စော်ကားတဲ့တင်တောင်းငွေ
Vol. 6 Ch. 82
"ဘာဖြစ်တာလဲ။ မင်းအမူအရာက ရုတ်တရက်ကြီး ဘာလို့ တအားဆိုးဝါးသွားရတာလဲ"
နောက်ကြည့်မှန်မှတစ်ဆင့် လုရီယောင်၏ စိုးရိမ်နေဟန်အမူအရာကို ကျန်းမုန့်လောင် မြင်လိုက်ရသည်။
"ဘာမှမဟုတ်ပါဘူး။ နင် ငါ့ကို ကျောင်းပေါက်ဝမှာပဲ ချထားပေးခဲ့ပြီး ပြန်လိုက်ပါတော့လား။ ငါ့အတန်းဖော်တွေ တစ်ခုခုဖြစ်နေလို့။ ငါတို့ ဒီညတော့ ညစာစားလို့မရလောက်တော့ဘူးထင်တယ်"
"ရီရီ..မင်းက လိမ်တဲ့နေရာမှာ မတော်ဘူးပဲ"
ကျန်းမုန့်လောင်က အရာအားလုံးကို ရှင်းရှင်းလင်းလင်းကြားထားပြီးဖြစ်၏။
"မင်းရဲ့အခန်းဖော်က သူရောက်နေတယ်လို့ ပြောလိုက်တယ်။ သူက ဘယ်သူလဲ"
"လာမမေးနဲ့။ အဲ့ဒါက ငါ့ကိစ္စပါ"
"မင်းရဲ့ကိစ္စဆိုတာက ဘာသဘောလဲ။ မင်းကိစ္စက ငါ့ကိစ္စပဲလေ။ ငါ အဲ့ဒါကို တစ်ခါနှစ်ခါမက ပြောခဲ့ဖူးတယ်မဟုတ်ဘူးလား"
ဤအခိုက်အတန့်လေးမှာ ကျန်းမုန့်လောင်က လွှမ်းမိုးချုပ်ကိုင်တတ်သော စီအီးအိုတစ်ယောက်၏အသွင်ကို ယူလိုက်လေသည်။
"ရည်းစားဟောင်းလား။ ကိစ္စမရှိပါဘူး။ သူ့ကို တစ်ဘီလီယံလောက်ပေးပြီး ထွက်သွားခိုင်းလိုက်မယ်"
"မဟုတ်ဘူး"
လုရီယောင်က ခေါင်းခါပြလိုက်သည်။
"အဲ့ဒါ..အဲ့ဒါက ငါ့အဖေ"
"မင်းအဖေလား"
ကျန်းမုန့်လောင်က မျက်မှောင်ကြုတ်လိုက်လေသည်။
သူနှင့် လုရီယောင်တို့က အရာအားလုံးနီးပါးကို ရင်ဖွင့်ပြောဆိုရလောက်သည်အထိ ရင်းနှီးခဲ့ကြသည်ဖြစ်ရာ လုရီယောင်ကိုယ်တိုင်ကလွဲလျှင် သူ(မ)၏မိသားစုအကြောင်း သူ့ထက်ပို၍သိနိုင်သူ မရှိလောက်ပေ။
တကယ်တမ်းတွင် လုရီယောင်က သူများရှေ့တွင်သာ တက်တက်ကြွကြွနေတတ်ပြီး တစ်ယောက်တည််းရှိချိန်ဆိုလျှင် ဂီတကိုသာအဖော်ပြုပြီး အခြားအရာများနှင့် သူ့ကိုယ်သူအဆက်အသွယ်ဖြတ်ထားတတ်သူတစ်ယောက်ဖြစ်၏။ ကျန်းမုန့်လောင်နှင့် တွေ့ဆုံပြီးနောက်မှသာ သူ(မ)လည်း အနည်းငယ်ပြောင်းလဲစပြုလာခဲ့ခြင်းပင်။
ဤကိစ္စများအားလုံး၏ လက်သည်တရားခံမှာ သူ(မ)၏မိသားစုပင်။
အစတုန်းက လုရီယောင်တို့မိသားစုသည် ပျော်ရွှင်သာယာခဲ့ဖူးသည်။ သို့သော် ထို့နောက်မှာ သူ(မ)၏အဖေလုဟွေ့ယန်က လောင်းကစားကို အသည်းအသန်စွဲလမ်းလာခဲ့သည်။ သူ လောင်းကစားရှုံးတိုင်း အိမ်မှာ ဝုန်းဒိုင်းကြဲပြီး ပြဿနာရှာလေ့ရှိသည်။ ဤသို့ဖြင့် အဆုံးတွင် သူ(မ)၏အမေက ယခုလိုဘဝမျိုးတွင် ဆက်မနေနိုင်တော့သဖြင့် သူ့ကို ကွာရှင်းဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်သည်။
နောက်ပိုင်းမှာ သူ့အဖေက စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုလက္ခဏာတချို့ကို ပြသလာခဲ့ပြီး လုရီယောင်ကိုလည်း ဆေးရုံတက်ရလောက်အောင်အထိ ဒဏ်ရာအပြင်းအထန်ရရှိစေခဲ့သည်။ အဆိုးဆုံးဖြစ်ရပ်ကမူ သူ(မ)ကို တစ်လလုံးလုံးဆေးရုံတက်ရအောင် လုပ်ခဲ့ခြင်းပင်။
လုရီယောင် တက္ကသိုလ်တက်ပြီးနောက်မှသာ သူ့အဖေ၏ညှဉ်းပန်းနှိပ်စက်မှုမှ လွတ်မြောက်ခဲ့ရသည်။ သူ(မ)၏ ဂီတပိုင်းဆိုင်ရာစွမ်းရည်ကို မှီခိုပြီး တစ်ခါတစ်ရံတွင် ကလေးငယ်များကို ဂီတသင်ခန်းစာများ သင်ကြားပေးခြင်းမျိုးနှင့် သူ(မ)၏ဖန်တီးမှုများကို ဂီတဝက်ဆိုက်အမျိုးမျိုးတွင် ထုတ်လွှင့်ခြင်းတို့ဖြင့် သင့်တင့်လျောက်ပတ်သော ဝင်ငွေတစ်ခုကို ရလာခဲ့သည်။ အနည်းဆုံးတော့ သူ(မ)အနေနှင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်နေလေပြီ။
ထိုအချိန်ကတည်းက သူ(မ)၏အဖေကို ထပ်မဆက်သွယ်တော့ဘဲ နှစ်သစ်ကူးကာလအတွင်းမှာလည်း ကူစူးမြို့မှာသာ နေခဲ့သည်။ ယခုနှစ်၏ ဆောင်းဦးပွဲတော်မှာ ကျန်းမုန့်လောင်၏ အဖော်ပြုမှုကြောင့် သူ(မ)အတွက် အပျော်ရွှင်ရဆုံးနေ့တစ်နေ့ ဖြစ်ခဲ့ရသည်။
တက္ကသိုလ်တက်ရသည့် နေ့ရက်များဟာ သူ(မ)ဘဝတွင် စိတ်အသက်သာရဆုံးနေ့ရက်များသာ ဖြစ်၏။ ဘွဲ့ရပြီးလျှင် သူ(မ)သဘောကျသည့် အလုပ်ကို ရှာနိုင်တော့မည်ဖြစ်၏။ သူ(မ) အချိန်အကြာကြီးသိလာခဲ့ပြီး တစ်ခါမှမတွေ့ဖူးသေးသောလူနှင့်လည်း တွေ့ကောင်းတွေ့နိုင်လောက်ပေသည်။ အရာအားလုံးက ပိုမိုကောင်းမွန်လာဟန်တူလေသည်။
သို့သော် ယခုတော့ ကြိုတင်အသိပေးခြင်းမရှိပါဘဲ သူ(မ)၏အဖေက ကျောင်းအထိ ရောက်ချလာခဲ့လေသည်။ သူ့လောင်းကစားစွဲလမ်းမှုကလည်း နှစ်ပေါင်းများစွာကြာသည့်တိုင် လျော့ပါးမသွားခဲ့ပေ။ စင်စစ်မှာ ပို၍ပင် ဆိုးဝါးလာခဲ့သည်။ အိမ်ကိုပါ ဆုံးရှုံးလိုက်ရပြီး အကြွေးလည်နစ်နေပြီဖြစ်၏။
ရူးသွပ်နေသော လုဟွေ့ယန်က ယခုမှသာ သူ့တွင် သမီးတစ်ယောက်ရှိကြောင်း အမှတ်ရသွားခဲ့သည်။ သူ(မ)ကို လာရှာသည်မှာ နှစ်ခါရှိသွားလေပြီ။ ပြီးခဲ့သည့်တစ်ခေါက်လာခဲ့စဉ်က လုရီယောင်၏နေထိုင်စားသောက်စရိတ်နှစ်ဝက်စာမျှနှင့် ကျူရှင်စရိတ်တစ်နှစ်စာကိုပါ အတင်းအကျပ်ယူသွားခဲ့သည်။ သူ(မ)၏အခန်းဖော်များထံမှ အကူအညီသာမရခဲ့ပါလျှင် သူ(မ)လည်း စာဆက်သင်နိုင်တော့မည်မဟုတ်။
"ငါ မင်းနဲ့လိုက်ခဲ့မယ်"
ကျန်းမုန့်လောင်က လီဗာနင်း၍ ကားကို အရှိန်တင်လိုက်လေသည်။ မိနစ်နှစ်ဆယ်ကြာရမည့် ခရီးတစ်ခုက ဆယ်မိနစ်မပြည့်သေးခင်မှာပင် ရောက်ရှိသွားခဲ့သည်။
ထင်ထားသည့်အတိုင်းပင် လုရီယောင်တို့အဆောင်အောက်တွင် လူအုပ်ကြီးတစ်စု ဝိုင်းအုံနေပေသည်။ ထိုနေရာတွင် ကျောင်းစောင့်များပင် ရှိနေလေ၏။ သို့သော် လုံခြုံရေးအစောင့်များက လုဟွေ့ယန်၏ ရူးနှမ်းနှမ်းအပြုအမူများကြောင့် တွေဝေတုံ့ဆိုင်းနေသည်။ မည်သို့ပင်ဖြစ်စေ စိတ်မနှံ့သူတစ်ယောက်က တစ်စုံတစ်ယောက်ကို ထိခိုက်နာကျင်စေခဲ့လျှင်တောင် အရေးယူခံရမည်မဟုတ်ချေ။
"လုရီယောင်.. အောက်ကိုဆင်းခဲ့စမ်း"
"ငါ နင့်ကို နှစ်နှစ်ဆယ်ကျော်လောက် ပြုစုပျိုးထောင်ပေးခဲ့ရတာ။ အခု နင့်မှာ ချမ်းသာတဲ့ရည်းစားတစ်ယောက် ရှိနေပြီဆိုတော့ နင့်အဖေကို ကျေးဇူးပြန်မဆပ်သင့်ဘူးလား"
"နင် အောက်ဆင်းမလာဘူးဆိုရင် နင်လာတဲ့အထိ ငါ ဒီမှာပဲထိုင်စောင့်နေမှာနော်"
"မင်းတို့တွေက ဘာလာကြည့်နေတာလဲ။ ကိုယ့်သမီးကိုယ်လာရှာတာ ဘာထူးဆန်းနေလို့လဲ။ အကုန်လုံးထွက်သွားကြစမ်း"
ကျန်းမုန့်လောင်နှင့် လုရီယောင်တို့၏ သတင်းများက အွန်လိုင်းပေါ်တွင် နှစ်ရက်မျှသာ ပြန့်သွားခဲ့သည်ဆိုသော်ငြား လုဟွေ့ယန်ကတော့ မတော်တဆမြင်ခဲ့သည်။ မကြာသေးခင်ကမှ နာမည်ကြီးလာခဲ့သော ဒုတိယမျိုးဆက်လူချမ်းသာတစ်ယောက်နှင့် အလွန်ရင်းနှီးနေသူမှာ သူ့သမီးအရင်းကြီးပင်။
သို့ဖြစ်လေရာ သူလည်း ကျန်းမုန့်လောင်နှင့်ပတ်သက်သည့် သတင်းအချက်အလက်မှန်သမျှကို သူ တတ်နိုင်သလောက် ရှာဖွေဖော်ထုတ်ခဲ့သည်။ အနည်းငယ်စုံစမ်းစစ်ဆေးအပြီးမှာတော့ ထိုလူငယ်လေး၏ ချမ်းသာကြွယ်ဝမှုနှင့် နောက်ခံအသိုင်းအဝိုင်းက ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ခန့်မှန်းမရနိုင်ကြောင်း သိလိုက်ရသည်။
လုရီယောင်က ကျန်းမုန့်လောင်နှင့် တွဲနေသည်ဟု သူ ချက်ချင်းရိပ်စားမိလိုက်ပြီး မျှော်လင့်ချက်အနည်းငယ်ရသွားခဲ့သည်။ သူ့သမီးဆီမှ ပိုက်ဆံအမြောက်အများကို ရနိုင်လောက်ပေသည်။ သူ့တစ်သက် လောင်းကစားငွေအတွက် စိုးရိမ်စရာမလိုတော့ပေ။
...
"ဒါက မင်းအဖေလား"
ကျန်းမုန့်လောင်က ဖိုသီဖတ်သီနှင့် ပစ်စလတ်ခတ်ဟန်ပေါက်နေသော အမျိုးသားကြီးကို ကြည့်ပြီး တဒင်္ဂမျှဆွံ့အသွားရသည်။
"ဒီနှစ်တွေအတွင်း မင်း တော်တော်ခက်ခဲခဲ့မှာပဲနော်"
"အဆင်ပြေပါတယ်"
လုရီယောင်က ကူကယ်ရာမဲ့ပြီး ခါးသက်နေသော အပြုံးတစ်ပွင့်ကို ဆင်မြန်းလျက် ပြောလာလေသည်။
"ငါ တက္ကသိုလ်စတက်ကတည်းက နည်းနည်းသည်းခံနိုင်သွားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက ငါ့အဖေလေ။ ငါ သူ့အပေါ် ကျေးဇူးကြွေးတင်နေတာပဲကို"
"သူ့အပေါ် ကျေးဇူးကြွေးတင်တာတဲ့လား။ အဖေလို့နာမည်ခံပြီး ပြုစုပျိုးထောင်ရကောင်းမှန်းမသိတဲ့လူတစ်ယောက်ို အဖေလို့တောင် မခေါ်ထိုက်ဘူး"
ကျန်းမုန့်လောင်ခမျာ ဒေါသများ လောင်မြိုက်နေသဖြင့် အပြေးသွားကာ လုဟွေ့ယန်ကို ရိုက်ပစ်လိုက်ချင်မိသည်။ သူ့ကြောင့်သာမဟုတ်ပါက လုရီယောင်၏စရိုက်က ထိခိုက်လွယ်ပြီး အထီးကျန်နေမည်မဟုတ်။
"ကျန်းမုန့်လောင်.. စိတ်လိုက်မာန်ပါမလုပ်လိုက်နဲ့။ ဘယ်လိုပဲဖြစ်ဖြစ် သူက ငါ့အဖေဖြစ်နေတုန်းပဲလေ..."
"အဆင်ပြေပါတယ်။ စိတ်မပူနဲ့။ ငါ ဘာမှစိတ်လိုက်မာန်ပါမလုပ်ပါဘူး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။ ထို့နောက် ဟုန်းရီဆီသို့ အသံမက်ဆေ့ချ်ပို့လိုက်၏။
"ဟုန်းရီ.. ရီရီရဲ့အဖေအကြောင်း သတင်းအချက်အလက်တွေအကုန် မြန်နိုင်သမျှမြန်မြန်လေးရှာပေးပါဦး။ ဒီဘက်မှာ ကိစ္စတစ်ခုဖြစ်နေလို့"
"မစ္စတာကျန်း.. ကျွန်မတို့မှာ သူ့အချက်အလက်တွေ ရှိထားပြီးသားပါ"
ဟုန်းရီက မဆိုင်းမတွပြန်ပြောလိုက်သည်။
"ရှင် မိန်းကလေးလုနဲ့စတွေ့ပါပြီဆိုကတည်းက သူ့အချက်အလက်တွေအကုန်လုံးက ကျွန်မတို့ဆီမှာ ရှိထားပြီးသားပါ"
"သောက်ကျိုးနည်း..မင်းတို့တွေက စပိုင်တွေလားဘာလား"
"ရှင့်အနားမှာရှိတဲ့လူတွေက ရှင့်ကို အန္တရာယ်ပေးမဲ့လူတွေမဟုတ်တာ သေချာအောင်လုပ်ရမယ်လေ"
ဟုန်းရီက ထိုသို့ပြောလိုက်သည်။
"လုဟွေ့ယန် အသက်၄၉နှစ်.. စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုရှိတယ်။ လောင်းကစားစွဲလမ်းနေပြီး လက်ရှိမှာ အကြွေး၁.၂၇သန်းတင်နေပြီး အိမ်ခြေရာမဲ့ဖြစ်နေတယ်"
"ကျစ်.. သူတို့က စိတ်မနှံ့တဲ့လူကိုတောင် ဒီအတိုင်းလွှတ်ထားတာပဲလား။ ဘယ်ဆေးရုံကများ ရောဂါရှာဖွေစစ်ဆေးပေးခဲ့တာပါလိမ့်"
ကျန်းမုန့်လောင်က ခပ်တိုးတိုးရေရွတ်လိုက်သည်။
"သိပြီ။ မင်း ငါ့အစား ကောင်းယွီရှန်းကို ဆက်သွယ်ပေးပါလား။ ဒီကို လူတချို့လွှတ်ပေးခိုင်းလိုက်။ ဒီမှာရှိတဲ့လုံခြုံရေးတွေက ဒီအရူးကို မထိန်းထားပေးနိုင်မှာစိုးတယ်"
"ကောင်းပါပြီ။ ကျွန်မ ချက်ချင်းဆက်သွယ်လိုက်ပါ့မယ်"
"သွားရအောင်... ငါတို့ သွားကြည့်လိုက်မယ်လေ"
"ငါကြောက်တယ်..."
"ဘာမှမဖြစ်ပါဘူး။ ငါရှိတယ်လေ"
ပထမဆုံးအကြိမ်အဖြစ် ကျန်းမုန့်လောင် လုရီယောင်၏လက်ကို ဆုပ်ကိုင်ထားလိုက်သည်။ သူတို့ စတင်သိကျွမ်းခဲ့သည့်အချိန်ကတည်းက ဤသည်မှာ သူတို့၏ ပထမဆုံးသော ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုဖြစ်သည်။
လုရီယောင်ကလည်း ထိုအထိအတွေ့ကို မငြင်းဆန်ခဲ့ပေ။ ထိုလက်ဟာ သူ(မ)ကို ပို၍ပင် စိတ်လုံခြုံသလို ခံစားရစေသည်။
"တစ်ဆိတ်လောက်ပါ..လမ်းဖယ်ပေးပါဦး"
"ကျန်းမုန့်လောင်လား။ ကျန်းမုန့်လောင်ပဲဟ"
"လုရီယောင် ရောက်လာပြီ"
"ပွဲကြီးပွဲကောင်းပဲဟေ့။ တစ်နှစ်တာရဲ့အကောင်းဆုံးဇာတ်လမ်းပဲ"
"လုရီယောင်မှာ ဒီလိုအဖေမျိုး ဘယ်လိုလုပ်ပြီးရှိနေရတာလဲ။ သူ အရင်က တစ်ခါမှလည်းမပြောဖူးဘူး"
"မိသားစုအရေးကိစ္စတွေက လူကြားထဲထုတ်မပြောသင့်ဘူးလေ။ ငါ့မှာသာ အဲ့လိုအဖေမျိုးရှိတယ်ဆိုရင် ငါလည်း ဘယ်သူ့ကိုမှထုတ်ပြောဖြစ်မှာမဟုတ်ဘူး"
"အမှန်ပဲ။ သူတို့ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ကြမလဲမသိဘူး"
"ဘာတွေများ ကိုင်တွယ်ဖြေရှင်းစရာရှိနေလို့လဲ။ ကျန်းမုန့်လောင်လိုရည်းစားမျိုးရှိနေမှတော့ ဘယ်ပြဿနာကများ မဖြေရှင်းနိုင်စရာရှိလို့လဲ"
"ဟုတ်တယ်။ ဘော့စ်ကျန်းက ပိုက်ဆံတစ်ထုပ်ပစ်ပေးပြီး အဲ့ဒီအရူးကို ထွက်သွားခိုင်းလောက်တယ်"
"ဟားဟား.. ကွာစေ့ကိုက်ရအောင် ငါ့ကွာစေ့ဘယ်မှာလဲ"
...
"ဘာမှမဖြစ်ဘူးနော်"
ပတ်ပတ်လည်ရှိ အတင်းအဖျင်းပြောသံများကို ကြားသောအခါ လုရီယောင်၏မျက်နှာထက် ပေါ်ပေါက်လာသော ခံစားချက်များကို သတိပြုမိလိုက်သဖြင့် ကျန်းမုန့်လောင်က သူ(မ)၏လက်ကို ပို၍ပင်တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်သည်။
"ကောင်မစုတ်လေး.. အဲ့ဒါကြောင့် နင် အပြင်ထွက်သွားတာကိုး"
လုဟွေ့ယန်က တကယ်ပင် စိတ်မနှံ့လေသလား၊ ဟန်ဆောင်နေသလားဆိုသည်မှာ သိပ်မရှင်းလင်းသော်ငြား ဤအခိုက်အတန့်လေးမှာတော့ သူ့စိတ်က အလွန်ရှင်းလင်းပြတ်သားနေပေသည်။
"ဒီကိုလာခဲ့စမ်း"
လုဟွေ့ယန်က အော်ဟစ်လိုက်သည်။
"နင် ချမ်းသာတဲ့ရည်းစားတစ်ယောက်ရထားတယ်လို့ ငါကြားတယ်။ အဲ့ဒါ ဒီကောင်လား"
"ကောင်လေး.. မင်းက ငါ့သမီးနဲ့တွဲနေတာလား"
"ဟုတ်ပါတယ်"
ကျန်းမုန့်လောင်က လုရီယောင်ကို သူ့အနောက်သို့ ဆွဲပို့လိုက်သည်။
"ဝိုး... သူဝန်ခံလိုက်တယ်ဟ"
"ကဲ ကဲ ကဲ"
"ဝူး..ငါ့လူငယ်ဘဝလေးတော့သွားရှာပြီ"
"အရမ်းရိုမန့်တစ်ဆန်တာပဲ။ ငါ တအားမနာလိုဖြစ်နေပြီ"
"ဟားဟားဟား ကောင်းတယ်"
လုဟွေ့ယန်က ရယ်မောလိုက်လေတော့သည်။
"ငါ့သမီးကို ပြုစုပျိုးထောင်ဖို့အတွက် ငါ ပိုက်ဆံတွေအများကြီးသုံးခဲ့ရတာ။ အခုကစပြီး မင်းတို့ကိစ္စတွေမှာ ငါဝင်ပါမှာမဟုတ်ဘူး။ ငါ့ကို တင်တောင်းငွေငါးသန်းသာပေးလိုက်။ ဒါဆိုရင် ငါ့သမီးက မင်းအပိုင်ပဲ။ ဘယ်လိုလဲ"
"သောက်ကျိုးနည်း.. သူ့သမီးသူပြန်ရောင်းစားနေတာလား"
"တင်တောင်းငွေငါးသန်းတဲ့လား။ သူ ဓားပြသာတိုက်လိုက်ပါတော့လား"
"ခွီး.. ငါးသန်းတည်းနဲ့ဆိုရင်တော့ ဘော့စ်ကျန်းကို စော်ကားလိုက်သလိုပဲ"
"ဟားဟားဟား.. ဟုတ်ပါ့။ ဒီနေ့ပဲ နာမည်ကြီးပန်းချီကားတွေဝယ်ဖို့အတွက် ၅၀၀ဘီလီယံသုံးလိုက်တဲ့လူတစ်ယောက်အတွက်တော့ ဒီတင်တောင်းငွေက စော်ကားလိုက်တာပဲ"
"စော်ကားတဲ့တင်တောင်းငွေ'တဲ့။ သိပ်ကောင်းတဲ့စကားပဲ။ ဒီအရူးကြီးကတော့ သူ့သမီးရဲ့ရည်းစားက တကယ်တမ်းမှာ ဘယ်လောက်ချမ်းသာလဲဆိုတာကို သေချာသိပုံမရဘူး"
........