မင်းရဲ့အိပ်မက်ကို ငါထောက်ပံ့ပေးမယ်
Vol. 6 Ch. 86
"သေစမ်း.. ဒါကြီးကတော့ ငါ့အတွက် တအားများသွားပြီ"
လုရီယောင် ရေချိုးသန့်စင်ပြီး ထွက်လာသည့်မြင်ကွင်းကို ကြည့်ရင်း သူ ထိန်းချုပ်မှုလွတ်ထွက်သွားကြောင်း ကျန်းမုန့်လောင်ဝန်ခံလိုက်ရသည်။
လုရီယောင်က ညအိပ်ဝတ်စုံတစ်စုံကိုသာ ဝတ်ဆင်ထားသည်။ ဗီလာကို ရာသီအလိုက် သင့်တင့်သောအပူချိန်ဖြင့် အမြဲထားထားသည်ဖြစ်လေရာ ဤညအိပ်ဝတ်စုံသည် နွေးထွေးစေရန်အတွက် ဝတ်ခြင်းမဟုတ်ပါဘဲလှပကြော့ရှင်းပြီး သက်သောင့်သက်သာဖြစ်ရေးအတွက်သာ အဓိကထားခြင်းဖြစ်၏။
လုရီယောင်၏အသားအရေက ကျန်းမုန့်လောင်မြင်ဖူးသမျှ မိန်းကလေးများထဲတွင် အဖြူဝင်းဆုံးဖြစ်ပြီး ထိုခြေတံရှည်ရှည်လေးတစ်စုံကလည်း ထုဆစ်ထားသော အနုပညာလက်ရာတစ်ခုအလား ပြီးပြည့်စုံလှသည်။ ဘဲငန်းအလား နူးညံ့လေသော လည်တိုင်၊ ညှို့ဓာတ်ပြင်းသော ညှပ်ရိုးများနှင့် မစိုမခြောက်ဖြစ်နေပါသော ဆံနွယ်များကြောင့် ဘယ်အမျိုးသားကမှ ဤဆွဲဆောင်မှုကို တွန်းလှန်းနိုင်မည်မဟုတ်ပေ။
"သောက်ကျိုးနည်း.. ငါ နှာခေါင်းသွေးလျှံတော့မယ်"
ကျန်းမုန့်လောင်သည် သူ့နှာခေါင်းအတွင်း စီးဆင်းလာသော အနွေးဓာတ်တစ်ခုကို ခံစားလိုက်ရပြီး ခပ်မြန်မြန် ခေါင်းမော့ထားလိုက်သည်။
"ဟေး.. နင် ဘာလုပ်နေတာလဲ"
"အခုရက်ပိုင်း ငါ အစားတွေတအားများသွားလို့ အပူလွန်ကဲသွားတာ။ ဘာမှမဖြစ်ဘူး။ ဘာမှမဖြစ်ဘူး"
ဤနှာခေါင်းသွေးယိုစီးမှုဟာ အားပြင်းလှသောရူပါရုံကြောင့် ဆိုသည်ကိုမူ ကျန်းမုန့်လောင် ဘယ်တော့မှဝန်ခံမည်မဟုတ်။
"ဟားဟားဟား.. ကျန်းမုန့်လောင် ငါ့ရဲ့ဆွဲဆောင်မှုအောက်မှာ ကျရှုံးသွားတာမလား။ နင် သွေးအားနည်းရောဂါရရင် ငါ့ကို တာဝန်မယူခိုင်းနဲ့နော်"
"မင်းက ရယ်နိုင်သေးတယ်ပေါ့"
စိတ်ပျက်လက်ပျက်ဖြစ်နေသော ကျန်းမုန့်လောင်လည်း အောက်ထပ်သို့ ပြေးဆင်း၍ တစ်ရှူးအနည်းငယ်ယူကာ သူ့နှာခေါင်းပေါက်ထဲသို့ ထိုးထည့်လိုက်သည်။ အနည်းငယ်မျှ စိတ်ငြိမ်ငြိမ်ထားလိုက်ပြီးနောက် "သူ့ညီငယ်လေး"ကလည်း စိတ်လှုပ်ရှားမှုလွန်ကဲနေကြောင်း သူသတိထားလိုက်မိသည်။
"ငါ သူ့ကို ဒီမှာ တစ်ယောက်တည်းနေခိုင်းလိုက်ရမှာ။ ဒါကြီးက ငါ့ကိုယ်ငါနှိပ်စက်နေသလိုပဲ"
ကူစူးမြို့သို့ လာခဲ့စဉ်က လုရီယောင်သည် ချောင်းပီလျိုဖြစ်နေနိုင်လောက်သည်ဟု ဝမ်လင်က သူ့ကို သတိပေးခဲ့ဖူးသည်။ သို့သော် သူ(မ)က ချောင်းပီလျိုမဟုတ်ပါဘဲ ဝမ်ကျူးရှန်းဖြစ်နေလိမ့်မည်ဟု မည်သူထင်ထားပါအံ့နည်း။ မည်သူမှ ဤအရာကို သည်းခံနိုင်မည်မဟုတ်ပေ။
"ညလယ်စာနည်းနည်းလောက်စားရအောင်။ မင်းက ဘာစားစား ဝိတ်မတက်တဲ့သူဆိုတာကိုသိလို့ ငါ အသားကင်နည်းနည်းနဲ့ နို့လက်ဖက်ရည် မှာပေးထားတယ်"
ကျန်းမုန့်လောင်က ကျောက်ကပ်တစ်ကင်ကို ဆွဲယူ၍ ခပ်ကြီးကြီးတစ်လုတ် ကိုက်ချလိုက်သည်။
"ကျန်းမုန့်လောင်.. ငါ့ကိုကြည့်ဦးလေ။ နင် ငါ့ကို ဘာလို့မကြည့်တော့တာလဲ။ ဒီတော့ အချစ်ဆိုတာကလည်း ပျောက်ကွယ်နိုင်တာပဲပေါ့"
လုရီယောင်က ကျန်းမုန့်လောင်ကို စနောက်ရင်း ပို၍စိတ်လွတ်လက်လွတ်ရှိနေချေသည်။
"နင် ဘာလို့ ကျောက်ကပ်တွေ ထိုင်ဝါးနေတာလဲ။ ခံစားလို့မကောင်းလို့လား"
"မိန်းကလေး.. မင်းက မီးနဲ့လာကစားနေတာပဲ"
လုရီယောင်၏ ရန်စသည့်စကားများကို ကြားလိုက်ရသောအခါ ကျန်းမုန့်လောင်လည်း ဆက်ပြီး ထိန်းမထားနိုင်တော့ပေ။ ဤသည်မှာ ဘယ်ယောက်ျားကိုမဆို အရှက်ရစေသည်။
သူက သူ့ပါးစပ်သူသုတ်လိုက်ပြီး လုရီယောင်ကို ဘေးတိုက်အနေအထားဖြင့် ပွေ့ချီကာ ဆိုဖာပေါ်သို့ တင်လိုက်လေရာ ချက်ချင်းဆိုသလိုပင် ဆွဲဆောင်အားပြင်းရှသော ရနံ့တစ်ခုက သူ့နှာဖျားဆီသို့ အပြင်းနှင်လာလေသည်။
"ကလစ်"
စာဖိုးမှူးနှင့် အိမ်အကူများက ဤမြင်ကွင်းကို ရိပ်ခနဲမြင်လိုက်ရသဖြင့် နောက်ဆက်တွဲမြင်ကွင်းများက ကလေးများအတွက် မသင့်တော်သည့်အရာများ ဖြစ်နိုင်လေကြောင်း ရိပ်စားမိသောကြောင့် ခပ်မြန်မြန်လှည့်ပြန်သွားကြသည်။
သူတို့ အလွန်နီးနီးကပ်ကပ်ရှိသည်မှာ ယခုတစ်ခေါက်က ပထမဆုံးအကြိမ်ပင်။ မြန်ဆန်နေသော လုရီယောင်၏ နှလုံးခုန်သံကိုပင် ကျန်းမုန့်လောင်ကြားနေရသည်။ သူ့နှလုံးခုန်သံကလည်း အလွန်လျင်မြန်စွာ ခုန်လှုပ်နေလေသည်။
"ငါ စွမ်းဆောင်ရည်ရှိမရှိ မင်းသိချင်လား"
ကျန်းမုန့်လောင်က လုရီယောင်၏နှုတ်ခမ်းကို စိုက်ကြည့်ရင်း သူ့စိတ်ဆန္ဒကို ဖိနှိပ်ထားရန်အတွက် အပြင်းအထန်ကြိုးစားနေရလေသည်။
"ကျန်းမုန့်လောင် နင်ရူးနေလား။ အခုချက်ချင်းထနော်။ မဟုတ်လို့ကတော့ ငါ နင့်ကိုကန်ချပစ်မှာ"
လုရီယောင်၏ခြေထောက်များက ဂနာမငြိမ်ဖြစ်နေလေပြီ။ သို့သော် ကျန်းမုန့်လောင်အတွက်မူ ဤမြင်ကွင်းက ပို၍ပင်ဆွဲဆောင်ညှို့ယူနိုင်သေးသည်။
"အေးဆေးပေါ့။ အေးဆေးပေါ့"
ကျန်းမုန့်လောင်က လုရီယောင်ကို လွှတ်ပေးလိုက်ပြီး စားပွဲပေါ်ရှိ ကြံချောင်းတစ်ချောင်းကို ယူလိုက်သည်။ ထို့နောက် ထိုကြံချောင်းကိုဝါးရင်း တစ်ကိုယ်တည်းတီးတိုးရေရွတ်နေလေတော့သည်။
"ဟားဟားဟား ယောကျ်ားတစ်ယောက်က အခုလိုအချိန်မျိုးမှာ စီးကရက်ဆွဲထုတ်ပြီး သောက်သင့်တာမဟုတ်ဘူးလား။ နင်က ဘာကိစ္စနဲ့ ကြံကိုဝါးနေတာလဲ"
"ငါက ဆေးလိပ်တွေအရက်တွေရှောင်တယ်လေ"
ကျန်းမုန့်လောင် မျက်ဆန်လည်ပြလိုက်မိသည်။
"ဒီနေ့တော့ အလွတ်ပေးလိုက်မယ်။ ဒါပေမဲ့ နောက်တစ်ခေါက်ကျရင်တော့ ဒီလောက်လွယ်မှာမဟုတ်တော့ဘူး"
"စကားမစပ်.."
ကျန်းမုန့်လောင်သည် မသဲမကွဲနှင့် ကိုးရိုးကားရားဖြစ်နေသောလေထုကို လျော့ပါးသွားစေရန်အတွက် အကြောင်းအရာတစ်ခုကို ခပ်မြန်မြန်ရှာလိုက်သည်။
"ဘွဲ့ယူဖို့နီးလာပြီ။ ဘွဲ့ရပြီးရင် မင်း ဘာလုပ်မယ်လို့ စိတ်ကူးထားတာမျိုးရှိလား"
"သီချင်းဆက်ဆိုမှာပေါ့"
လုရီယောင် ပြောင်ပြောင်တင်းတင်းထုတ်ပြောလိုက်သည်။
"အဲ့ဒီလမ်းကြောင်းက မလွယ်ကူဘူးနော်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"စားစရာမရှိလောက်အောင်အထိ ငတ်ပြတ်သွားပြီး နောက်ဆုံးကျတော့ အီလက်ထရောနစ်စက်ရုံတွေမှာ အလုပ်ဝင်လုပ်လိုက်ရတဲ့ ပါရမီရှိတဲ့ဂီတပညာရှင် ဘယ်နှယောက်ရှိလဲဆိုတာ မင်းသိလား။ အဲ့လိုကိစ္စတွေမှအများကြီး"
"ငါ ဆရာမလုပ်လို့ရတယ်လေ"
လုရီယောင်က ထိုသို့ပြောလိုက်သည်။
"ငါ အားလပ်ချိန်တွေမှာ ယူထားတဲ့ အသိအမှတ်ပြုလက်မှတ်တွေရှိတယ်လေ။ ငါ ဂီတလုပ်ငန်းကို အပိုဝင်ငွေရတဲ့အလုပ်တစ်ခု ဝါသနာတစ်ခုအနေနဲ့ပဲ သဘောထားလိုက်မယ်လေ။ အဲ့လိုဆိုရင် မရဘူးလား"
"မင်းဘွဲ့ရပြီးရင် ကျန်းနန်မြို့ကိုလာခဲ့လေ"
ကျန်းမုန့်လောင်က ပြောလိုက်ချေသည်။
"ဟင်"
"မင်းက ဂီတကိုချစ်မြတ်နိုးတယ်ဆိုမှတော့ ငါကလည်း မင်းကိုကူညီဖို့အတွက် ငါ့အစွမ်းကို အကုန်ထုတ်သုံးပေးရမှာပေါ့"
ကျန်းမုန့်လောင်က လေးလေးနက်နက်ဆိုလိုက်သည်။
"မင်း ကြိုးစားနေသရွေ့တော့ မင်းအိပ်မက်ကို ငါထောက်ပံ့ပေးမှာပါ"
"မင်းကို သင်ပြပေးဖို့အတွက် အတော်ဆုံးဂီတပညာရှင်တွေကိုလည်း ခေါ်လာပေးနိုင်တယ်။ ဖန်းဝမ်ရှန်းကိုလည်း မင်းအတွက် သီချင်းစာသားတွေ ရေးခိုင်းလို့ရတယ်။ လိုအပ်လာရင် မင်းအတွက် နောက်ခံသီချင်းသီဆိုပေးဖို့ ဆရာဒါဘိုကုကိုပါ ခေါ်ပေးလို့ရတယ်"
"အဲ့ဒါတွေအကုန်လုံး အလုပ်မဖြစ်ရင်လည်း NetEase Musicကုမ္ပဏီကိုဝယ်လိုက်ပြီး မင်းရဲ့သီချင်းကို homepageမှာ တင်ပစ်လိုက်မယ်လေ"
"နင် တကယ်ပြောနေတာလား။ တခြားအဆိုတော်တွေကိုလည်း နေရာလေးပေးလိုက်ပါဦး"
လုရီယောင်ခမျာ မရယ်ဘဲ မနေနိုင်တော့ချေ။ ကျန်းမုန့်လောင်ပြောသလိုသာ အကုန်အလုပ်ဖြစ်သွားပါက ပါရမီရှိသော အဆိုတော်ဘယ်နှယောက်လောက်များ လောင်းရိပ်မိသွားမလဲဆိုသည်ကို မသိနိုင်ပေ။
"ငါ့ဘာသာ အရင်ကြိုးစားကြည့်ပါဦးမယ်"
လုရီယောင်ကလည်း ခွန်းတုံ့ပြန်လာသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါ့မှာလည်း ဖော်လိုဝါသိန်းဂဏန်းလောက်ရှိတယ်ဆိုတော့ ငတ်တော့မသေလောက်ပါဘူး။ တကယ်လို့ အလုပ်မဖြစ်ဘူးဆိုရင်လည်း အဲ့ဒီကျမှ မစ္စတာကျန်းဆီက အကူအညီတောင်းတော့မယ်။ အဲ့လိုဆိုရင် အဆင်ပြေတယ်မလား"
"အဆင်ပြေပါတယ်။ မင်း ဒီလိုဆုံးဖြတ်ထားတယ်ဆိုတော့လည်း ငါက ဘာများပြောနိုင်မှာလဲ"
လုရီယောင်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ကျန်းမုန့်လောင် လေးစားသည်။
"မင်း အကူအညီလိုတဲ့အချိန်တိုင်း ငါ့ကိုသာခေါ်လိုက်"
"ငါ သုတေသနစာတမ်းလုပ်လို့ပြီးသွားတာနဲ့ ကျန်းနန်မြို့ကိုလာပြီး နင့်ကိုလာရှာမယ်"
"တကယ်ပြောနေတာလား"
ကျန်းမုန့်လောင်တစ်ယောက် ရွှင်မြူးတက်ကြွသွားချေသည်။
"တကယ်တော့ အခုရက်ပိုင်း စာချုပ်ချုပ်ဖို့အတွက် ငါ့ကိုကမ်းလှမ်းလာတဲ့ ကုမ္ပဏီတော်တော်များများရှိတယ်။ ဘယ်ကိုသွားရမှန်းမသိလို့ ငါတွေဝေနေတာ။ ဒါပေမဲ့ အခုတော့ ငါ ကျန်းနန်မြို့ကိုပဲ လာဖြစ်တော့မယ်ထင်တယ်"
လုရီယောင်က အပြုံးတစ်ပွင့်ကိုဆင်မြန်းလျက် ပြောလိုက်လေသည်။
"အဲ့ဒီအချိန်ကျရင် ငါ မစ္စတာကျန်းကိုပဲ အားကိုးထားမယ်နော်"
"စိတ်ချထားလိုက်"
ဤသတင်းကိုကြားပြီးနောက် ကျန်းမုန့်လောင် ပို၍ပင်စိတ်သက်သောင့်သက်သာဖြစ်သွားသည်။
"ကောင်းပြီ။ အခုနောက်ကျနေပြီဆိုတော့ မင်း သွားအိပ်သင့်ပြီနော်။ မနက်ဖြန်ကျရင် အတန်းရှိတယ်မလား"
"နင်ကရော အတန်းမရှိဘူးလား"
လုရီယောင်ကလည်း ပြန်မေးလိုက်သည်။
"ငါလား။ ငါတို့ရဲ့သုတေသနအဖွဲ့အတွက် သုတေသနရန်ပုံငွေကို ဘီလီယံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံထားတာလေ။ အဲ့ဒီလောက်ဘွဲ့စာတမ်းလေးတစ်ခုကတော့လား။ ငါ့စီနီယာအစ်ကိုတွေနဲ့ အစ်မတွေက ငါ့အစား ကူလုပ်ပေးထားပြီးပြီ။ ဘွဲ့ယူတယ်ဆိုတာက လုပ်ထုံးလုပ်နည်းတစ်ခုသက်သက်ပါပဲ"
"ရွံစရာကောင်းလိုက်တာ"
"ရွံစရာကောင်းတယ်ဆိုတာက ဘာအဓိပ္ပာယ်လဲ။ ငါ လက်တွေ့စမ်းသပ်မှုတွေ တကယ်လုပ်ပြီးသွားပြီ။ နေ့တိုင်းလည်း လက်တွေ့စမ်းသပ်ချက်တွေ လုပ်နေတာပဲ"
"ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ ငါ နင့်ကိုယုံပါတယ်။ အခုသွားအိပ်ချေတော့"
"ကောင်းပြီလေ။ ငါ မင်းရဲ့အပေါ်မှာ အိပ်မှာနော်။ ကိစ္စတစ်ခုခုရှိရင် အချိန်မရွေးလှမ်းခေါ်လိုက်။ ညဘက်ကြီး အထီးကျန်တာတို့ အေးနေတာတို့ တစ်ကိုယ်တည်းဖြစ်နေတာတို့ဆိုရင်လည်း ငါ မင်းအတွက် ဘာမဆိုဝန်ဆောင်မှုပေးနိုင်တယ်နော်"
"ငါ့အပေါ်မှာအိပ်မယ်ဆိုတာက ဘာသဘောလဲ။ ကျန်းမုန့်လောင်.. ရှင်းရှင်းပြောလေ"
"မင်းက ဒုတိယထပ်မှာ။ ငါက တတိယထပ်မှာလေ။ ဒီတော့ သဘာဝကျကျပြောရရင် ငါက မင်းရဲ့အပေါ်မှာ အိပ်ရတာပဲပေါ့"
ကျန်းမုန့်လောင် ရှင်းပြလိုက်သည်။
"မင်း အပေါ်မှာနေချင်တယ်ဆိုရင်လည်း ရပါတယ်။ နေရာချင်းလဲကြတာပေါ့"
"အဲ့လိုမှပေါ့..မဟုတ်သေးဘူး။ နေဦး။ အဲ့ဒါကြီးက ပိုပြီးတော့တောင် ကိုးရိုးကားရားနိုင်သေးတယ်။ မပြေးနဲ့။ ငါ နင့်ကို သေအောင်ရိုက်သတ်ပစ်မယ်"
...
ခဏမျှကြာသည်အထိ စနောက်ကျီစယ်နေပြီးနောက် ကျန်းမုန့်လောင်ခမျာ ခုတင်ထက်၌ မောပန်းစွာဖြင့် လဲလျောင်းလိုက်သည်။ ဖုန်းဖွင့်ကြည့်လိုက်ချိန်မှာမူ ယနေ့၏ ရေပန်းအစားဆုံးကဏ္ဍတွင် သူ့အကြောင်းများသာ ပြည့်နှက်နေသည်။
အင်တာနက်အသုံးပြုသူများသည် မည်မျှအစွမ်းထက်လေသလဲဆိုသည်ကို မည်သူမှမသိကြပေ။ ကျန်းမုန့်လောင်၏ဘိုးဘေး ကျန်းကျင်းကျီနှင့်ပတ်သက်သည့် သတင်းအချက်အလက်များမှာ တူးဆွခံလိုက်ရသည်။ ထိုသတင်းအချက်အလက်များဟာ အပေါ်ယံသက်သက်သာ ဖြစ်၏။ ကျန်းမိသားစုဘက်က လူထုကိုမသိစေချင်သော လျို့ဝှက်ချက်များကိုတော့ မည်သူမှ စုံစမ်းဖော်ထုတ်နိုင်ခြင်းမရှိချေ။
"ဒင်"
မက်ဆေ့ချ်တစ်စောင်သည် "၃၁၄မှအဖေများ"ဟူသည့် ခေါင်းစဉ်နှင့်အတူ တက်လာလေသည်။ ဤသည်မှာ ကျန်းမုန့်လောင်တို့အဆောင်ခန်းထဲရှိလူများ စကားစမြည်ပြောဆိုသည့် ဂရုတစ်ခုဖြစ်၏။ ဤလူတစ်သိုက်သည် ယခုရက်ပိုင်းအတွင်း အလုပ်ရှာရင်း အလုပ်များနေကြဟန်တူ၏။ ဂရုထဲတွင် ဘာမက်ဆေ့ချ်မှမပို့ထားကြသည်မှာ တော်တော်ကြာလေပြီ။
"ညီအစ်ကိုတို့... အားတဲ့အချိန်ကျရင် လူစုရအောင်လေ"
ကျန်းမုန့်လောင်က စာတစ်ကြောင်းကို ခပ်မြန်မြန်ရိုက်လိုက်လေသည်။
"မုန့်လောင်.. လောင်စွန်း ပြဿနာတက်နေပြီကွ"
ရှုလီ၏မက်ဆေ့ချ်က ပေါ်လာလေသည်။
"သူ အလွဲသုံးစားလုပ်မှုနဲ့ အစွပ်စွဲခံနေရတယ်။ ငါတို့လည်း အခု မင်းကို အကူအညီတောင်းရုံအပြင် ဘာမှမတတ်နိုင်တော့လို့"
…….