← Chapters

ငါ့ညီအစ်ကိုကို အကွက်ဆင်ရဲတယ်ပေါ့

Vol. 6 Ch. 87

ငါ့ညီအစ်ကိုကို အကွက်ဆင်ရဲတယ်ပေါ့

Vol. 6 Ch. 87

"ဘာမှစိတ်မပူနဲ့"

ကျန်းမုန့်လောင်၏ရင်ထဲဝယ် ထိတ်လန့်မှုအရိပ်အယောင်တစ်ခု လက်ခနဲဖြစ်သွားသော်ငြား ချက်ချင်းပင် စိတ်တည်တည်ငြိမ်ငြိမ်ထား၍ ရှုလီဆီသို့ ဖုန်းခေါ်လိုက်သည်။

သူတို့အဆောင်တူသူငယ်ချင်းတစ်စု၏ ဆက်ဆံရေးက အမြဲကောင်းမွန်နေခဲ့သည်သာ။ သူတို့အချင်းချင်း ရင်းနှီးလှသောအသုံးအနှုန်းများဖြင့် ပြောဆိုခေါ်ဝေါ်တတ်ပါသော်လည်း အပေါ်ယံဆက်ဆံရေးတော့ မဟုတ်ပေ။ ထိုသို့မဟုတ်ပါက ကျန်းမုန့်လောင်အနေနှင့် သူတို့ကို သူ့မွေးရပ်မြေသို့ အလည်အပတ်ခေါ်သွားခဲ့မည်မဟုတ်ပေ။

"ဘာဖြစ်တာလဲ။ ဖြည်းဖြည်းပြောပြစမ်းပါ"

"စွန်းယွီလဲ့က သိပ်မကြာခင်ကပဲ အလုပ်သင်ဆင်းခဲ့တာမဟုတ်လား။ အင်တာနက်ကုမ္ပဏီတစ်ခုမှာ လုပ်ငန်းလည်ပတ်မှုပိုင်းဆိုင်ရာရာထူးတစ်ခုနဲ့လေ"

"အဲ့ဒါ ဘာဖြစ်လို့လဲ"

ကျန်းမုန့်လောင်လည်း ထိုကိစ္စကို မှတ်မိနေဆဲသာ။ သူတို့၏မေဂျာက အလုပ်ရှာရန် ခက်ခဲလွန်းလှသောကြောင့် စွန်းယွီလဲ့က သူ့မေဂျာကို လက်လျှော့၍ လုပ်ငန်းနယ်ပယ်ပြောင်းသွားခဲ့သည်။ လုပ်ငန်းလည်ပတ်မှုပိုင်းဆိုင်ရာရာထူးများက ပုံမှန်အားဖြင့် အရည်အချင်းသတ်မှတ်ချက်ပိုနိမ့်သောကြောင့် သူတို့အတွက် ပိုသင့်တော်ပေသည်။

"ကုမ္ပဏီကလည်း တအားသေးသေးမွှားမွှားထဲက မဟုတ်ဘူးလေ။ ငါ့အထင် လူအယောက်သုံးရာဝန်းကျင်လောက်ရှိမယ်ထင်တယ်။ အစတုန်းက စွန်းယွီလဲ့က အင်တာနက်ဆယ်လီတစ်ယောက် ပါဝင်ပတ်သက်နေတဲ့ ပရောဂျက်အဖွဲ့တစ်ခုမှာ အလုပ်လုပ်နေရတာလေ။ အဲ့ဒီပရောဂျက်က ဘရန်းတစ်ခုရဲ့ကိုယ်စားလှယ်ရာထူးရပိုင်ခွင့်အတွက် တခြားပြိုင်ဘက်တွေအများကြီးနဲ့အတူ ယှဉ်ပြိုင်နေခဲ့တာလေ။ သူတို့ တကယ်လည်းရတော့မဲ့အချိန်မှာပဲ ဘရန်းဘက်က ရုတ်တရက်ကြီး စိတ်ပြောင်းသွားပါလေရော"

"ဆက်ပြော"

ကျန်းမုန့်လောင် ယခုအထိ အဓိကအကြောင်းအရာကို မသိရသေးပေ။

"ဘာလို့လဲဆိုတော့ သူတို့ကုမ္ပဏီထဲက လူတစ်ယောက်က ပြိုင်ဘက်ကုမ္ပဏီဆီကနေ လာဘ်စားပြီး ဗျူဟာစီမံကိန်းတွေကို ရောင်းစားပစ်လိုက်လို့လေ။ အဲ့ဒါကြောင့် အနားနီးမှ အခုလိုဖြစ်သွားတာ။ အဲ့ဒီမှာပဲ စွန်းယွီလဲ့က မြေစာပင်လေးဖြစ်တော့တာပဲ"

"မင်းဆိုလိုချင်တာက အဲ့ဒီပရောဂျက်အဖွဲ့ရဲ့ခေါင်းဆောင်က တစ်ခုခုလုပ်ထားတာပေါ့"

နောက်ဆုံးမှာတော့ ကျန်းမုန့်လောင် ကိစ္စရပ်၏အဓိကအကြောင်းအရင်းကို နားလည်လိုက်လေပြီ။

"ဘာသက်သေမှမရှိပေမဲ့ ဖြစ်နိုင်ခြေတော်တော်များတယ်။ စွန်းယွီလဲ့ရဲ့စရိုက်ကိုလည်း မင်းသိတာပဲ။ သူက အဲ့ဒီလိုလုပ်ရပ်မျိုးကို လုံးဝလုပ်မှာမဟုတ်ဘူး"

"ငါသိတယ်။ ငါသူ့ကိုယုံတယ်"

ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်သည်။ သူတို့အဆောင်နေသူငယ်ချင်းတစ်သိုက်ထဲမှာ စွန်းယွီလဲ့က အရိုးဖြောင့်ဆုံးပင်။ သူက ဘာဉာဏ်နီဉာဏ်နက်မှ မဆင်တတ်သလို သူများနှင့်လည်း စကားမများတတ်ပေ။ ထိုကဲ့သို့သောစိတ်နေစိတ်ထားမျိုးက တစ်နေ့နေ့မှာ သူ့အတွက် အကျိုးယုတ်စေလိမ့်မည်ဟု သူတို့ သူ့ကိုသတိပေးခဲ့ဖူးသည်။

"ဒါဆို အခု အခြေအနေက ဘယ်လိုဖြစ်သွားပြီလဲ"

ကျန်းမုန့်လောင် မေးလိုက်လေသည်။

"စွန်းယွီလဲ့ရဲ့အကောင့်ထဲမှာ ရုတ်တရက်ကြီး ယွမ်တစ်သိန်းတိုးလာတာတဲ့။ ပြီးတော့ ပြိုင်ဘက်ကုမ္ပဏီနဲ့ ဆက်သွယ်ထားတဲ့မှတ်တမ်းတချို့ကိုလည်း အလုပ်က သူ့ကွန်ပျူတာထဲမှာ တွေ့ထားတယ်တဲ့။ ဒီစွပ်စွဲချက်ကသာ အတည်ပြုလိုက်ပြီဆိုရင် သူ အနည်းဆုံး ထောင်ဒဏ်သုံးနှစ်တော့ ကျနိုင်လောက်တယ်"

"သုံးနှစ်လား"

ကျန်းမုန့်လောင်လည်း လက်သီးတင်းတင်းဆုပ်ထားလိုက်မိသည်။ အလားအလားကောင်းများနှင့် တောက်ပသောအနာဂတ်များ ရှိနေပါသည့် ဘွဲ့ရခါစတက္ကသိုလ်ကျောင်းသားတစ်ယောက်အတွက်မူ ထောင်ဒဏ်သုံးနှစ်ဆိုသည်မှာ ထောင်မှလွတ်လာသည်နှင့် သူ့ကို လူ့အဖွဲ့အစည်းကြီးနှင့် အဆက်အသွယ်ပြတ်သွားစေနိုင်လောက်သော ကိစ္စတစ်ခုဖြစ်၏။ ထို့ပြင် အဂတိလိုက်စားမှုဟူသော အမည်းစက်ကြီးက သူ့နောက်သို့ တစ်သက်လုံးလိုက်နေတော့မည်ဖြစ်ပြီး ကိုယ်ရေးအကျဉ်းကိုလည်း ထာဝရညစ်ညမ်းစေမည့်အရာပင်။

"ဒီကိစ္စကို ဖြေရှင်းနိုင်မဲ့နည်းလမ်းနှစ်ခုတော့ရှိတယ်။ တစ်ခုက ကုမ္ပဏီကို သူတို့ရဲ့ဆုံးရှုံးနစ်နာမှုအတွက် လျော်ကြေးငွေပေးဖို့ပဲ။ အဲ့လိုဆိုရင်တော့ ကုမ္ပဏီဘက်ကလည်း စွန်းယွီလဲ့ကိုစွဲဆိုထားတဲ့စွဲချက်တွေကို လျော့ပေါ့ပေးနိုင်လောက်တယ်။ နောက်တစ်နည်းကတော့ သူ့ရဲ့အပြစ်ကင်းစင်မှုကို သက်သေပြနိုင်မဲ့ သက်သေအထောက်အထားတွေကို ရှာရမှာပဲ"

"ဆုံးရှုံးနစ်နာမှုက တော်တော်များမှာပဲ။ ဟုတ်တယ်မလား"

ကျန်းမုန့်လောင် မေးလိုက်လေသည်။

"ပရောဂျက်ရဲ့ခန့်မှန်းချက်အကဲဖြတ်နှုန်းအရဆိုရင် အသားတင်အမြတ်ငွေက ယွမ်သန်းနှစ်ဆယ်ကျော်တယ်တဲ့"

ရှုလီက ထိုသို့ပြောလာလေသည်။

"လောင်ကျန်း.. မင်းတို့မိသားစုက အရမ်းချမ်းသာတယ်မလား။ မင်းတို့မှာ အဆက်အသွယ်တွေဘာတွေရှိမှာပေါ့။ အဆက်အသွယ်တွေနဲ့ အလုပ်မဖြစ်ဘူးဆိုရင်လည်း အနည်းဆုံးတော့ စွန်းယွီလဲ့အတွက် ရှေ့နေနည်းနည်းလောက် ငှားပေးလိုက်ပါကွာ။ သူ ဒီအတိုင်း ထောင်ထဲဝင်သွားရလို့မဖြစ်ဘူးကွ"

"အမလေး..တကယ့်လာဘ်စားတဲ့လူအစစ်ကတော့ တော်တော်သတ္တိရှိတာပဲ"

ကျန်းမုန့်လောင်၏မျက်ဝန်းထဲ၌ ကြောက်မက်ဖွယ်ကောင်းသော အရိပ်အယောင်များ လင်းလက်နေချေသည်။

"ငါနားလည်ပြီ။ မင်းတို့ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပူနဲ့။ ငါ့ဆီက သတင်းကိုသာ စောင့်နေလိုက်"

ကျန်းမုန့်လောင်က ဖုန်းချလိုက်ပြီးနောက် ဟုန်းရီဆီသို့ ချက်ချင်းဖုန်းဆက်လိုက်သည်။

"မင်း အခုထိမအိပ်သေးဘူးမလား"

"မအိပ်သေးပါဘူး မစ္စတာကျန်း.. ဘာများလိုအပ်လို့လဲ"

"ငါ့လက်အောက်မှာ ရှေ့နေတစ်ယောက်ယောက်များရှိလား"

"ရှိပါတယ်"

"ငါ အကျွမ်းကျင်ဆုံးရှေ့နေတစ်ယောက်လောက်လိုချင်တယ်"

ကျန်းမုန့်လောင်က ထိုသို့ပြောလိုက်လေသည်။

"စိတ်ချပါ မစ္စတာကျန်း..ရှင့်ရှေ့နေက ကမ္ဘာပေါ်မှာ ထိပ်တန်းအဆင့်ပါပဲ"

ဟုန်းရီက ပြောလာလေသည်။

"နန်ရှန်းPizzahutကို သိလား"

"အဲ့ဒါက ထန်ရွှင်းအတွက် အမြဲတိုက်ခိုက်ပေးနေတဲ့ ဥပဒေအကျိုးဆောင်ဌာနမဟုတ်လား။ ဘယ်တော့မှလည်းမရှုံးဘူး။ အဖြူကိုတောင် အမည်းဖြစ်အောင်ပြောင်းနိုင်တဲ့ဟာလေ"

ကျန်းမုန့်လောင်လည်း နန်ရှန်းPizzahutကို ယခင်က ကြားဖူးနားဝရှိထားသည်။

ထန်ရွှင်း၏ဂိမ်းဒီဇိုင်းများတွင် မူပိုင်ခွင့်အငြင်းပွားမှုများစွာ ရှိတတ်သောကြောင့် သူတို့သည် ပြည်တွင်းပြည်ပဂိမ်းကုမ္ပဏီများထံမှ တရားစွဲဆိုမှုများစွာနှင့် ကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း ထန်ရွှင်းသည် ယခုအချိန်အထိ တစ်ခါမျှရှုံးနိမ့်ဖူးခြင်းမရှိခဲ့ပေ။ သူတို့၏ဥပဒေအကျိုးဆောင်ဌာနဖြစ်သော နန်ရှန်းPizzahutသည် ဤကိစ္စတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

"အမြင့်ဆုံးကျွမ်းကျင်မှုအဆင့်ကို ထိန်းသိမ်းဖို့အတွက် ရှင့်လက်အောက်မှာရှိတဲ့ ရှေ့နေတွေက အဖွဲ့တွင်းယှဉ်ပြိုင်မှုတွေကို မကြာခဏဖြတ်သန်းရပါတယ်။ နိုင်တဲ့လူက လစာနှစ်ဆနဲ့ ဆက်နေရမယ်။ ရှုံးတဲ့လူကတော့ အလုပ်ထွက်ပေါ့။ နန်ရှန်းPizzahutရဲ့ တည်ထောင်သူအဖွဲ့ဝင်တွေက ဟိုးရာစုနှစ်တစ်ခုကျော်တုန်းက ထုတ်ပယ်ခံခဲ့ရတဲ့လူတွေလေ"

"အထင်ကြီးဖို့ကောင်းလိုက်တာ"

ကျန်းမုန့်လောင် အံ့ဩမှင်တက်သွားရလေသည်။ ထုတ်ပယ်ခံလိုက်ရသူများကပင် ဤမျှလုပ်ဆောင်ရည်ကောင်းနေပါက သူ့လက်အောက်ရှိ ရှေ့နေများဆိုလျှင် အထက်တန်းလွှာများ၏ အထက်တန်းလွှာများဖြစ်နေလိမ့်မည်သာ။

"ငါ့အတွက် အဲ့ဒါလေးစီစဉ်ထားပေး။ မနက်ဖြန်ကျရင် ငါ ကျန်းနန်မြို့ကို ပြန်လာခဲ့မယ်"

ကျန်းမုန့်လောင် ထိုသို့ဆိုလိုက်သည်။

"ပြီးတော့ Nas Holdingsအုပ်စုရဲ့သတင်းအချက်အလက်တွေအားလုံးကို လိုချင်တယ်"

"ကောင်းပါပြီ မစ္စတာကျန်း.. နာရီဝက်အတွင်း Nas Holdingsနဲ့ပတ်သက်သမျှ အချက်အလက်တွေအကုန်လုံးကို ရှင့်အီးမေးလ်ကို ပို့လိုက်ပါ့မယ်။ တခြားညွှန်ကြားစရာများရှိသေးလား"

"လောလောဆယ်တော့မရှိတော့ဘူး။ လုပ်စရာရှိတာ ဆက်လုပ်လိုက်ပါဦး"

"ဟုတ်ကဲ့"

...

"အတင့်ရဲလိုက်တာ"

ကျန်းမုန့်လောင်သည် စာရေးစားပွဲကို အားပါပါရိုက်ချလိုက်သည်။

"ငါ့ညီအစ်ကိုကိုတောင် အကွက်ဆင်ရဲတာ 'ကိုယ့်သေတွင်းကိုယ်တူးတယ်'ဆိုတဲ့ အဓိပ္ပာယ်ကို တကယ်နားမလည်ဘူးပဲ"

ကျန်းမုန့်လောင်သည် မိသားစုစည်းစိမ်ကို အမွေဆက်ခံလိုက်ရသည့်အတွက် မောက်မာလာပြီး လူတိုင်းကို အထင်အမြင်သေးနေခြင်းမျိုး မဟုတ်ပေ။

သူ့အခန်းဖော်များအားလုံးက သာမန်မိသားစုများမှ ဆင်းသက်လာသူများပင်။ ထိုကုမ္ပဏီ၏ဆုံးရှုံးနစ်နာမှုသန်းနှစ်ဆယ်အတွက် သူတို့ပိုင်ဆိုင်မှုအားလုံးကို ရောင်းထုတ်ပစ်လိုက်လျှင်ပင် ထိုပမာဏကို ကာမိမည်မဟုတ်ပေ။ ဤအဓိပ္ပာယ်မှာ စွန်းယွီလဲ့အနေနှင့် တရားစွဲခံရပြီး ထောင်ကျဖို့သာ ရှိတော့သည်။

စွဲဆိုချက်ကိုသာ အတည်ပြုလိုက်သည်နှင့် စွန်းယွီလဲ့၏ဘဝလည်း လုံးဝပျက်စီးရလေပြီဖြစ်၏။ ဤသည်မှာ အသေးအဖွဲကိစ္စလေးတစ်ခုမဟုတ်သောကြောင့် ကျန်းမုန့်လောင် ဤမျှအထိဒေါသထွက်နေရခြင်းဖြစ်၏။

"ဒေါက် ဒေါက် ဒေါက်"

တစ်စုံတစ်ယောက်က ကျန်းမုန့်လောင်၏ အခန်းတံခါးကို လာခေါက်လေသည်။

"မင်း ဘာလို့ရောက်လာတာလဲ"

ကျန်းမုန့်လောင် တံခါးဖွင့်လိုက်သောအခါ အပြင်ဘက်တွင် လုရီယောင်ရှိနေချေသည်။

"မင်း တကယ်များ အထီးကျန်ပြီး အေးနေလို့ ငါ့ရင်ခွင်ကို လိုအပ်နေလို့များလား"

လုရီယောင်ကိုမြင်လိုက်ရသောအခါ ကျန်းမုန့်လောင်၏ရင်ထဲရှိ ရန်လိုမှုများက တော်တော်များများကင်းစင်ပပျောက်သွားလေတော့သည်။

"ဟာသလုပ်မနေနဲ့တော့"

လုရီယောင်က ကျန်းမုန့်လောင်ကို ကျီစယ်လိုဟန်ဖြင့် စိုက်ကြည့်လိုက်သည်။

"နင် စားပွဲကိုရိုက်ချလိုက်တဲ့အသံကို ငါကြားလိုက်ရလို့ နင်များဘာဖြစ်နေလဲလို့ လာကြည့်တာ။ နင့်အမူအရာကိုကြည့်ရပုံထောက်တော့ ဘာဖြစ်ထားတာလဲ"

"ငါ့အခန်းဖော်တစ်ယောက် အကွက်ဆင်ခံရပြီး တရားစွဲခံထားရလို့လေ"

"အာ.. ဘယ်လိုဖြစ်တာလဲ"

"အသေးစိတ်ကိုတော့ ငါလည်းသေချာမသိဘူး။ အစကတော့ ငါတို့ရဲ့ဆက်ဆံရေးကို ပိုအရှိန်မြင့်လာစေဖို့အတွက် ဒီမှာ ရက်ပိုင်းလောက်ဆက်နေဦးမလို့ပဲ။ ဒါပေမဲ့ ကြည့်ရတာတော့ ငါ ကျန်းနန်မြို့ကို မနက်ဖြန်ပဲပြန်ရလိမ့်မယ်ထင်တယ်"

ကျန်းမုန့်လောင်က နောင်တတကြီးဖြင့် ဆိုလာလေသည်။

"ဘယ်သူက နင်နဲ့ ဆက်ဆံရေးကို အရှိန်မြှင့်ချင်နေလို့လဲ"

လုရီယောင်က မာဆတ်ဆတ်ပြန်ပြောလိုက်သည်။

"ဒါပေမဲ့ ဒီကိစ္စက အသေးအဖွဲကိစ္စလေးမဟုတ်ဘူးနော်။ နင် သူ့ကို ကူညီတဲ့အခါ သတိထားမှဖြစ်မယ်။ နင့်ကိုယ်နင်လည်း ပြဿနာမတက်အောင်လုပ်ဦး"

"စိတ်မပူပါနဲ့။ အသေးစားတရားစွဲဆိုမှုလေးပါ။ ငါ ဖြေရှင်းနိုင်ပါတယ်"

ကျန်းမုန့်လောင် ထိုသို့နှယ်ပြောလိုက်လေသည်။

"မင်း ဘာလို့မအိပ်သေးတာလဲ"

"အိပ်မပျော်လို့လေ။ တကယ်တော့ ငါ နင်နဲ့စကားလာပြောချင်လို့"

"အဲ့လိုဝတ်စားထားပြီးတော့လား။ ငါ ထိန်းချုပ်မှုလွတ်သွားမှာ မကြောက်ဘူးလား"

ကျန်းမုန့်လောင်ကလည်း စနောက်လိုက်သည်။

"အဲ့လိုလုပ်ဖို့အတွက်လည်း သတ္တိရှိဖို့က လိုသေးတာပေါ့"

"ဟားဟားဟား..ငါ မင်းသီချင်းဆိုတာကို နားထောင်ချင်စိတ်ပေါက်လာပြီ"

ကျန်းမုန့်လောင်က အခန်းထဲရှိ စန္ဒရားကြီးနားသို့ လျှောက်သွားလိုက်သည်။

"မိန်းကလေးလု.. ကျွန်တော့်ကို သီချင်းတစ်ပုဒ်လောက်ဆိုပြပြီး ကောင်းချီးပေးလို့ရမလား"

"ကောင်းပြီလေ။ ဒါဆိုရင် မစ္စတာကျန်းကို အဖော်လုပ်ပြီး လိုက်ဆိုပေးဖို့ အပူကပ်ရတော့မှာပဲ"

ကျန်းမုန့်လောင်၏လက်ချောင်းများက စန္ဒရားထက်တွင် သွက်လက်ကျွမ်းကျင်စွာ ပြေးလွှားနေပြီး ပဏာမတီးလုံးသံကလည်း ထွက်ပေါ်လာသည်။

လုရီယောင်ကလည်း နားလည်သဘောပေါက်ဟန်ဖြင့် ပြုံးလိုက်ချေသည်။ ဤသည်မှာ သူတို့နှစ်ယောက် တွေ့ဆုံခဲ့စဉ်က ပထမဆုံးအကြိမ်အဖြစ် အတူတွဲပြီးသီဆိုခဲ့ဖူးသောသီချင်းပင်။

လောကကြီးမှာ အံ့ဩမှင်တက်ဖွယ်ကောင်းတဲ့ တွေ့ဆုံမှုတချို့ရှိတယ်..

ငါ မင်းနဲ့တွေ့ခဲ့ရသလိုမျိုးပေါ့...

...

All Chapters