သူ့အတွက် စိတ္တဇဆေးရုံဆောက်ပေးလိုက်
Vol. 6 Ch. 83
ပတ်ပတ်လည်ရှိ လှောင်ပြောင်ရယ်မောသံများဟာ လုဟွေ့ယန်ကို အံ့သြမှင်တက်သွားစေခဲ့သည်။ တင်တောင်းငွေငါးသန်းတောင်းခြင်းမှာ ယခုလိုအလှောင်ခံရမည့် ကိစ္စတစ်ခုများ ဖြစ်နေလေသလား။
လုရီယောင်၏မိခင်ကို သူ လက်ထပ်ခဲ့စဉ်က တင်တောင်းငွေအတွက် ယွမ်အနည်းငယ်မျှပင် ပေးခဲ့ရသည်။ ရာစုနှစ်များစွာ ကုန်လွန်ခဲ့ပြီဖြစ်ပြီး လက်ရှိငွေကြေးဖောင်းပွမှုက ထိုခေတ်တုန်းက ငွေကြေးနှင့် မယှဉ်နိုင်တော့သော်လည်း ငွေငါးသန်းဆိုသည်မှာ လုဟွေ့ထန် အိပ်မက်ပင်မမက်ရဲသော ပမာဏတစ်ခုဖြစ်သည်။
ရာစုနှစ်တစ်ခုကျော်ကြာသည်အထိ သူ နေထိုင်ခဲ့သော အိမ်ကလည်း အကြွေးရှင်များထံ ပေါင်နှံလိုက်လျှင်ပင် သိန်းဂဏန်းမျှသာ ရပေလိမ့်မည်။ သူ့မှာ အတည်တကျအလုပ်အကိုင်တစ်ခုလည်း မရှိတော့ချေ။ ဤအကြွေးတစ်သန်းကျော်ကိုသာ သူ့ဘာသာဆပ်ရမည်ဆိုလျှင် သူသေသွားသည့်တိုင် ဆပ်မကုန်နိုင်ဖြစ်နေမည်ကို စိုးမိသည်။
ကျန်းမုန့်လောင်တွင် ပိုက်ဆံရှိကြောင်း သူသိထားသော်လည်း ၎င်းမှာ မသေချာမရေရာသော အကြံတစ်ခုသာဖြစ်၏။ သူ၏စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ကျန်းမုန့်လောင်၏ ကြွယ်ဝချမ်းသာမှုအစစ်ကို စုံစမ်းဖော်ထုတ်ရန် အင်အားမရှိပေ။
ကျန်းမုန့်လောင်က သူ့သမီးအတွက်နှင့် ကုမ္ပဏီတစ်ခုကို ဝယ်ယူလိုက်ကြောင်းကိုသာ သူကြားထားခြင်းဖြစ်သည်။ ယခုလိုလုပ်ဆောင်ရည်မျိုးနှင့်ဆိုလျှင် သူ့မှာ သန်းပေါင်းမြောက်များစွာပိုင်ဆိုင်ထားခြင်း ဖြစ်ရပေလိမ့်မည်။ သူ့အမြင်တွင် သန်းပေါင်းမြောက်များစွာပိုင်ဆိုင်မှုကပင် အလွန်အံ့ဖွယ်ကောင်းနေလေပြီ ဖြစ်၏။
သူ့ဘက်က တင်တောင်းငွေငါးသန်းတောင်းလိုက်ခြင်းကပင် များလွန်းသွားပြီဟု ထင်ခဲ့မိသည်။
သို့သော် သူ့တောင်းဆိုမှုကြောင့် ပတ်ပတ်လည်ရှိလူအပေါင်းက လှောင်ပြောင်သရော်လာလိမ့်မည်ဟု သူ လုံးဝထင်မထားပေ။
"ခင်ဗျား ငါးသန်းပဲတောင်းချင်တာ သေချာရဲ့လား"
"ငါးသန်းပဲ။ တစ်ပြားမှမလျှော့ဘူး။ အဲ့လိုမှမဟုတ်ရင် ငါ သူ့ကို အခုချက်ချင်းခေါ်သွားမှာ"
"အဖေ"
လုရီယောင်၏မျက်ဝန်းထဲ၌ မျက်ရည်များရစ်သိုင်းလာသည်။
"သမီးက အဖေ့အတွက် ရောင်းကုန်တစ်ခုသက်သက်ပဲလား။ အဖေက အမေ့ကိုလည်း မောင်းထုတ်လိုက်ပြီ။ အခု သမီးရဲ့ဘဝကိုပါ ဖျက်ဆီးချင်နေပြီပေါ့။ ဟုတ်လား"
"ငါ နင့်ကို ဒီနှစ်တွေတစ်လျှောက်လုံး ပြုစုပျိုးထောင်လာခဲ့တာက နောင်အနာဂတ်မှာ ငါ့ကိုပြန်ထောက်ပံ့ပေးနိုင်အောင်လို့လေ"
လုဟွေ့ယန်က နောင်တရဟန် အလျဉ်းမရှိပေ။
"ငါ နင့်ကိုပြောမယ် လုရီယောင်။ ငါက နင့်အဖေပဲ။ နောက်လည်း နင့်အဖေပဲဖြစ်သွားဦးမှာ။ နင်အသက်ရှင်နေသရွေ့ ငါ့ကို ဘယ်တော့မှရှောင်နေလို့ရမှာမဟုတ်ဘူး"
"ခင်ဗျား ပိုက်ဆံငါးသန်းရရင် သူ့အနားမှာ ထပ်ပြီးကပ်တွယ်မနေတော့ပါဘူးလို့ ပြောလိုက်တယ်နော်"
"ဟုတ်တယ်"
လုဟွေ့ယန်က ပြောလိုက်သည်။
"ငါ့ကိုပိုက်ဆံပေးရင် မိဘကိုထောက်ပံ့ရမဲ့တာဝန်လည်း ကျေပြီပဲ။ ဒါဆိုရင် ငါ သူ့ကို လုံးဝနှောင့်ယှက်တော့မှာမဟုတ်ဘူး"
"ကောင်းပြီလေ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ငါးသန်း..ခင်ဗျား ကတိတည်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်"
ကျန်းမုန့်လောင်သည် လုရီယောင်၏ဘဏ်အကောင့်ကို ဟုန်းရီထံမှတစ်ဆင့် လွယ်လင့်တကူရရှိလိုက်ပြီး ချက်ချင်းပင် ပိုက်ဆံငါးသန်းလွှဲပေးလိုက်သည်။
လုဟွေ့ယန်၏ဖုန်းထဲသို့ ဘဏ်မှအကြောင်းကြားစာ ရောက်လာသောအခါ သူ့မျက်နှာက အံ့အားသင့်မှုကြောင့် ဝင်းပသွားလေတော့သည်။
ဒီလူငယ်လေးက သူ့ကို ပိုက်ဆံငါးသန်း တကယ်ထုတ်ပေးလိုက်တာပဲ။
"ဟားဟားဟား"
လုဟွေ့ယန်က အားရပါးရအော်ရယ်လိုက်သည်။
"ငါးသန်းတဲ့ ငါးသန်း ဟားဟားဟား"
"သောက်ကျိုးနည်း.. မင်း အဲ့ဒါကိုယုံတယ်ပေါ့။ လောင်းကစားသမားတစ်ယောက်က အဲ့ဒီပိုက်ဆံငါးသန်းကို ရက်ပိုင်းလေးနဲ့တောင် ကုန်အောင်သုံးပစ်လိုက်မှာ။ ပြီးရင် ချက်ချင်းပြန်ရောက်လာဦးမှာပဲ"
"အမှန်ပဲ။ ချိုမြိန်မှုရဲ့အရသာကို သိသွားတာနဲ့ ဘယ်လိုလုပ်ရပ်နိုင်တော့မှာလဲ။ ကျန်းမုန့်လောင် နင် သူ့ကို မယုံလိုက်သင့်ဘူး"
"ဟုတ်တယ်။ အဲ့ဒီလိုလူစားမျိုးကို ဒီအတိုင်းလျစ်လျူရှုထားလိုက်"
"ထားလိုက်ပါတော့။ အဲ့ဒါကို အငယ်တစ်ယောက်အနေနဲ့ ငါလုပ်ပေးရမဲ့ တာဝန်တစ်ခုလို့ သဘောထားလိုက်ပါ"
ကျန်းမုန့်လောင်သည် ဝမ်းနည်းဆို့နင့်မှုကြောင့် စကားမပြောနိုင်ဖြစ်နေရှာသည့် လုရီယောင်၏ပခုံးကို ပုတ်လိုက်သည်။
သူ(မ)အနေနှင့် သူ(မ)၏အဖေအပေါ် သံယောဇဉ်မရှိပါဘဲ မုန်းတီးမှုများသာ ရှိသော်ငြား ထိုလူ၏သဘောထားကို ကြားလိုက်ရပြီးနောက် သူ(မ)စိတ်ထဲ ခံစားလိုက်ရမည့် စိတ်ပျက်အားငယ်မှုတို့ကို စိတ်ကူးကြည့်၍ရနိုင်လေသည်။
"ခဏနေဦး"
ထိုအခိုက်ဝယ် လုဟွေ့ယန်က တစ်ဖန်ဆိုလာပြန်၏။
"ငါးသန်းတည်းနဲ့ မလုံလောက်ဘူး"
"ခင်ဗျား ဘာပြောလိုက်တယ်"
ကျန်းမုန့်လောင်၏မျက်ဝန်းအစုံမှာ မှေးကျဉ်းသွားရသည်။
"အခုလေးတင် ပိုက်ဆံငါးသန်းရရင် သူ့အနားကို မလာတော့ပါဘူးလို့ ခင်ဗျားပြောထားတာလေ"
"ဟမ့် အဲ့လောက်နဲ့ဘယ်ရမလဲ"
ကျန်းမုန့်လောင်ဘက်က ဤပိုက်ဆံငါးသန်းကို လွယ်လင့်တကူထုတ်ပေးလာသည့်အတွက် သူ့ချမ်းသာကြွယ်ဝမှုက မည်မျှအတိုင်းအတာအထိ ရှိသလဲဆိုသည်ကို လုဟွေ့ယန် ခန့်မှန်းမိဖို့ သိပ်မခက်ခဲပေ။
သူ့အကြွေးများကို ဆပ်ပြီးသွားလျှင် ဤပိုက်ဆံငါးသန်းက သူ့အတွက် ဖူလုံမည်မဟုတ်လောက်ကြောင်း သူကောင်းကောင်းသဘောပေါက်သည်။ ယခုလိုအခွင့်အရေးမျိုး ရှိနေမှတော့ ထပ်မတောင်းနိုင်စရာ ရှိလေသလား။ ထိုသို့မဟုတ်ပါက သူ့အဖိုးတန်သမီးလေးကို ဖြုန်းတီးရာမရောက်ပေဘူးလား။
"ငါ ဆယ်သန်းလိုချင်တယ်"
လုဟွေ့ယန်က ထိုသို့တောင်းဆိုလာသည်။
"ငါ့ကို နောက်ထပ်ငါးသန်းထပ်ပေးရင် အခုချက်ချင်းထွက်သွားပေးမယ်"
"တင်တောင်းငွေကို အဆမတန်နှစ်ဆတောင်မြှင့်လိုက်တာပဲ"
"ဟားဟားဟား.. ဘော့စ်ကျန်းကို နှစ်ထပ်ကွမ်းစော်ကားလိုက်တာပဲ။ ငါသာဆိုရင် သည်းခံနေနိုင်မှာမဟုတ်ဘူး"
"ဟုတ်ပါ့.. အနည်းဆုံးတော့ ငွေကြေးယူနစ်ကိုပြောင်းရင်ပြောင်း။ မဟုတ်ရင်လည်း သုညနည်းနည်းလောက်ထပ်ထည့်လိုက်မှ လုံလောက်မှာပေါ့"
"ရီရီ.. ကြည့်ရတာ မင်းအဖေက သူ့ငွေထုတ်စက်ကြီးကို လက်လွှတ်ချင်ပုံမရဘူး"
ကျန်းမုန့်လောင်က သက်ပြင်းချလိုက်လေသည်။
"ငါ အခု အထူးနည်းလမ်းတချို့သုံးရလိမ့်မယ်ထင်တယ်။ မင်း စိတ်မဆိုးဘူးမလား"
"သူ့ကို ထိခိုက်ဒဏ်ရာသာမရပါစေနဲ့"
ကျန်းမုန့်လောင်၏ဒေါသကို လုရီယောင် ခံစားမိသည်။ နောက်ဆုံးတစ်ခေါက်တုန်းက သူ့ကို ဒေါသထွက်အောင်လုပ်ခဲ့သူကတော့ အာဖရိကမှာ မိုင်းတွင်းတူးဖို့ စေလွှတ်ခံလိုက်ရပြီဖြစ်၏။ လုဟွေ့ယန်က သူ(မ)၏အဖေဖြစ်နေလျှင်တောင် ကျန်းမုန့်လောင်က သူ့ကို အလွတ်ပေးမပေးဆိုသည်ကို လုရီယောင် အာမမခံနိုင်ပေ။ သူ့ကို ဒဏ်ရာမရစေရုံမျှသာ သူ(မ) မျှော်လင့်နိုင်ပေသည်။
"စိတ်မပူနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် သူက မင်းအဖေလေ။ ငါ သူ့ကို နာကျင်အောင်လုပ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ သူ့အတွက် ကောင်းကင်ဘုံနဲ့တူမဲ့နေရာတစ်ခုကိုတော့ ပို့ပေးရလိမ့်မယ်"
"ဘာ"
ကျန်းမုန့်လောင် ဘာပြောနေသလဲဆိုသည်ကို လုရီယောင် လုံးဝမသိပေ။
ထိုအချိန်မှာ ကားတစ်စီးက ကျောင်းအဆောင်ထဲသို့ မောင်းချလာသည်။ ကောင်းယွီရှန်းက ဘော်ဒီဂတ်ဟု ယူဆရသော လူတချို့ကိုခေါ်၍ ကျန်းမုန့်လောင်ရှေ့သို့ ရောက်ချလာသည်။
"မစ္စတာကျန်း.. ကျွန်တော်တို့ရောက်ပါပြီ။ မစ္စဟုန်းရီက ဖြစ်ပျက်နေတဲ့အခြေအနေကို ကျွန်တော်တို့ကို အကြောင်းကြားထားပြီးပါပြီ။ ကျွန်တော်တို့ ဒီမှာ ဘာများလုပ်ပေးရမလဲ"
"အင်း"
ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်သည်။
"စိတ်ရောဂါကုသမှုမှာ ကျွမ်းကျင်တဲ့ ဆရာဝန်တစ်ယောက်ယောက်ကိုများ ခင်ဗျားသိလား"
"မစ္စတာကျန်း.. ခင်ဗျားရဲ့မိသားစုက နှစ်တိုင်းနှစ်တိုင်း နယ်ပယ်အမျိုးမျိုးမှာ ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တွေအများကြီးကို မရရတဲ့နည်းနဲ့ ရှာဖွေခန့်အပ်ထားတာပါ။ သူတို့ရဲ့လုပ်ဆောင်ရည်က ကမ္ဘာ့အဆင့်မီဆရာဝန်တွေထက် လုံးဝမနိမ့်ပါဘူး"
"ကောင်းတယ်။ ကျွန်တော့်ကို ကူစူးမြို့အနီးတစ်ဝိုက်မှာ နေရာတစ်ခုလောက်ရှာပေးပါဦး။ ဆင်ခြေဖုံးဘက်မှာဆိုရင်လည်း အဆင်ပြေတယ်"
"မစ္စတာကျန်း ခင်ဗျားစီစဉ်နေတာက..."
"သူ့အတွက် စိတ္တဇဆေးရုံတစ်ခု ဆောက်ပေးလိုက်"
ကျန်းမုန့်လောင်က လုဟွေ့ယန်ကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။
"ကာစီနိုနဲ့တူအောင် ဆောက်လိုက်။ ပြီးရင် သူနဲ့အတူ လောင်းကစားလုပ်မဲ့ ဝန်ထမ်းတစ်ဖွဲ့ကိုခန့်ပြီး နေ့တိုင်း သူနဲ့ ဖဲကစားခိုင်းထားလိုက်။ လစာကိုတော့ ခင်ဗျားပဲသတ်မှတ်လိုက်ပါ။ သူ့ရောဂါသက်သာလာပြီဆိုမှ ထွက်လာခိုင်းလိုက်။ မသက်သာသေးဘူးဆိုရင်တော့ အဲ့ဒီအတိုင်းပဲဆက်နေပြီး သူ့လက်ကျန်ဘဝတစ်ခုလုံးကို လောင်းကစားဘုရင်ကြီးတစ်ပါးလို ဆက်နေပါစေ"
ကျန်းမုန့်လောင်၏အသံကား သိပ်မကျယ်လှသော်လည်း သူနှင့်အနီးဆုံးမှာရှိသည့် လူများကတော့ သူပြောလိုက်သည့်စကားကို ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
ဒါက ဘယ်လိုအခြေအနေကြီးလဲ။ လူတစ်ယောက်အတွက်နှင့် စိတ်ရောဂါကုဆေးရုံတစ်ခုဆောက်ပြီး ဝန်ထမ်းတစ်ဖွဲ့ကိုလည်း ခန့်ဦးမတဲ့။ ဒါက စိတ်ဝေဒနာရှင်လား။ ဧကရာဇ်တစ်ပါးလား။ ဘယ်လိုစိတ်ဝေဒနာသည်မျိုးကမျာ ဒီလိုပြုစုမှုမျိုးကို ရနိုင်မှာတဲ့လဲ။
"တွေ့လား။ မင်းဘာသာ စိတ်ဝေဒနာသည်ပဲဖြစ်နေပါစေ ဘော့စ်ကျန်းကို မှီခိုထားနိုင်သရွေ့တော့ သီးသန့်ဆေးရုံတစ်ခုတောင် ရနိုင်တယ်"
"ငါသိချင်တာတစ်ခုရှိတယ်။ အဲ့ဒီအလုပ်ကို ငါလာလျှောက်လို့ရမလား"
"ဟားဟားဟား..ငါက Fight the Landlordဂိမ်းကစားတာ ကျွမ်းတယ်။ အဘိုးလုရဲ့ဂိမ်းတိုက်ရိုက်ထုတ်လွှင့်မှုတွေကို နေ့တိုင်းကြည့်နေကျ"
"တီ တီ တီ တီ တီ..."
"အမွှေးတိုင်ထွန်းပြီး ပူဇော်လိုက်ပါတယ်"
"မပြောကြနဲ့တော့။ ငါ အခုကတည်းက ခေါင်းထဲမြင်ယောင်မိနေပြီ"
"ငါ အခုလိုဖြေရှင်းလိုက်တာကို မင်း မကန့်ကွက်ဘူးမလား"
ကျန်းမုန့်လောင်က လုရီယောင်၏အမြင်ကို မေးမြန်းရန်အတွက် တစ်ဖက်ကိုလှည့်လိုက်သည်။
"ဒီလောက်အထိ တန်လို့လား"
လုရီယောင်က ပြောလိုက်လေသည်။
"မင်း ဘာပေါက်ကရတွေပြောနေတာလဲ"
ကျန်းမုန့်လောင်က အသံမြှင့်၍ ပြောလိုက်လေသည်။
"မင်းအတွက်သာဆိုရင် အကုန်ထိုက်တန်တယ်"
"သူ့ကိုခေါ်သွားလိုက်တော့"
ကျန်းမုန့်လောင်က အမိန့်ပေးလိုက်လေသည်။
"သူ့ကိုဒဏ်ရာမရစေနဲ့နော်"
"မစ္စတာကျန်း စိတ်ချပါ။ ကျွန်တော်တို့ မိန်းကလေးလုရဲ့အဖေကို ကောင်းကောင်းစောင့်ရှောက်လိုက်ပါ့မယ်"
"အင်း... ဒါဆို ခင်ဗျားကိုပဲ လွှဲလိုက်တော့မယ်"
ကျန်းမုန့်လောင်က ထိုသို့ဆိုလိုက်သည်။
"ဟေး.. မင်းတို့ ဘာလုပ်မလို့လဲ။ မင်းတို့ တစ်ခုခုလုပ်ဖို့ကြံနေတာလား။ ငါ သတိပေးလိုက်မယ်နော်။ ငါ ကိုယ်ခံပညာသင်ဖူးတယ်နော်"
လုဟွေ့ယန်က အကွက်တချို့ကို ထုတ်ပြလိုက်သည်။
"ဝမ်ချွင်း ယဲ့ဝမ်"
ကောင်းယွီရှန်းလည်း နဖူးပေါ် လက်တင်ထားလိုက်မိသည်။ ဤသည်မှာ စိတ်ဝေဒနာရှင်တစ်ယောက်မဟုတ်ပေ။ ငတုံးတစ်ယောက်သာဖြစ်၏။
"သူ့ကိုကြည့်ထားလိုက်ဦး။ အရင်ဆုံးတခြားဆေးရုံကိုသာ ခေါ်သွားလိုက်"
"ငါ့ကိုလွှတ်စမ်း။ ငါ့ကိုလွှတ်။ ငါက စိတ်မနှံ့တာမဟုတ်ဘူးကွ။ မင်းတို့ ငါ့ကိုဖမ်းပိုင်ခွင့်မရှိဘူး"
"အား.. ငါမသွားဘူးနော်။ လုရီယောင်.. ကျေးဇူးမသိတတ်တဲ့ဟာမလေး။ နင် စောင့်နေလိုက်။ ငါ အသက်ရှင်နေသေးသရွေ့ နင် ငါ့ကို ဘယ်တော့မှ ပထုတ်လို့မရစေရဘူး"
"သူ့ပါးစပ်ကိုပိတ်ထားလိုက်"
ကျန်းမုန့်လောင်က အေးတိအေးစက်ဆိုလိုက်ချေသည်။
"ဟင်း..ဟင်း..ဟင်း.."
...