လူတစ်ယောက်လုံး နင့်အပိုင်ပဲ
Vol. 6 Ch. 84
"ကောင်းပြီ။ အားလုံးပဲ.. လူစုခွဲကြတော့။ ဒီနေရာမှာ ဘာမှကြည့်စရာမရှိဘူး။ ဘယ်သူ့အိမ်မှာရော နာမကျန်းဖြစ်နေတဲ့ဆွေမျိုးတစ်ယောက် မရှိဘဲနေလို့လဲ။ ကျေးဇူးပြုပြီး သွားကြပါတော့"
ကျန်းမုန့်လောင်က လူအုပ်ကြီးကို လူစုခွဲခိုင်းလိုက်သည်။
ရုတ်ရုတ်သဲသဲဖြစ်ရပ်ကြီး ရပ်စဲသွားပြီးနောက် ညစာစားချိန်လည်း ရောက်လာပြီဖြစ်ရာ ပွဲကြည့်ပရိသတ်များလည်း တဖြည်းဖြည်းရှင်းလင်းသွားပြီး ကျန်းမုန့်လောင်၊ လုရီယောင်နှင့် ကျန်မိန်းကလေးသုံးယောက်တို့သာ ကျန်ရစ်နေခဲ့လေသည်။
သူတို့ထဲမှ တစ်ယောက်ကို ကျန်းမုန့်လောင် ယခင်တစ်ခေါက်က တွေ့ဖူးသည်။ သူ(မ)သည် ကွမ်ယွီချန်းဖြစ်သည်။ သူ(မ)သည် ယခင်ရက်တုန်းက လုရီယောင်နှင့်အတူပါလာခဲ့ဖူးသည်။ ကျန်းနှစ်ယောက်ကလည်း လုရီယောင်၏အခန်းဖော်များပင် ဖြစ်ရပေမည်။
"ရီရီ..နင် အဆင်ပြေရဲ့လား"
အာ..ဒါတွေအကုန် ရှင်းလန်ကြောင့်ဖြစ်တာ။ ရီရီကိုမပြောပါနဲ့လို့ ငါတို့ပြောသားပဲ။ ဒီိကိစ္စသာသိသွားရင် သူသေချာပေါက်စိတ်မကောင်းဖြစ်သွားမှာလို့"
"ဒါပေမဲ့ ငါတို့ ရီရီ့အဖေကိုလည်း ဒီအတိုင်းပြဿနာဆက်ရှာအောင် လွှတ်ထားလို့မှမရတာ"
"တော်တော့။ အဲ့ဒီကိစ္စကို ထပ်ငြင်းမနေကြနဲ့တော့။ အဲ့ဒါ နင်တို့အမှားမဟုတ်ပါဘူး"
လုရီယောင်က သူ(မ)ကိုယ်သူ(မ) စိတ်တည်ငြိမ်နေအောင် ကြိုးစားလိုက်သည်။
"သူတို့နဲ့ နင့်ကိုမိတ်ဆက်ပေးမယ်။ ဒါက ချန်ပင်းတဲ့။ သူကတော့ ကျိုးရှင်းလန်"
"တွေ့ရတာဝမ်းသာပါတယ်။ ငါက ကျန်းမုန့်လောင်ပါ"
ကျန်းမုန့်လောင်က ထိုမိန်းကလေးနှစ်ယောက်ကို ပြုံးပြလျက် ခေါင်းညိတ်ပြလိုက်သည်။ ရုပ်ရည်အားဖြင့် ပြောရပါလျှင် လုရီယောင်၏အခန်းဖော်သုံးယောက်စလုံးက အလွန်သိမ်မွေ့နူးညံံ့ပြီး ဖော်ရွေပျူငှာတတ်သော စရိုက်ရှိဟန်တူသည်။ သူတို့နှင့် အတူနေနေရသောကြောင့် လုရီယောင်လည်း ပို၍တက်ကြွလာခြင်း ဖြစ်နိုင်လောက်သည်။
"အခုလိုစိတ်အနှောင့်အယှက်ကြီးဖြစ်ထားတာဆိုတော့ မင်း ညစာစားချင်စိတ်ရှိမှာမဟုတ်လောက်တော့ဘူး။ နောက်တစ်ရက်ကျမှပဲ စားကြတာပေါ့"
ယခုလောလောဆယ်မှာ လုရီယောင်၏စိတ်အခြေအနေက သိပ်မကောင်းလှကြောင်း ကျန်းမုန့်လောင် အတပ်သိသည်။
"အင်း.. အဆင်ပြေပါတယ်။ ရီရီကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြီးတော့ သူ့ကို အခုလိုကူညီပေးတဲ့အတွက်ရောပေါ့"
ကွမ်ယွီချန်းက ဆိုလာလေသည်။
"ရီရီရဲ့အဖေ ငါတို့ကျောင်းကို ပထမဆုံးတစ်ခေါက်လာသွားတုန်းက ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလဲဆိုတာ ယုံတောင်ယုံနိုင်မှာမဟုတ်ဘူး။ ငါတိုဖြင့် ကိုယ့်သမီးအရင်းကို အခုလိုဆက်ဆံတတ်တဲ့လူစားမျိုးကို ပထမဆုံးတွေ့ဖူးတာပဲ"
"ယွီချန်း..တော်လိုက်တော့"
ကျန်မိန်းကလေးနှစ်ယောက်မှာ ဘေးနားမှ မျက်နှာရိပ်မျက်နှာကဲပြနေကြပြီး ဤအကြောင်းကို လုရီယောင်အရှေ့တွင် ထုတ်ဖော်ပြောဆိုရန်မသင့်တော်သေးကြောင်း အရိပ်အမြွက်ပြနေကြသည်။
"ဒါဆို ဒီည ရီရီ့ကို မင်းတို့လက်ထဲအပ်ခဲ့မယ်နော်"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"သူ့ကိုအဖော်ပြုပေးပြီး တစ်ယောက်တည်းမဖြစ်အောင် စောင့်ရှောက်ပေးပါဦး"
"ငါတို့သိပါတယ်။ အမှန်အတိုင်းပြောရရင် နင့်လို ဒုတိယမျိုးဆက်လူချမ်းသာတစ်ယောက်က အရမ်းစိတ်ချယုံကြည်ရလောက်မယ်လို့ ငါတို့ထင်မထားဘူး"
ကွမ်ယွီချန်းက ဆိုလာချေသည်။
"ဘာရယ်.. ဒီတော့ နင်တို့မျက်လုံးထဲမှာ ဒုတိယမျိုးဆက်လူချမ်းသာတွေအားလုံးက ယုံကြည်စရာမကောင်းဘူးလို့ မြင်နေတာပေါ့"
ကျန်းမုန့်လောင် ရယ်မောလိုက်လေသည်။ ကြည့်ရသည်မှာ အတိတ်တုန်းက လူချမ်းသာသားသမီးများ၏ ဂုဏ်သတင်းက သိပ်ကောင်းခဲ့ဟန်မတူပေ။
"ဘာပဲဖြစ်ဖြစ် နင်ကတော့ သူတို့နဲ့မတူဘူး။ စိတ်မပူပါနဲ့။ နင် ဒီည ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့တာကိုမြင်လိုက်ရတဲ့အတွက် ငါတို့ ရီရီ့ကို နင့်ရဲ့ကောင်းကြောင်းတွေပဲ ပြောပေးမှာပါ"
"ဟားဟားဟား..အမှန်ပဲ။ အမှန်ပဲ။ လက်ဆောင်သေးသေးလေးတို့ ဘာတို့ရှိမယ်ဆိုရင်တော့ နောက်တစ်ခေါက်ကျရင် ငါတို့ သူ့ကို 'ပီယဆေး'တိုက်ပြီး နင့်အိမ်ကို တန်းတန်းမတ်မတ်ပို့ပေးချင်ပို့ပေးနိုင်လောက်တယ်နော်"
"ဟားဟား ဟုတ်တယ်။ ဟုတ်တယ်။ အကုန်လုံးက ဘော့စ်ကျန်း ငါတို့ကို ဘယ်လိုလာဘ်ထိုးမလဲဆိုတဲ့အပေါ် မူတည်တယ်နော်။ ငါတို့ညီအစ်မလေးယောက်က စိန်ထက်တောင် ပိုခိုင်မာတဲ့သံယောဇဉ်မျိုးရှိကြတယ်ဆိုပေမဲ့ သင့်တင့်လျောက်ပတ်တဲ့ လက်ဆောင်နဲ့ဆိုရင် အရာအားလုံးကို ပြောင်းလဲပစ်နိုင်တယ်"
လေထုအခြေအနေကား တက်တက်ကြွကြွရှိလာပြီး ထိုမိန်းကလေးတစ်စုက ရောက်တတ်ရာရာပြောဆိုနေကြလေတော့သည်။ သူတို့သည် ကျန်းမုန့်လောင်ထံမှ လက်ဆောင်တကယ်တောင်းနေခြင်းမျိုး မဟုတ်ပါဘဲ လုရီယောင်၏အာရုံကို သူ့အဖေထံမှ လမ်းကြောင်းပြောင်းရန်အတွက် ရမည်ရှာပြီး ပြောနေခြင်းသာ။
"နင်တို့သုံးယောက်နော်။ ငါကတော့ နင်တို့တွေက ငါ့ကိုသစ္စာဖောက်မှာမဟုတ်ဘူးလို့ တစ်လမ်းလုံးပြောလာခဲ့ရတာ။ အခုတော့ ငါ့မျက်နှာကို ငါကိုယ်တိုင်ဖြတ်ရိုက်မိသွားပြီပဲ"
လုရီယောင်၏စိတ်အခြေအနေကလည်း အနည်းငယ်မျှတိုးတက်လာပြီး သူ(မ)၏မျက်နှာထက်တွင် အပြုံးတစ်ပွင့်ပေါ်ပေါက်လာချေသည်။
"လက်ဆောင်တွေကဖြင့် ပြင်ထားပြီးတာ ကြာလှနေပြီ"
ကျန်းမုန့်လောင်က သူ့ကားဆီသို့ ပြန်လှည့်သွားလိုက်ပြီး ဘူးငယ်လေးများကို ထုတ်ယူလာသည်။
"အစတုန်းကတော့ ဒီည ညစာစားဖို့ အပြင်ထွက်တဲ့အခါကျမှ ပေးမလို့စီစဉ်ထားတာ။ ဒါပေမဲ့ အခုလိုဖြစ်သွားတော့လည်း တခမ်းတနားလုပ်မနေတော့ပါဘူး။ မိတ်ဖြစ်ဆွေဖြစ်လက်ဆောင်လို့သာ သဘောထားလိုက်"
"အာ...ကျန်းမုန့်လောင် ဒီအတိုင်းလာလည်းရတာကို ဘာလို့လက်ဆောင်တွေအထိ ပြင်လာတာလဲ။ ငါတို့ကို တော်တော်စိတ်မသက်မသာဖြစ်စေတယ်နော်"
"ဟုတ်ပါ့။ ငါတို့က ရုပ်ဝတ္ထုပစ္စည်းတွေကို မက်မောတဲ့လူမို့လို့လား။ ငါတို့က စိတ်တူကိုယ်တူရှိလို့ ရီရီနဲ့သူငယ်ချင်းဖြစ်လာတာ"
"ခွီး..ပေါက်ကရတွေ စိတ်တူကိုယ်တူရှိတာတဲ့လား။ အဲ့ဒါက ထူးချွန်ထက်မြက်တဲ့လူတွေကြားက အချင်းချင်းဆွဲဆောင်အားကြောင့်လေ"
မိန်းကလေးတစ်သိုက်က လက်ဆောင်မလိုချင်ပါဟု ပြောနေသော်လည်း သူတို့၏ခန္ဓာကိုယ်များကတော့ အလွန်ရိုးသာလှသည်ဖြစ်ရာ ဘူးများကို ခပ်မြန်မြန်ပင် ဖွင့်ဖောက်လိုက်သည်။
"သောက်ကျိုးနည်း...အချောလေးကျန်း ဒီထဲကို ပစ္စည်းမှားထည့်လာတာလား။ ဘယ်လိုလုပ်ပြီးတော့များ နင့်မိသားစုရဲ့ပိုင်ဆိုင်မှုစာချုပ်တွေက ဒီထဲရောက်နေရတာလဲ"
"ဒီထဲမှာလည်း ပိုင်ဆိုင်မှုစာချုပ်တစ်ခုပါတယ်"
"ငါရောပဲ။ ဘာတွေဖြစ်နေတာလဲ။ သုံးခုစလုံးမှာ စာချုပ်တွေမှားထည့်ထားတာလား"
"ပြီးတော့ ကားသော့တစ်ချောင်းလည်းပါသေးတယ်"
"ဒါ..ဒါက ဟိုဩစတြေးလျဒီဇိုင်နာရဲ့ မူလလက်ဟောင်းဘရန်းထဲက စိန်လည်ဆွဲနဲ့နားဆွဲပဲ။ ငါ ဒါကို မဂ္ဂဇင်းထဲမှာ မြင်ဖူးတယ်။ ဒါက စိတ်ကြိုက်သီးသန့်ပြင်ပေးထားတာပဲဖြစ်မယ်နော်။ ဈေးအပေါဆုံးဆိုတဲ့လက်ဝတ်ရတနာကတောင် အမေရိကန်ဒေါ်လာသိန်းဂဏန်းလောက်ပေးရတာ"
"အချောလေးကျန်း.. ဒါက နင်ပြောတဲ့မိတ်ဖြစ်ဆွေဖြစ်လက်ဆောင်ဆိုတာလား"
"ဒါ..ဒါကြီးက အရမ်းတန်ဖိုးကြီးလွန်းတယ်။ ငါတို့ လက်မခံနိုင်ဘူး"
```
"နင် ဒါတွေကို တကယ်ပြန်ယူသွားသင့်တယ်နော်။ ငါတို့သာသိမ်းထားရင် ဒီည အိပ်ပျော်တော့မှာမဟုတ်ဘူး"
စင်စစ်တွင် တန်ဖိုးကြီးပစ္စည်းများကို သူတို့ရှေ့မှာ ချပေးလိုက်ချိန်ဝယ် သူတို့ခံစားလိုက်ရသည်မှာ ပျော်ရွှင်မှုမဟုတ်ပါဘဲ ကြောက်လန့်မှုသာ ဖြစ်၏။ သူတို့ သာမန်ထက် အနည်းငယ်ပိုသာသော မိသားစုများမှ ဆင်းသက်လာခြင်းဖြစ်ပြီး ဤပစ္စည်းများမှာ သူတို့၏သုံးစွဲနိုင်စွမ်းအားထက် အလွန်သာလွန်နေချေသည်။ ဤပစ္စည်းများကို ကိုင်ထားရာမှာ ထွက်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာဖိအားတို့က တွေးကြည့်၍ပင်မရပေ။
"ငါက ပေးပြီးသားပစ္စည်းကို ပြန်မယူတတ်ဘူး"
ကျန်းမုန့်လောင်က ထိုဘူးများကို သူတို့ဘက်သို့ ပြန်တွန်းပို့လိုက်သည်။
"ပြီးခဲ့တဲ့တစ်ခေါက် သူ့အဖေလာခဲ့တုန်းက သူ့မှာရှိသမျှပိုက်ဆံတွေကို အကုန်ယူသွားခဲ့တာလို့ ရီရီက ငါ့ကိုပြောပြထားတယ်။ နင်တို့မိန်းကလေးတွေကျေးဇူးကြောင့်သာ သူ ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းနိုင်ခဲ့တာတဲ့။ ဒီပစ္စည်းသေးသေးလေးတွေက အဲ့ဒီသံယောဇဉ်ကို ယှဉ်လို့မရပါဘူး"
"ဒါပေမဲ့..."
"ဘာဒါပေမဲ့မှမရှိဘူး"
ဤမိန်းကလေးများသည် သူတို့၏ ဘွင်းဘွင်းရှင်းရှင်းစရိုက်ကြောင့် ကျန်းမုန့်လောင်၏မျက်နှာသာပေးမှုကို ရရှိသွားခြင်းဖြစ်သည်။ သူကိုယ်တိုင်လည်း သူတို့နှင့်အတူရှိနေခြင်းကို စိတ်သက်သောင့်သက်သာဖြစ်သလို ခံစားမိသည်။
"နင်တို့ တကယ်လက်မခံနိုင်ဘူးဆိုရင်လည်း ဒီလက်ဆောင်တွေကို နောင်အနာဂတ်မှာ သတို့သမီးအရန်လုပ်ပေးဖို့အတွက် ကြိုပေးထားတယ်လို့ပဲ သဘောထားလိုက်။ အဲ့လိုဆိုရင် အဆင်ပြေတယ်မလား"
ထိုစကားကိုကြားသော် လုရီယောင်၏မျက်နှာက ရဲခနဲဖြစ်သွားလေသည်။
"နင် ဘာတွေပြောနေတာလဲ။ ငါ နင့်ကိုလက်ထပ်မယ်လို့ ဘယ်တုန်းက သဘောတူမိလို့လဲ။ သတို့သမီးအရန်အတွက် လက်ဆောင်တဲ့လား။ နင့်သွားတွေကို လိမ်ချိုးပစ်လိုက်မယ်လို့ပြောရင် နင်ယုံလား"
"ဟေး ဟေး ဟေး သတို့သမီးအရန်လက်ဆောင်တဲ့"
မိန်းကလေးတစ်သိုက်က ချက်ချင်းပင် စနောက်လာကြသည်။
"ဟားဟားဟား.. စောစောကတည်းက အဲ့လိုပြောရင် ငါတို့လက်ခံမှာပေါ့"
"အမှန်ပဲ။ မစ္စတာကျန်းရဲ့မင်္ဂလာပွဲက ရာစုနှစ်တစ်ခုလုံးမှာ အခမ်းနားဆုံးမင်္ဂလာပွဲဖြစ်လာမှာနော်။ ဒီသတို့သမီးအရန်လက်ဆောင်တွေဆိုတာကလည်း အဲ့ဒီပွဲအခမ်းအနားရဲ့ခမ်းနားမှုနဲ့ လိုက်ဖက်ပါပေတယ်"
"ဒါဆို ငါတို့ တအားယဉ်ကျေးမနေတော့ဘူးနော်"
အမှန်အတိုင်းပြောရပါလျှင် ယခုလိုလက်ဆောင်များရထားပါက စိတ်မလှုပ်ရှားဘဲ နေနိုင်သူမရှိပေ။ သို့သော် လူတိုင်းမှာ သူ့အကန့်အသတ်နှင့်သူရှိသည်ဖြစ်ရာ ကျန်းမုန့်လောင်ကလည်း သူတို့အနေနှင့် ဤပစ္စည်းများကို လိုလိုလားလားလက်ခံနိုင်မည့် သင့်တင့်လျောက်ပတ်သောနည်းလမ်းတစ်ခုကို အသုံးပြုလိုက်ခြင်းဖြစ်၏။ ထို့ပြင် သူ့အတွက်တော့ ထိုပစ္စည်းများကိုပေးလိုက်ရခြင်းမှာ ကြီးကျယ်သောကိစ္စတစ်ခုမဟုတ်ပေ။
"ကားတွေကိုတော့ မနက်ဖြန်ကျရင် လူတစ်ယောက်လာပို့ပေးလိမ့်မယ်။ ပြီးတော့ ဓာတ်ဆီသုံးစွဲခွင့်ကတ်နဲ့ ပြုပြင်ထိန်းသိမ်းရေးကတ်ကိုပါ ယူလာလိမ့်မယ်။ ဒါပေမဲ့ နင်တို့မှာ ယာဉ်မောင်းလိုင်စင်မရှိဘူးဆိုရင်တော့ ငါလည်း ဘာမှမတတ်နိုင်တော့ဘူး"
"ဟားဟား... ငါတို့ကိုအထင်မသေးစမ်းပါနဲ့။ ငါတို့ကဖြင့် အာကီနာတောင်ကိုတောင် တက်လာခဲ့တဲ့ ကားမောင်းဘုရင်တွေပါနော်"
"ဟုတ်တယ်။ ငါတို့ကိုမယုံဘူးလား။ နောက်တစ်ခေါက်ကျရင် ကားမောင်းပြိုင်ကြည့်မယ်လေ"
"အဟွတ် အဟွတ် အဟွတ်"
သုံးယောက်သားက အချင်းချင်းအကြည့်ဖလှယ်လိုက်ကြပြီးနောက် ကျီစယ်လိုဟန်အပြုံးများကို ပြုံးလိုက်ကြလေတော့သည်။
"ငါတို့က ကိုယ့်ကတိကိုယ်တည်တဲ့လူတွေ။ အခု နင့်ရဲ့လက်ဆောင်တွေကို ငါတို့ အရမ်းစိတ်တိုင်းကျတဲ့အတွက် ဒီနေ့ကစပြီး လုရီယောင်နဲ့ပတ်သက်သမျှ ခေါင်းအစခြေအဆုံး အတွင်းရောအပြင်ရော အကုန် နင့်အပိုင်ဖြစ်သွားပြီ"
"ဟုတ်တယ်။ ဟုတ်တယ်။ ဟုတ်တယ်။ ရီရီ.. လာမဲ့ရက်ပိုင်းအတွင်း ငါ့အစ်မက ငါ့ဆီလာလည်မလို့တဲ့။ သူက ဒီည ငါတို့အဆောင်မှာအိပ်ချင်နေတာလေ။ အစတုန်းက ချန်ပင်းက ပြန်မလာဘူးလုပ်ထားတာလေ။ ဒါပေမဲ့ ကျန်းမုန့်လောင်က ငါတို့ကို ညစာဝယ်ကျွေးမယ်ဆိုတဲ့အကြောင်းကိုကြားတော့ သူက သူ့အစီအစဉ်တွေကိုတောင် ဖျက်ပြီး ဒီကိုပြန်လာခဲ့တာ။ အခု သူလည်းရောက်နေတာဆိုတော့ နင် ချန်ပင်းကိုတော့ ဟိုတယ်မှာ တစ်ယောက်တည်းမနေခိုင်းဘူးမလား"
"နင် ဒီညတည်းဖို့အတွက် ကျန်းမုန့်လောင်ကိုပဲ နေရာတစ်နေရာလောက် ရှာခိုင်းလိုက်ပါ့လား။ သူ့မှာ အိမ်တွေအများကြီးရှိနေတဲ့ဟာကို။ နင့်ကို တစ်ညလောက်ခေါ်ထားဖို့ကတော့ ဘာပြဿနာမှမရှိလောက်ပါဘူး"
"ဟုတ်တယ်။ ဟုတ်တယ်။ အမှန်ပဲ။ ငါ အခု ငါ့အစ်မကိုဂရုစိုက်ရဦးမှာမို့လို့ အပေါ်တက်ပြီနော်"
"ငါတို့လည်းသွားပြီ။ ဒီည နင့်အတွက် အဆောင်တံခါးဖွင့်မပေးထားတော့ဘူးနော်"
"စာလုပ်ရဦးမှာမို့ ငါလည်းသွားတော့မယ်"
...
ကောင်မလေးများက ဆင်ခြေတစ်ပုံကြီးပေး၍ ဤနေရာမှပျောက်ကွယ်သွားပြီး လုရီယောင်ကို အပြင်မှာထားပြီး လော့ချသွားခဲ့လေပြီ။
"သူ့အစ်မက ဒီည ဒီမှာ တကယ်ကြီးလာနေမှာလား"
"ကျန်းမုန့်လောင် နင့်ခေါင်းထဲမှာ မစင်တွေပြည့်နေတာလား။ သူ့မှာ သောက်ကျိုနည်းအစ်မတောင်မရှိဘူး"
လုရီယောင်၏မျက်နှာထက်တွင် ကူကယ်ရာမဲ့မှုများဖြင့် ပြည့်နှက်နေလေသည်။
"ဟားဟားဟား.. ငါကတော့ မင်းတို့သူငယ်ချင်းသံယောဇဉ်က စိန်ထက် ပိုခိုင်မာတယ်လို့ ထင်နေခဲ့တာ။ ရဲဘော်ရဲဘက်စိတ်ဓာတ်က ဘယ်မှာလဲ"
ကျန်းမုန့်လောင် မရယ်ဘဲမနေနိုင်ချေ။
"အဲ့ဒါ နင့်ကြောင့်လေ။ ဒါက သာမန်လက်ဆောင်တစ်ခုမှမဟုတ်တာ။ နင် သူတို့ကိုပေးလိုက်တဲ့လက်ဆောင်က အပေါ်ယံသကာရည်လောင်းထားတဲ့ အမြောက်ဆန်ကြီးလေ"
"ဒါဆို ငါတို့ အခုဘာလုပ်ကြမလဲ"
ကျန်းမုန့်လောင်က မေးလိုက်လေသည်။
"ငါ့ပစ္စည်းတွေအကုန်လုံးကလည်း အဆောင်ခန်းထဲမှာ။ သူတို့က ငါ့ကို ဒီည အထဲပေးဝင်မဲ့ပုံမပေါ်ဘူး။ ဒီတော့ ငါ့ကိုခေါ်သွားပေးဖို့ နင့်ကိုပဲ တောင်းဆိုရမှာပဲ"
လုရီယောင်က သနားစဖွယ်လေသံလေးဖြင့် ဆိုလာလေသည်။
ခဏအကြာတွင် သူ(မ) ထက်ရှရှကျားစွယ်နှစ်ချောင်းကို လှစ်ဟပြလာလေသည်။
"ဒါပေမဲ့ နင် ဒီည တစ်ခုခုလုပ်ဖို့ကြိုးစားလို့ကတော့ ငါ နင့်ကိုကိုက်ပစ်မှာ"
"မလုပ်ရဲပါဘူး။ မလုပ်ရဲပါဘူး..."
……