သူရောက်နေပြန်ပြီ
Vol. 6 Ch. 81
အသစ်စက်စက်ပန်းချီပြပွဲကို စေ့စေ့စပ်စပ်စီစဉ်လိုက်ချေပြီ။ ကျန်းမုန့်လောင်ကလည်း လုရီယောင်ကို ပြခန်းအနှံ့လိုက်လံပြသရင်း သူ့ဘိုးဘေးများ၏ လုပ်ဆောင်ချက်များအကြောင်း ထပ်ခါတလဲလဲပြောပြနေသည့် ကောင်းယွီရှန်း၏စကားများကိုလည်း နားထောင်နေသည်။
ပန်းချီလောကထဲမှာသာမက ပန်းပုနှင့် ဂီတလောကထဲတွင်လည်း ကျန်းမိသားစုက ထင်ရှားကျော်ကြားသော ပါရမီများကို ထုတ်ဖော်ပြသခဲ့ကြသည်။ ဘီသိုဗင်နှင့် မိုးဇက်ကဲ့သို့သော နာမည်ကြီးဂီတပညာရှင်များကိုပင် သူ့ဘိုးဘေးများက သင်ကြားပြသခဲ့ဖူးလေသည်။
သို့သော် သူတို့မိသားစု၏ သတင်းအချက်အလက်များကို ဖုံးဖိထားရသည့် ရည်ရွယ်ချက်တစ်ခုတော့ ရှိဟန်တူ၏။ ထို့ကြောင့် ဤပုဂ္ဂိုလ်များမှာ အဆင့်မြင့်လူတန်းစားအသိုင်းအဝိုင်းအတွင်းမှာသာ လူသိများကျော်ကြားပြီး အများပြည်သူရှေ့မှာတော့ လူမသိသူမသိသာနေခဲ့သည်။
ပြခန်းကို လာရောက်ကြည့်ရှုကြသော ဧည့်သည်များမျာ ဤဖြစ်အင်များကို ဝတ္ထုတိုများအဖြစ် ပြောင်းလဲပြီး အွန်လိုင်းပေါ်တွင်တင်လိုက်ကြလေရာ ကျန်းမုန့်လောင်အတွက် ကျော်ကြားမှုလှိုင်းလုံးကြီးနောက်တစ်ခုကို ဖန်တီးနိုင်ခဲ့လေသည်။ အချို့ဇာတ်လမ်းများက အခြေအမြစ်မရှိဘဲ ယုံမှားသံသယများကို ဖန်တီးနိုင်သော်လည်း ကျန်းမုန့်လောင်ကတော့ သူတို့၏အထင်အမြင်များကို ဂရုမစိုက်ပေ။ သူတို့က မနာလိုဖြစ်နေရုံသက်သက်သာ။
နေဝင်ချိန် တဖြည်းဖြည်းနီးကပ်လာပြီဖြစ်သည့်အတွက် လုရီယောင်နှင့် သူ(မ)၏အခန်းဖော်များကို ထိုညနေခင်းဘက်တွင် ညစာလိုက်ကျွေးမည်ဟု ကျန်းမုန့်လောင် ကတိပေးထားသည်။ ထို့ကြောင့် သူတို့ ကူစူးအပြည်ပြည်ဆိုင်ရာပြခန်းစင်တာထဲက ငါးနာရီဝန်းကျင်တွင် ထွက်လာခဲ့လိုက်ကြသည်။
"ကြည့်စမ်းပါဦး။ နင် ဒီနေ့ သွေးနားထင်ရောက်နေလိုက်တာ။ နင့်အမြီးတောင် ကောင်းကင်ပေါ်ပျံတက်တော့မတတ်ပဲ"
"မဟုတ်ပါဘူး"
ကျန်းမုန့်လောင်က မှားယွင်းစွပ်စွဲခံလိုက်ရသော အမူအရာဖြင့် ဆန္ဒပြလေတော့သည်။
"ငါကိုယ်တိုင်လည်း တော်တော်အံ့ဩသွားတာ။ ဟုတ်ပြီလား။ ငါ့ဘိုးဘေးတွေက ချမ်းသာတယ်ဆိုတာအပြင် အဲ့ဒီလောက်အထိ အံ့ဩဖို့ကောင်းလိမ့်မယ်ဆိုတာကို ငါ တကယ်မသိခဲ့ဘူး"
"ဟားဟားဟား.. တကယ်ကိုမျိုးရိုးလိုက်တာပဲ။ နင့်ရဲ့စရိုက်က နင့်ဘိုးဘေးတွေဆီက အမွေရခဲ့တာဖြစ်မယ်"
လုရီယောင်က ရယ်မောလိုက်သည်။
"စိတ်တော့မဆိုးနဲ့ဟာ။ ဒါပေမဲ့ နင့်ဘိုးဘေးတွေကလည်း သူတို့ခေတ်တုန်းက သူတို့ဘယ်သွားသွား မုန်တိုင်းထန်အောင်လုပ်ခဲ့လိမ့်မယ်ဆိုတာကိုတော့ ငါ ကျိန်ရဲတယ်"
"အဲ့ဒီလောက်အထိတော့ မူမပိုပါဘူး"
ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ ဒါက ငါတို့ကျန်းမိသားစုရဲ့ အစဉ်အလာပဲလေ။ မျက်စိနောက်စရာမကောင်းတဲ့ ယောက်ျားတစ်ယောက်နဲ့ ငါးဆားနယ်လို ယောက်ျားတစ်ယောက်ကြားမှာ ဘာကွာခြားချက်ရှိလဲ"
"ပြောရင်းဆိုရင်းနဲ့ အခုမှသတိရတယ်။ မင်းရဲ့အခန်းဖော်တွေက ဘယ်မှာလဲ။ သူတို့ ဘယ်မှာစားကြမလဲဆိုတာကို ဆုံးဖြတ်ပြီးသွားပြီလား"
ကျန်းမုန့်လောင်က မေးလိုက်လေသည်။
"ငါကဖြင့် သူတို့ကိုလာဘ်ထိုးဖို့အတွက် လက်ဆောင်တွေပြင်ထားပြီးပြီ။ ဒီည သူတို့တွေ ဂုဏ်သရေအတွက် သူငယ်ချင်းသံယောဇဉ်ကို ရောင်းစားပြီး မင်းကို အဆောင်ခန်းထဲကနေ ကန်ထုတ်ချင်ကန်ထုတ်လိုက်နိုင်တယ်နော်"
"နင် ပေါက်ကရတွေပြောနေတာပဲ။ ငါ့သူငယ်ချင်းတွေနဲ့ ငါက ညီအစ်မတွေလို ရင်းနှီးကြတာ။ သာပေါင်းညာစားသူငယ်ချင်းတွေမဟုတ်ဘူး"
"ညီအစ်မတွေလိုရင်းနှီးတာလား။ အဲ့ဒါက လောင်းကြေးမမြင့်သေးလို့လေ"
ကျန်းမုန့်လောင်က ရယ်မောလိုက်ချေသည်။
"ကြည့်လိုက်. မင်းရဲ့ခြေထောက်အောက်က သေတ္တာဘူးတွေထဲမှာ ဘာပါလဲ"
"ဘာကြီးလဲ"
တကယ်တမ်းတွင် ခရီးသည်ထိုင်ခုံအောက်ရှိ ကြီးလည်းမကြီးလွန်း၊ သေးလည်းမသေးလွန်းသော ဘူးများကို သူ(မ) မနက်ကတည်းက သတိထားခဲ့မိသည်။ ဤသည်မှာ သူ(မ)၏အခန်းဖော်များအတွက် ပြင်ဆင်ထားခြင်းလေလား။
"မင်း ဖွင့်ကြည့်လိုက်လို့ရတယ်လေ"
"ဒီဆန်းကြယ်မှုတွေအားလုံး ထူးထူးဆန်းဆန်းတွေမဖြစ်ဖို့မျှော်လင့်ပါတယ်"
လုရီယောင်က ဘူးကိုဖွင့်လိုက်ပြီးနောက် အထဲမှာရှိသည့်ပစ္စည်းကို မြင်လိုက်ရသောအခါ မယုံကြည်နိုင်ခြင်းများစွာဖြင့် သူ(မ)၏မျက်ဝန်းများ ပြူးကျယ်သွားရသည်။
ထိုဘူးထဲတွင် ပိုင်ဆိုင်မှုစာချုပ်သုံးခုနှင့် ကားသော့သုံးခု ရှိနေလေသည်။ လုရီယောင်က ကားအကြောင်းစိတ်မဝင်စားသော်ငြား Maseratiအမှတ်တံဆိပ်ကိုမူ ကောင်းကောင်းသိသည်။ ဈေးပေါလှပါချည်ရဲ့ဟူသော Maseratiကားတစ်စီးကပင် တစ်သန်းပတ်လည်မျှ ကုန်ကျနိုင်လောက်သည်။
ကူစူးမြို့သည် စီရင်စုမြို့တော်လေးတစ်ခုဖြစ်၏။ ဤမြို့ရှိ အိမ်ခြံမြေဈေးနှုန်းများက ထိပ်တန်းအဆင့်မြို့များလောက်တော့ မမြင့်ပေ။ ပိုင်ဆိုင်မှုစာချုပ်ထဲရှိ လိပ်စာများမှာ မြို့လယ်ခေါင်ဧရိယာထဲရှိ အထင်ကရနေရာများတွင် တည်ရှိလေသည်။ ထိုနေရာ၏ဈေးနှုန်းများမှာ ကြမ်းခင်းဈေး တစ်စတုရန်းမီတာကို ငါးသောင်းရှိပြီး အားလုံးက အရွယ်အစားအားဖြင့် စတုရန်းမီတာ၂၀၀ခန့်မျှ ရှိသည်။
ဤအိမ်ရာများက တစ်နေရာကို ဆယ်သန်းကျော်တန်ဖိုးရှိနေလေပြီဖြစ်ရာ နှိုင်းယှဉ်ကြည့်မည်ဆိုပါက ကားများ၏တန်ဖိုးကပင် သေးနုပ်သွားချေသည်။
"ငါတို့က အခုမှပထမဆုံးတွေ့တာဆိုတော့ မင်းရဲ့အခန်းဖော်တွေ ဘာကြိုက်လဲဆိုတာမသိဘူးလေ။ အဲ့ဒါကြောင့် ပိုပြီးလက်တွေ့ဆန်တဲ့လက်ဆောင်ဆိုရင် ပိုကောင်းလိမ့်မယ်လို့ တွေးမိလိုက်လို့။ သူတို့ ဒါတွေကိုသဘောကျဖို့ မျှော်လင့်ပါတယ်"
ကျန်းမုန့်လောင်က ကားမောင်းခြင်းအမှုကို အာရုံစိုက်ထားရင်း ပြောလိုက်လေသည်။
"ကျန်းမုန့်လောင် နင်..."
ဤအခိုက်အတန့်လေးမှာ လုရီယောင်တစ်ယောက် ဒေါသထွက်ရမလား၊ ရယ်ရမလားဆိုသည်ကိုပင် မသိတော့ပေ။
ကြောက်မက်ဖွယ်ကောင်းလှသည့် ကျန်းမုန့်လောင်၏ ကြွယ်ဝချမ်းသာမှုနှင့် အံ့ဖွယ်ကောင်းလှသော မိသားစုနောက်ခံအသိုင်းအဝိုင်းအကြောင်း မျက်မြင်တွေ့ခဲ့ပြီးဖြစ်လေရာ ဤပိုက်ဆံပမာဏလောက်က သူ့အတွက် မပြောပလောက်သည့်အရာတစ်ခုဖြစ်ကြောင်း သူ(မ) အတပ်သိသည်။
သို့သော် လုရီယောင်နှင့် သူ(မ)၏အခန်းဖော်များအတွက်တော့ ဤလက်ဆောင်များက တန်ဖိုးဖြတ်မရအောင် အဖိုးတန်လှသည်။
ဤမေးခွန်းမျိုးမေးဖို့ သေချာပေါက်မလိုအပ်ပေ။ ဤကမ္ဘာကြီးတွင် ကားနှင့်အိမ်ကို သဘောမကျသူဟူ၍ ရှိနိုင်မည်တဲ့လား။
"နင် သူတို့ကို အဲ့ဒီကားတွေလာဘ်ထိုးလိုက်ရင်တောင် သူတို့မှာ အလှကုန်ပစ္စည်းတွေဝယ်ဖို့ ကုန်ကျစရိတ်ကိုတောင် မနည်းရုန်းကန်နေရတာ။ ဓာတ်ဆီဖိုးနဲ့ ပြုပြင်ထိန်းသိမ်းစရိတ်ဆိုတာကတော့ ဝေးရော"
လုရီယောင်က ယုံရခပ်ခက်ခက်ဖြင့် ပြောလိုက်သည်။
"ငါ အဲ့ဒါကို သတိမထားမိလိုက်ဘူး"
ကျန်းမုန့်လောင်က တုံ့ဆိုင်းသွားချေသည်။
"မပူပါနဲ့။ ငါ မနက်ဖြန်ကျရင် သူတို့အတွက် အကန့်အသတ်မဲ့ဓာတ်ဆီဖြည့်ခွင့်ကတ်တစ်ကတ်နဲ့ တစ်သက်တာပြုပြင်ထိန်းသိမ်းခွင့်ကတ်တစ်ကတ်ကို ပို့ပေးလိုက်မယ်"
"အဲ့လိုမဟုတ်ဘူးလေ ငါပြောချင်တာက..."
"ငါနားလည်တယ်။ မင်းက သူတို့သဘောမကျမှာ စိုးရိမ်နေတာမလား။ စိတ်မပူပါနဲ့။ ငါ့မှာ plan Bရှိပါတယ်"
ကျန်းမုန့်လောင်က လှပစွာပုံဖော်ခြယ်သထားသော ဘူးလေးတစ်ဘူးကို အနောက်နားမှ ထုတ်ယူလိုက်သည်။
"တစ်ယောက်ကို တစ်ဘူးစီ။ ဒါကိုတော့ ဘယ်သူမှမငြင်းနိုင်မှာ သေချာတယ်"
"ဒါကရော ဘာကြီးလဲ"
လုရီယောင်က သိချင်စိတ်ဖြင့် ဘူးတစ်ဘူးကို ဖွင့်ကြည့်လိုက်သည်။ သူ(မ)ဖွင့်လိုက်သည့်အချိန်မှာပင် လှပရွှန်းစိုသော အရောင်က သူ(မ)၏အကြည့်ကို ဖမ်းစားလိုက်သည်။
ကျောက်မျက်လည်ဆွဲတစ်ကုံးနှင့် နားဆွဲတစ်စုံပင်။ ဘာဘရန်းနာမည်မှ မပါသော်လည်း ဈေးနှုန်းကတ်ပြားများကတော့ ယခုထိကပ်ထားဆဲပင်။
"ငါးသန်း..နှစ်သန်း.."
"မင်းရဲ့အခန်းဖော်တွေက ဒါတွေကိုသဘောမကျဘူးဆိုတာတော့ ငါ မယုံဘူး"
ကျန်းမုန့်လောင်က ယုံကြည်မှုရှိရှိဖြင့် ပြောလိုက်လေသည်။
"ကျန်းမုန့်လောင် တော်လိုက်တော့"
လုရီယောင်၏အမူအရာမှာ ရုတ်ခြည်းတင်းမာခက်ထန်သွားရသည်။
"ဒီလိုလုပ်ဖို့ လိုလို့လား"
"ကျွီ"
ကျန်းမုန့်လောင်က လုရီယောင်၏လေသံထဲရှိ ဆို့နင့်လေဟန်အရိပ်အယောင်များကို ကြားလိုက်ရသောအခါ ဘရိတ်နင်းချလိုက်သည်။
"ရီရီ..ဘာဖြစ်လို့လဲ။ မငိုပါနဲ့.."
"ကျန်းမုန့်လောင်.. ငါက ဥစ္စာမက်တဲ့မိန်းကလေးတစ်ယောက်လို့ နင်ထင်နေတာလား။ ငါက နင့်ကို ဒီအရာတွေကြောင့်နဲ့ သူငယ်ချင်းလုပ်ခဲ့တယ်လို့ ထင်နေတာလား"
"လုံးဝမဟုတ်ပါဘူး။ ငါ..."
လုရီယောင် စကားစပြောလိုက်သည်နှင့် သူ(မ) သူ့ကို နားလည်မှုလွဲသွားလေကြောင်း ကျန်းမုန့်လောင် နားလည်လိုက်သည်။ ထိုစည်းစိမ်များကို အမွေဆက်ခံရရှိပြီးနောက် ယခုလိုအရာများအပေါ်ထားသော သူ့အမြင်ရှုထောင့်က ပြောင်းလဲသွားခဲ့သည်ဖြစ်ရာ သူ့ဘေးပတ်ပတ်လည်ရှိလူများ၏ ခံစားချက်များကို ထိခိုက်စေခဲ့သည်။
"ဟားဟားဟား..."
"နင်က ဘာရယ်တာလဲ"
ကျန်းမုန့်လောင် ခွက်ထိုးခွက်လန်ရယ်မောနေသည်ကို မြင်သောအခါ သူ(မ)၏ မှားယွင်းစွပ်စွဲခံလိုက်ရသလိုခံစားချက်များကလည်း လျော့ပါးသွားသည်။
"မင်း ငါ့ကိုလာနောက်နေတာပဲ။ ငါ မင်းနဲ့သိလာတာပဲကြာလှနေပြီ။ အဲ့ဒီတုန်းက ငါက ဒီအတိုင်း ဆင်းရဲသားအရှုံးသမားတစ်ယောက်သာသာပဲရှိသေးတာ။ မင်းကသာ ဥစ္စာမက်တဲ့လူဆိုရင် ငါနဲ့ ဒီလောက်ကြာတဲ့အထိ သူငယ်ချင်းတွေဖြစ်နေခဲ့ပါ့မလား"
"ခွီး"
လုရီယောင်က ရုတ်ခြည်းရယ်ချလိုက်သည်။ ကျန်းမုန့်လောင်ကိုသာ "အရှုံးသမား"ဟု သတ်မှတ်မည်ဆိုပါက စကာလုံးများကို အဓိပ္ပာယ်ပြန်လည်သတ်မှတ်ဖို့ လိုအပ်နေလေပြီ။
"ရီရီ.. ငါက အရင်တုန်းကငါဖြစ်နေတုန်းပါပဲ။ အခု ချမ်းသာသွားတဲ့အချက်ကလွဲရင် နင် ဟိုးအစကတည်းကသိခဲ့တဲ့ ကျန်းမုန့်လောင်ပါပဲ။ မင်းလည်း မပြောင်းလဲသွားဖို့ ငါမျှော်လင့်ပါတယ်။ သီချင်းဆိုရတာကိုသဘောကျတဲ့၊ ဂီတကိုမြတ်နိုးတဲ့၊ ဂိမ်းကစားကိုသဘောကျတဲ့၊ ငါနဲ့ ဘယ်အကြောင်းအရာမဆို စကားစမြည်ပြောပေးနိုင်ပြီး ငါနဲ့အတူ ကျီစယ်စနောက်နိုင်မဲ့မိန်းကလေးတစ်ယောက်အဖြစ်ပေါ့"
"ဘယ်သူက နင့်ကို ကိစ္စတွေအကုန်ပြောပြချင်နေလို့လဲ။ ကျန်းမုန့်လောင် နင်က အရမ်းရွံဖို့ကောင်းတာပဲ"
"ဟားဟားဟား.. ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကိုယ့်မစင်နံ့နဲ့ ကိုယ်ပြန်နံနေတယ်ဆိုတာ ဘယ်သူပြောခဲ့တာပါလိမ့်"
"အား. နင် အဲ့ဒါကိုပြောရဲပြောကြည့်နော်"
...
ရယ်မောသံများနှင့်အတူ အခြေတည်စစိတ်ဝမ်းကွဲမှုဟာ လျှပ်တစ်ပြက်ကင်းစင်ပပျောက်သွားခဲ့သည်။
"ငါ့အခန်းဖော်ဖုန်းခေါ်နေတာ"
လုရီယောင်က စိတ်လှုပ်ရှားတက်ကြစွာဖြင့် ဖုန်းကိုင်လိုက်သည်။
"နင့်ရဲ့ငွေကြေးပိုင်းဆိုင်ရာတိုက်ခိုက်မှုကြီးနဲ့ဆိုရင် သူတို့တွေ အဖွဲ့လိုက်ကြီး ငါ့ကိုသစ္စာဖောက်ကြတော့မှာ"
"ဟေး ရှီရှီ.. ငါတို့ ကျောင်းကိုပြန်လာနေပြီ။ နင်တို့ အခုထိမဆုံးဖြတ်ရသေးဘူးလား။ နင်တို့မှာ တစ်နေကုန်အချိန်ရှိတာပဲကို"
"ရီရီ.. ငါတို့ ဒီနေ့တော့သွားနိုင်တော့မယ်မထင်ဘူး"
"ဟင်..မသွားနိုင်တော့ဘူးလား။ အဲ့ဒါ ဘာအဓိပ္ပာယ်လဲ"
လုရီယောင်၏မျက်နှာထက်တွင် အကြောက်တရားတို့ စွန်းထင်းသွား၏။
"ဧကန္တ.."
"သူ ရောက်နေပြန်ပြီ"
……