသည်။

"ခင်ဗျားရဲ့ဘိုးဘေးက ဟွာရှားရဲ့မင်ပန်းချီနဲ့ နိုင်ငံခြားရဲ့ဆီဆေးပန်းချီတွေအပါအဝင် ပုံစံအမျိုးမျိုးနဲ့ အကြောင်းအရာအမျိုးမျိုးကို စူးစမ်းလေ့လာခဲ့တယ်။ သူက အနုပညာလက်ရာတွေအများကြီး ဖန်တီးခဲ့တာမျိုးလည်းမရှိဘဲ ရှိတဲ့လက်ရာတွေကိုလည်း ထုတ်မပြခဲ့ပါဘူး။ အဲ့လိုမှမဟုတ်ရင် ကမ္ဘာကြီးမှာ အနှိုင်းမဲ့တဲ့ပန်းချီပညာရှင်နောက်တစ်ယောက်ရှိလာဦးမှာ"

"အဲ့ဒါ အမှန်ပဲ။ ဒါဗင်ချီလို ပညာရှင်တစ်ယောက်ဆီကနေတောင် အခုလိုတန်ဖိုးထားခံရတာဆိုတော့ သူ့အဆင့်က တကယ်ကို ပြိုင်ဘက်ကင်းတာပဲဖြစ်ရမယ်"

"မစ္စတာကျန်း.. ဒီအနုပညာလက်ရာတွေသာ တကယ်ရှိတယ်ဆိုရင် အဲ့ဒါတွေကို လူတိုင်းကြည့်နိုင်အောင် ပြခန်းမှာ ခင်းကျင်းပြသပေးပါလား"

"ဟုတ်တယ် ဘော့စ်ကျန်း.. ကျွန်တော်တို့လည်း ဂုဏ်ယူဝမ်းမြောက်စွာကြည့်ချင်ပါသေးတယ်"

တချို့လူများက မျှော်လင့်တကြီးဖြစ်နေချိန်မှာ တချို့ကတော့ လှောင်ပြောင်ထေ့ငေါ့ဟန် ရောယှက်နေလေသည်။ သို့သော် "မိုနာလီဆာ"ပန်းချီကားအစစ်အကြောင်းကိုမူ လူတိုင်း သိချင်နေကြသည်သာ။

"ဒါဆိုလည်း ထုတ်လာခဲ့လိုက်"

ကျန်းမုန့်လောင် ထိုသို့ညွှန်ကြားလိုက်သည်။

"ထုတ်ခဲ့တော့"

ကောင်းယွီရှန်း လက်ဝှေ့ယမ်းပြလိုက်သောအခါ အလွန်အမင်းနူးညံ့ချောမွေ့လှသော သေတ္တာတစ်လုံးကို လူနှစ်ယောက်က သယ်မလာကြသည်။ စုတ်ပြတ်နေသောသေတ္တာများထဲတွင် ထည့်သယ်လာသည့် နာမည်ကြီးပန်းချီကားများနှင့် လုံးဝကွဲပြားလှသော ဤပန်းချီကားကမူ အလွန်တင့်တယ်လှချေသည်။

ကိုယ်ထည်ကို သတ္တုဖြင့်ပြုလုပ်ထားပြီး တဖိတ်ဖိတ်တလက်လက်တောက်ပနေသော ကျောက်မျက်အရိုင်းတုံးများနှင့် တန်ဆာဆင်ထားသည်ဖြစ်ရာ ဤသေတ္တာတစ်ခုတည်း၏ တန်ဖိုးကပင် စည်းစိမ်ပုံပေးရလောက်သည်။

"ဒါကြီးက တအားအကျယ်ချဲ့လွန်းရာရောက်မနေဘူးလား"

"မစ္စတာကျန်းက သူ့ကိုယ်ပိုင်ဖန်တီးမှုနဲ့ပတ်သက်လာရင် တအားအနုစိတ်လွန်းတယ်။ ဒီသေတ္တာကို အဲ့ဒီခေတ်အခါတုန်းက ထူးချွန်အထက်မြက်ဆုံး လက်မှုပညာရှင်တွေက လုပ်ပေးခဲ့တာလေ။ သတ်မှတ်ချက်တချို့ကြောင့် ဒီသေတ္တာကို ဘယ်လိုပြင်ပအင်အားသက်ရောက်မှုမျိုးကမှ မပွင့်စေနိုင်ဘူး။ အခုတောင်မှ အပူချိန်၅၀၀၀ဒီဂရီအောက်ကိုကျသွားရင် ဖွင့်လို့မရဘူး"

"အဲ့ဒီလောက်တောင်အံ့သြဖို့ကောင်းတာလား"

ကျန်းမုန့်လောင်က ထိုသေတ္တာကို အဖက်ဖက်မှ စူးစမ်းလေ့လာလိုက်သည်။

"ဒီလိုအရာမျိုးကို လွန်ခဲ့တဲ့နှစ်ငါးရာတုန်းက လက်မှုပညာရှင်တွေက ဘယ်လိုလုပ်ပြီးလုပ်နိုင်ခဲ့တာတဲ့လဲ"

"မစ္စတာကျန်း... ခင်ဗျားရဲ့ဘိုးဘေးတွေက လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက ချမ်းသာလာခဲ့တာပါ။ တချို့က ကမ္ဘာအနှံ့လှည့်လည်သွားလာခဲ့ကြပြီး တချို့ကတော့ အမျိုးမျိုးအထွေထွေသောကိစ္စတွေကို စူးစမ်းလေ့လာခဲ့ကြတယ်။ သူတို့ရရှိခဲ့တဲ့ အောင်မြင်မှုတွေက ခေတ်သစ်လူသားတွေ လိုက်မမီနိုင်တဲ့အရာတွေပါပဲ"

"ထားလိုက်တော့။ အဲ့ဒါတွေပြောမနေနဲ့တော့။ ပန်းချီကားတွေကိုပဲ အရင်ကြည့်ရအောင်"

ကျန်းမုန့်လောင်က ထိုသို့ညွှန်ကြားလိုက်သည်။

ကောင်းယွီရှန်းက သေတ္တာနားကို လျှောက်လာလိုက်ပြီး အကြိမ်အနည်းငယ်မျှ ညင်သာစွာထိတွေ့လိုက်သည်။ မယုံကြည်နိုင်လောက်အောင်ပင် ချောမွေ့နေသောမျက်နှာပြင်ထက်တွင် ခမ်းနားလှသောခလုတ်တစ်ခု ပေါ်ပေါက်လာသည်။ စက်ကိရိယာထံမှ "ကလစ် ကလစ်"ဟူသော အသံနှင့်အတူ သေတ္တာအဖုံးကား နေရာရွေ့စပြုလာလေသည်။

"ဒါက..ဒါက လွန်ခဲ့တဲ့နှစ်ငါးရာတုန်းက ပစ္စည်းရောဟုတ်ရဲ့လား"

အခြားလူများသာမက ကျန်းမုန့်လောင်ကိုယ်တိုင်ပင် ဤမြင်ကွင်းကြောင့် ထိတ်လန့်သွားရလေသည်။ လွန်ခဲ့သည့် နှစ်ငါးရာပင် မဆိုထားနှင့်။ ခေတ်မီနည်းပညာကပင် ယခုလိုအရာမျိုးကို မတီထွင်နိုင်ပေ။

"ငါတို့ အဲ့ဒီကျောင်းတော်ရဲ့လျှို့ဝှက်ချက်ကို တတ်နိုင်သမျှမြန်မြန်လေးဖော်ထုတ်မှဖြစ်မယ်"

ကျန်းမုန့်လောင်က တိတ်တဆိတ်စိတ်ပိုင်းဖြတ်ထားလိုက်သည်။

သေတ္တာကား ကြီးမားလှသော်လည်း အထဲတွင်မူ ပန်းချီကားအနည်းငယ်မျှသာ ပါသည်။ ကောင်းမွန်စွာထိန်းသိမ်းထားသော သစ်သားပုံစံခွက်ထဲမှာ "မိုနာလီဆာ"ပန်းချီကားတစ်ချပ် စင်စစ်တည်ရှိနေပေသည်။

"မိုနာလီဆာပန်းချီကားရဲ့ တခြားဗားရှင်းတွေက တကယ်ရှိနေတာပဲ"

ပတ်ပတ်လည်ရှိ လူများကလည်း စိတ်လှုပ်ရှားနေကြသည်။

ကောင်းယွီရှန်းက ပန်းချီကားကို နံရံထက်တွင် ချိတ်ဆွဲလိုက်သည်။

"ဒီပန်းချီကားက တော်တော်လေးထူးခြားပါတယ်။ အားလုံးပဲ ကြည့်ရှုလေ့လာတဲ့အချိန်မှာ အထူးယဉ်ကျေးသိမ်မွေ့ပေးကြဖို့ မျှော်လင့်ပါတယ်"

"ဘုရားရေ.. ဒါက ဘယ်လိုထိပ်တန်းအဆင့်ပန်းချီမျိုးလဲ"

"ငါ ဒါဗင်ချီရဲ့ မိုနာလီဆာပန်းချီကားကို မြင်ဖူးပါတယ်။ အဲ့ဒါက ဘယ်ရှုထောင့်ကကြည့်ကြည့် သူ့မျက်လုံးတွေက ကိုယ့်ကိုလိုက်ကြည့်နေသလို ခံစားရစေတယ်။ ဒါပေမဲ့ ငါက ဒီပန်းချီကားတွေရဲ့အနောက်မှာ ရပ်နေတာလေ။ ငါ့ကိုစိုက်ကြည့်နေတယ်လို့ ဘာလို့ခံစားနေရတာလဲ"

"ဒါကြီးက သိပ္ပံနည်းမကျဘူး"

"ကြည့်လိုက်... သူ့နှုတ်ခမ်းတွေက ပြုံးနေတာပဲ။ တကယ်ကြီးလှုပ်နေတာဟ။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ဒါဗင်ချီရဲ့ပန်းချီကားကလည်း မိုနာလီဆာရဲ့အပြုံးကို ပြသထားပေမဲ့ အသေးစိတ်အချက်အလက်တွေကတစ်ဆင့် အပြုံးကို ဖောက်မြင်ရဖို့အတွက် ရှုထောင့်နဲ့ ဆုံချက်ပြောင်းလဲဖို့ လိုသေးတယ်လေ။ ငါက ဒီပန်းချီကားရဲ့ နေရာတစ်ခုတည်းကိုပဲ စိုက်ကြည့်နေတဲ့ဟာကို သူက ငါ့ကို တကယ်ကြီးပြုံးပြနေတယ်"

"နားလည်ရခက်လိုက်တာ။ တော်တော်နားလည်ရခက်တာပဲ"

ကြည့်ရှုသူများဟာ ထူးချွန်လှသော ပန်းချီပညာရှင်များ မဟုတ်ကြသော်လည်း ပန်းချီပညာကို ခံစားနိုင်စွမ်းကတော့ အပြစ်တင်နိုင်ဖွယ်ရာ မရှိချေ။ ဤပန်းချီကားမှာ ဒါဗင်ချီ၏မိုနာလီဆာပန်းချီကားထက်ပင် ပို၍မှော်ဆန်ဟန်တူ၏။

ဤသည်မှာ ပန်းချီကားတစ်ချပ်မျှပင် မဟုတ်ပါဘဲ တကယ့်လူစစ်စစ်တစ်ယောက်လိုပင်။

"ဒီပန်းချီကားကို မစ္စတာကျန်းကျင်းကျီ အသက်၂၁နှစ်အရွယ်တုန်းက ဆွဲခဲ့တာပါ။ အဲ့ဒီတုန်းက ဒီပန်းချီကားကို ဥရောပတိုက်ရဲ့ လူနည်းစုအသိုင်းအဝိုင်းထဲမှာပဲ ပြသထားခဲ့တာ။ ဒါကိုမြင်တဲ့လူတွေက တအားအံ့သြသွားခဲ့ကြတာပေါ့။ အဲ့ဒီအချိန်တုန်းက တော်ဝင်မျိုးနွယ်တွေဆိုရင် ဒါကို ဈေးမြင့်မြင့်ပေးပြီးတော့တောင် ဝယ်ယူချင်ခဲ့ကြတာ"

"ဒါပေမဲ့ ကျွန်တော့်ဘိုးဘေးက မရောင်းလိုက်ဘူးပေါ့"

"ဘယ်ရောင်းပါ့မလဲ။ အဲ့ဒီပိုက်ဆံလောက်ကို မစ္စတာကျင်းကျီက လုံးဝမမက်မောဘူးလေ။ ဂရိခေတ်ကာလတုန်းကတောင်မှ အဲ့ဒီပန်းချီကားကို ခင်းကျင်းပြသပြီးလိုက်တဲ့နောက်မှာ ဒါဗင်ချီအပါအဝင် ပန်းချီပညာရှင်ပေါင်းများစွာက ဒီပန်းချီကားကိုတုပပြီး ဆွဲချင်ခဲ့ကြတာ။ ဒါပေမဲ့ အဆုံးမှာတော့ မစ္စတာကျင်းကျီက ဒါဗင်ချီတစ်ယောက်တည်းကိုပဲ သုံးရက်လောက်ငှားပေးခဲ့တယ်လေ"

"သူ့တစ်ယောက်တည်းကိုပဲ ဘာလို့ငှားပေးရတာလဲ"

"အဲ့ဒီအချိန်တုန်းက မစ္စတာဒါဗင်ချီက မစ္စတာကျန်းကျင်းကျီရဲ့အိမ်ရှေ့မှာ သုံးရက်နဲ့သုံးညတိတိ တောင်းဆိုနေခဲ့တယ်လို့ ဆိုကြတယ်။ သူလည်း တအားစိတ်မသက်မသာဖြစ်ရလွန်းလို့ နောက်ဆုံးကျတော့ ပန်းချီကားကို ငှားပေးလိုက်တော့တာပေါ့"

"ဆက်ပြော.. ကျွန်တော် လက်ခံနိုင်တယ်"

ဒါဗင်ချီက သူ့ဘိုးဘေး၏အိမ်ရှေ့တွင် သုံးရက်သုံးညတိတိ တောင်းပန်နေခဲ့သည့်မြင်ကွင်းမှာ ကျန့်မုန့်လောင်အတွက် ပုံဖော်ကြည့်ဖို့ ခက်ခဲလှသည်။ ဤသည်မှာ တော်တော်လေးလက်ဖျားခါလောက်စရာ မကောင်းလေဘူးလား။

"အဲ့ဒီအချိန်တုန်းက မစ္စတာဒါဗင်ချီက တက်သစ်စလေးပဲရှိသေးတာလေ"

ကောင်းယွီရှန်းက ဆက်ပြောလာသည်။

"နောက်ပိုင်းကျတော့ မစ္စတာကျန်းကျင်းကျီကလည်း ဒါဗင်ချီမှာ ပါရမီရှိတယ်လို့တွေးမိပြီး နည်းနည်းလောက်လမ်းပြညွှန်ကြားပေးခဲ့သေးတယ်။ အဲ့ဒီလိုနဲ့ပဲ ပန်းချီလောကရဲ့ အကျော်အမော်တစ်ယောက် ပေါ်ပေါက်လာတော့တာပါပဲ"

……..

All Chapters