← Chapters

ခပ်မြန်မြန်လေးလှုပ်ရှားလိုက်ရအောင်

Vol. 6 Ch. 85

ခပ်မြန်မြန်လေးလှုပ်ရှားလိုက်ရအောင်

Vol. 6 Ch. 85

"ဒါက နင်နေတဲ့နေရာလား"

သူ(မ)အရှေ့ရှိ သုံးထပ်ဗီလာကြီးကိုကြည့်ရင်း လုရီယောင်တစ်ယောက် ကျန်းမုန့်လောင်ကို အကြောင်သားစိုက်ကြည့်နေမိသည်။

"ငါ့အရင်နေရာက စတုရန်းမီတာ၂၀၀လောက်ပဲရှိတာ။ မင်းပြောင်းလာမယ်ဆိုရင် နည်းနည်းတော့ကျဉ်းကျပ်တဲ့ပုံပေါက်ပေမဲ့ စိတ်မပူပါနဲ့။ သန့်ရှင်းရေးအဖွဲ့က မကြာသေးခင်ကမှ သန့်ရှင်းရေးလုပ်ထားတာ။ နေလို့ထိုင်လို့ဖြစ်ပါတယ်"

"စတုရန်းမီတာ၂၀၀က ကျဉ်းကျပ်တဲ့ပုံပေါ်တယ်ပေါ့..."

လုရီယောင်က တစ်ကိုယ်တည်းရေရွတ်လိုက်လေသည်။ စတုရန်းမီတာ၂၀၀ကျယ်ဝန်းသော အိမ်တစ်အိမ်ကပင် ကျဉ်းကျပ်သည်ဟု ယူဆပါလျှင် သူ(မ)တို့မိသားစုသုံးယောက်နေထိုင်ခဲ့သည့် တိုက်ခန်းဆိုလျှင် မည်သို့နှယ်သတ်မှတ်ရလေမလဲ။

"ဒါနဲ့ ငါက ဒီကိုမကြာခဏမလာဖြစ်ဘူးလေ။ ဒီတော့ မင်း အပြင်မှာနေချင်တယ်ဆိုရင် ဒီမှာပဲနေလို့ရတယ်နော်။ ငါ အိမ်အကူတွေကို အသိပေးထားပြီးပြီ"

ကျန်းမုန့်လောင်က ဆိုလာလေသည်။

"အိုး..ပြီးတော့ ဒါလေးရှိသေးတယ်"

ဗီလာခြံဝင်း၏ အလယ်နားတွင် ဖောက်ထွင်းမြင်နေရသော မြေအောက်ကားဂိုဒေါင်တစ်ခုရှိပြီး အထဲတွင် ကားအစီးရေ ဒါဇင်နှင့်ချီပြီး စီစီရီရီရပ်ထားသည်ကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။ ကျန်းမုန့်လောင်၏ Koenigseggကားလောက် စျေးမကြီးသော်လည်း ဖယ်ရာရီ၊ လမ်ဘော်ဂီနီနှင့် maseratiတို့လို နာမည်ကြီးတံဆိပ်များလည်း ရှိနေပေသည်။

ထိုမျှသာမက ကားများသည် မိန်းကလေးများနှင့် သင့်တော်သော ခရမ်းရောင်၊ ပန်းရောင်နှင့် အနီရောင်ဟူ၍ ရောင်စုံရှိနေလေရာ ကျန်းမုန့်လောင်က ဤအရာများကို ကြိုတင်ပြင်ဆင်ထားကြောင်း ဖော်ပြနေချေသည်။

"မင်း ဘယ်လိုကားမျိုးကြိုက်လဲဆိုတာ ငါသေချာမသိလို့ မော်ဒယ်လ်တစ်ခုစီက ကားတစ်စီးစီကို ယူလာလိုက်တာ။ မင်းကြိုက်တာ ယူမောင်းလို့ရတယ်"

"သေလိုက်ပါတော့။ ကျန်းမုန့်လောင်.. နင်က ငါ့ကို အိမ်ကြီးသခင်မအဖြစ် တော်ကော်ဖို့ စီစဉ်နေတာလား"

လုရီယောင်ခမျာ မဆဲဘဲ မနေနိုင်တော့ပေ။ သူ(မ) ဘယ်ကားကို ကြိုက်သလဲမသိသောကြောင့် တန်ဖိုးသန်းဂဏန်းရှိသော ဇိမ်ခံကားဒါဇင်ကျော်ကို သည်အတိုင်းယူချလာသတဲ့။ ဘယ်လိုလော့ဂျစ်ကြီးပါလိမ့်။

ထို့ပြင် ငွေကြေးကန့်သတ်မှုရှိသော​ကြောင့် သူ(မ)အနေနှင့် ယာဉ်မောင်းစာမေးပွဲပင် မဖြေခဲ့ဖူးပေ။ သို့ဖြစ်လေရာ ကားအများကြီးကို ပေးလာခဲ့လျှင်တောင် သူ(မ)မောင်းဖို့ မဖြစ်နိုင်ပေ။

"မင်း ဆန္ဒရှိတယ်ဆိုရင်တော့ ငါက စိတ်ထဲမထားပါဘူး။ ဒါပေမဲ့ မင်းတစ်ယောက်တည်းကိုပဲ စိတ်ထဲရှိတာနော်"

သူက ပြန်ဖြေလိုက်သည်။

"ကောင်းပါပြီ။ ကောင်းပါပြီ။ ငါနားလည်ပြီ"

ကျန်းမုန့်လောင်တစ်ယောက် ချွဲပျစ်ပျစ်စကားများကို ပြောတော့မည်ဖြစ်ကြောင်း လုရီယောင်သိလိုက်သည်။

အမှန်အတိုင်းပြောရလျှင် ကျန်းမုန့်လောင်က ယခုလိုစီစဉ်ထားပေးဖို့အတွက် သာမန်ကာလျှံကာပြောထားခဲ့သော်ငြား နာရီဝက်ပင်မကြာလိုက်ဘဲ ကောင်းယွီရှန်းက ယခုလို ပြီးပြည့်စုံစွာ ကိုင်တွယ်စီမံလိုက်လိမ့်မည်ဟုတော့ ထင်မထားချေ။

ကောင်းမိသားစုက စွမ်းဆောင်ရည်နှင့် ကျွမ်းကျင်မှုတို့ ရှိနေသောကြောင့် သူ့မိသားစုက သူတို့ကို ရွေးချယ်ထားခြင်းဖြစ်ဟန်တူ၏။

လုရီယောင်အဖို့တော့ ဤမျှကြီးကျယ်ခမ်းနားလှသော ဗီလာကြီးတစ်ခုထဲသို့ ပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်သည်။ ဧည့်ခန်းတစ်ခန်းတည်းကပင် သူ(မ) ယခင်က နေခဲ့သည့်အိမ်ထက် ပိုကြီးနေချေသည်။ မြေညီထပ်တစ်ခုတည်းကတင် စတုရန်းမီတာ၄၀၀ဝန်းကျင် ကျယ်ဝန်းလောက်သည်။

နံရံထက်တွင်မူ ကမ္ဘာကျော်ပန်းချီကားများကို ချိတ်ဆွဲထားသည်။ ကျန်းမုန့်လောင်တစ်ယောက် ယနေ့ ပန်းချီပြခန်းသို့ ပန်းချီကားပေါင်းများစွာ သယ်လာသည်ကို မြင်ပြီးကတည်းက သူ(မ)ကိုယ်သူ(မ) စိတ်ပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်ထားသည့်အတွက် ထိတ်လန့်နေခြင်းမျိုး မရှိတော့ပေ။

"ငါ့အခန်းက သုံးလွှာမှာရှိတာ။ မင်းရဲ့အခန်းက နှစ်လွှာမှာ။ ရေချိုးခန်းတစ်ခန်း စာကြည့်ခန်းတစ်ခန်းနဲ့ ဂီတခန်းတစ်ခန်းလည်းရှိတယ်။ တစ်ခုခုစားချင်ရင်တော့ တံခါးနားကဘဲလ်ကိုသာ တီးလိုက်။ မင်းလိုအပ်သမျှကို ပြင်ဆင်ပေးဖို့အတွက် တစ်ယောက်ယောက်က ၂၄နာရီလုံးလုံးအဆင်သင့်ရှိနေလိမ့်မယ်"

ကျန်းမုန့်လောင်က ထိုသို့ပြောရင်း ဆိုဖာပေါ်သို့ထိုင်ချလိုက်ပြီး ပဒေသရာဇ်ခေတ်အရှင်သခင်တစ်ပါးနှယ် ပြုမူနေချေသည်။

"အစောကြီးအိပ်ရာဝင်ရမှာ တော်တော်ပျင်းဖို့ကောင်းတယ်"

လုရီယောင်က မရိုးမသားဟန်ဖြင့် တစ်ချက်ပြုံးလိုက်လေသည်။

"အစောကြီးရှိသေးတာဆိုတော့ ခပ်မြန်မြန်လေးလှုပ်ရှားလိုက်ရင်မကောင်းဘူးလား"

"ဘာ ဘာပြောလိုက်တယ်"

ကျန်းမုန့်လောင်၏နှုတ်ခမ်းများသည် အပြင်းအထန်တွန့်ကွေးသွားရလေသည်။ သူတို့နှစ်ယောက်သည် အွန်လိုင်းပေါ်မှာ စကားပြောနေရင်းဖြင့် ယခုလိုစကားများကို နေ့တိုင်းလိုလိုပြောနေတတ်ပါသော်လည်း အပြောသက်သက်သာဖြစ်သောကြောင့် ကျန်းမုန့်လောင် ကျေနပ်နေခဲ့မိခြင်းဖြစ်သည်။

သို့သော် ယခုတစ်ခေါက်ဟာ မျက်နှာချင်းဆိုင်ကြီးဖြစ်နေချေသည်။ ထို့ပြင် မိန်းကလေးဖြစ်သည့် လုရီယောင်ဘက်က 'ခပ်မြန်မြန်လေးလှုပ်ရှားလိုက်ရအောင်'ဟု ပြောလာသည်ကို မည်သူကများ တောင့်ခံနိုင်မလဲ။

"ဟင့်အင်း.. ငါ အဆင်သင့်မဖြစ်သေးဘူး။ မင်းအဖေရဲ့ကိစ္စကို ကူညီပေးထားတယ်ဆိုပေမဲ့ မင်းကိုယ်မင်း အဲ့လိုထိုးကျွေးနေစရာမလိုပါဘူး။ ငါက အဲ့လိုလူစားမျိုးမဟုတ်ဘူး"

ကျန်းမုန့်လောင်က လေးလေးနက်နက်ဆိုလိုက်သည်။ ထို့နောက် သူ့အကြည့်က နူးညံ့လှသော လုရီယောင်၏မျက်နှာလေးထက် တဒင်္ဂမျှကျရောက်သွားချိန်ဝယ် မသိလိုက်မသိဘာသာဖြင့် တံတွေးမျိုချမိသွားပြီး သူ့ခန္ဓာကိုယ်ကလည်း သူ့ကို သစ္စာဖောက်နေလေတော့သည်။

"ငါတို့ အဲ့လိုကိစ္စမျိုးလုပ်ရမယ်ဆိုရင်တောင် ရေအရင်ချိုးသင့်တာမဟုတ်ဘူးလား"

"ဟုတ်သားပဲ။ ဒီမှာ ဘာ'အကာအကွယ်ပစ္စည်း'မှမရှိဘူး။ အပြင်သွား...."

"ဝီ ဝီ ဝီ"

ကျန်းမုန့်လောင်၏ဖုန်းက တုန်ခါလာလေသည်။ ကောင်းယွီရှန်းထံမှ မက်ဆေ့်ချ်တစ်စောင် ဝင်လာခြင်းပင်။

"မစ္စတာကျန်း.. ကျွန်တော် ခင်ဗျားအိပ်ရာဘေးက စားပွဲရဲ့အံဆွဲထဲမှာ 'အထူးပစ္စည်း'တချို့ ပြင်ထားပေးပြီးပါပြီ။ သာယာတဲ့ညလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"

"ဟက်ဟက်ဟက်.. တော်တော်တွေးပေးတတ်တာပဲ"

ကျန်းမုန့်လောင်လည်း မရိုးဖြောင့်ဟန်ဖြင့် ကျိတ်ရယ်လိုက်သည်။ ထို"အထူးပစ္စည်း"က ဘာလဲဆိုသည်ကို နားလည်သူများကတော့ နားလည်လိမ့်မည်။

"တင်"

ရင်းနှီးကျွမ်းဝင်နေသော အီလက်ထရောနစ်အသံတစ်သံ ထွက်ပေါ်လာချိန်မှာ သူ လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း ကျန်းမုန့်လောင် သိလိုက်သည်။

"နင် ဘာတွေတွေးနေတာလဲ"

လုရီယောင်က သူ(မ)၏ဖုန်းမျက်နှာပြင်ကို ကျန်းမုန့်လောင်မြင်သာအောင် မြှောက်ပြလိုက်သည်။

"ဝင်လိုက်တော့။ စပစ်ရအောင်။ ပြီးခဲ့တဲ့ရက်တွေတုန်းက စာမေးပွဲတွေပိနေလို့ ငါ တော်တော်စိတ်လေနေခဲ့တာ"

"သေလိုက်ပါတော့"

ကျန်းမုန့်လောင် သက်ပြင်းချလိုက်သည်။

"အခုချက်ချင်းပွဲစဉ်တစ်စမယ်။ ကျန်းနန်သေနတ်နတ်ဘုရားက ဘာလဲဆိုတာ ငါမင်းကိုပြရသေးတာပေါ့"

တစ်မူထူးခြားသော လုရီယောင်၏စရိုက်လက္ခဏာက ကျန်းမုန့်လောင်အတွက်တော့ အထူးအဆန်းမဟုတ်တော့ပေ။ သို့သော် ယနေ့မှာ သူ(မ)ထံမှ ထောင်ချောက်ဆင်ခံလိုက်ရမည်ဟု သူလုံးဝထင်မထားပေ။ ကံကောင်းချင်တော့ မသန့်စင်သည့် စိတ်ဆန္ဒများကိုတော့ လှုံ့ဆော်လိုက်နိုင်ခြင်းမရှိပေ။ သိုမဟုတ်ပါက ယနေ့ညဟာ အိပ်ပျက်ညတစ်ညဖြစ်ရချေတော့မည်။

"အာ..ကျန်းမုန့်လောင်.. နင် ငါ့သေနတ်ကိုခိုးသွားတယ်ပေါ့"

"ဟားဟားဟား..ဒါက အခုလေးတင် ငါ့ကိုအရူးသွားလုပ်တဲ့အတွက်ကြောင့်ပဲ"

"နင့်ဘာသာ အတွေးတွေလွန်နေပြီးတော့များ"

"မင်း ဘယ်လိုလုပ်ပြီး အဲ့လိုပြောနိုင်ရတာလဲ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ငါ့ဘောင်းဘီကို အတင်းချွတ်ခိုင်းပြီး အတွင်းခံအရောင်ကိုအတင်းစစ်ဆေးခဲ့တာ ဘယ်သူလဲ"

"ကျန်းမုန့်လောင်.. ငါ နင့်ကို သတ်ပစ်မယ်"

"သေစမ်း.. မင်း ငါ့ကို ဗုံးနဲ့ထုပြန်ပြီပေါ့"

...

သူတို့နှစ်ယောက်သား ပထမဆုံးတွေ့ဆုံစဉ်က အမှတ်တရများကို ပြန်တမ်းတရင်း နာရီပေါင်းများစွာ တိုက်ပွဲဆင်နွှဲနေကြလေရာ သူတို့မသိလိုက်ခင်မှာပင် ကိုးနာရီကျော်သွားလေပြီ။

"ရေအရင်သွားချိုးချေ။ ညလယ်စာတစ်ခုခုစားဖို့ ငါစီစဉ်ပေးမယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ငါ့ရေချိုးခန်းထဲမှာ ကင်မရာတွေတပ်ထားတာနော် အိုး.."

"နင့်ရဲ့ပေါက်ကရစကားတွေကို ငါမယုံဘူး"

လုရီယောင်က မတ်တတ်ထရပ်လိုက်သော်လည်း လဲဝတ်စရာ ဘာအဝတ်အစားမှ မယူခဲ့ရကြောင်း ရုတ်တရက်သတိရလိုက်သဖြင့် စိတ်ထဲ နေရထိုင်ရခက်သွားလေတော့သည်။

"ဘာဖြစ်လို့လဲ"

"ငါ ဘာအဝတ်အစားမှမယူခဲ့ရဘူး။ သစ္စာမရှိတဲ့ အဲ့ဒီသူငယ်ချင်းတွေက ငါ့ကို တကယ်ကြီးကန်ထုတ်လိုက်တယ်ဆိုတာ နင် ယုံနိုင်ရဲ့လား"

"ဟားဟားဟား မင်း အရင်သွားနှင့်လိုက်။ ခဏနေရင် ငါ အိမ်အကူတွေကို နင့်အတွက် အဝတ်အစားလာပို့ခိုင်းလိုက်မယ်"

"ဒီနေရာမှာ မိန်းမဝတ်အဝတ်အစားတွေရှိတယ်ပေါ့"

လုရီယောင်က ရုတ်ခြည်းဆိုသလို စိတ်အိုက်သွားလေသည်။

"စိတ်အေးအေးထား.. မင်းနဲ့အိမ်အကူတွေကလွဲရင် ဒီမှာ ဘယ်မိန်းကလေးမှမရှိဘူး။ ဘာလို့ တအားတွေစိတ်တင်းကျပ်နေတာလဲ"

ကျန်းမုန့်လောင်က ရယ်လိုက်၏။

"ငါ့မိသားစုက ကိုယ်ပိုင်အဝတ်အစားစတူဒီယိုတွေ ပိုင်တယ်လေ။ ဘာစတိုင်လ်ပဲဖြစ်ဖြစ် ဘယ်ဆိုဒ်ပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ ငါတို့မှာ ကြိုတင်ပြင်ဆင်ထားတဲ့ အဝတ်အစားတွေမှအများကြီးပဲ။ ခဏနေရင် တစ်ယောက်ယောက်ကိုလွှတ်ပြီး အဝတ်အစားနည်းနည်းလောက် ပို့ပေးလိုက်မယ်"

...

ရေချိုးခန်းထဲဝယ် ခပ်ဖျော့ဖျော့အမွှေးရနံံ့လေးနှင့်အတူ စိတ်ကြည်နူးဖွယ်သီချင်းကိုလည်း ဖွင့်ထားသည်။ ရေပိုက်မှတစ်ဆင့် စီးကျလာသော ရေနွေးနွေးလေးများက လုရီယောင်၏ဆံပင်ပေါ်သို့ စီးဆင်းကာ ထိုမှတစ်ဆင့် ဖြူဝင်းနေသော သူ(မ)၏ခန္ဓာကိုယ်ပေါ်သို့ စီးကျပြီးနောက် ကြမ်းပြင်ပေါ်သို့ ကျဆင်းသွားခဲ့သည်။ သူ(မ) ယခုလိုစိတ်သက်သောင့်သက်သာမဖြစ်ခဲ့ရသည်မှာ အလွန်ကြာခဲ့လေပြီ။

"မိန်းကလေးလု.. ကျွန်မ အဝတ်လဲခန်းထဲမှာ အဝတ်အစားတွေထားခဲ့ပြီနော်"

သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်၏အသံက အပြင်မှ ထွက်ပေါ်လာသည်။

"ဟုတ်ကဲ့။ ကျေးဇူးပါ အန်တီ"

အဝတ်အစားများက သူ(မ)ရောက်အပြီး ဆယ်မိနစ်အတွင်းမှာပင် ရောက်လာလိမ့်မည်ဟု လုရီယောင် ထင်မထားခဲ့ပေ။

လုရီယောင်လည်း ရေခြောက်အောင်သုတ်ပြီးနောက် ညအိပ်ဝတ်စုံကို ကောက်ယူလိုက်သည်။ ဘာဘရန်းအမှတ်တံဆိပ်မှ ကပ်မထားသော်ငြား အထိအတွေ့ကား အလွန်နူးညံ့ပြီး သက်သောင့်သက်သာရှိလှသည်။

ညအိပ်ဝတ်စုံ၏ဘေးနားတွင် အတွင်းဝတ်များနှင့် ရာသီအလိုက်သင့်တော်သော အဝတ်အစားတစ်စုံလည်းရှိသည်။ အဝတ်အစားအားလုံးက ကျန်းမုန့်လောင်ပြောထားသည့်အတိုင်း ကိုယ်ပိုင်စတူဒီယိုတွင် ချုပ်လုပ်ထားဟန်တူသည်။

"မိန်းကလေး.. မပြီးသေးဘူးလား။ ညလယ်စာက အေးကုန်တော့မယ်နော်"

ထိုအချိန်ဝယ် ကျန်းမုန့်လောင်၏ စနောက်ကျီစယ်လေဟန် အသံက အပြင်မှ ထွက်ပေါ်လာသည်။

"များများလေးထပ်ဝတ်ခဲ့ဖို့ မမေ့နဲ့နော်။ အဲ့လိုမှမဟုတ်ရင် ခဏနေကျတော့ ငါ့ကိုယ်ငါမထိန်းချုပ်ထားနိုင်တော့မှာစိုးမိတယ်"

"ညုတုတုနဲ့အစအနောက်သန်လိုက်တဲ့ နင်ကတော့နော်.."

လုရီယောင်က ရယ်မောလျက် ဆူပူကြိမ်းမောင်းလိုက်သည်။ ထို့နောက် အဝတ်အစားများကို ခပ်မြန်မြန်လဲဝတ်လိုက်သည်။

…..

All Chapters