ယွမ်တစ်သိန်းနဲ့ ဘယ်သူ့ကိုလာစော်ကားနေတာလဲ
Vol. 6 Ch. 88
"အိပ်ပျော်နေတဲ့ ဒီမျက်နှာလေးက လူတစ်ယောက်ကို လွယ်လွယ်လေးပြစ်မှုကျူးလွန်မိအောင် ပြုစားနေတာပဲ"
ကျန်းမုန့်လောင်က လှစ်ဟပေါ်လွင်နေပါသော လုရီယောင်၏ခြေထောက်ကို စောင်တစ်ထည်နှင့် ခြုံလွှမ်းပေးလိုက်သည်။
သူ(မ) အလွန်ပင်ပန်းနေသောကြောင့် ဖြစ်မည်ထင့်။ လုရီယောင်သည် မနေ့ညတုန်းက ကျန်းမုန့်လောင်၏အခန်းထဲမှာပင် သီချင်းဆိုလျက် အိပ်မောကျသွားခဲ့သည်။ ကျန်းမုန့်လောင်ကလည်း မသင့်တော်သောလုပ်ရပ်မျိုး ဘာတစ်ခုမှမလုပ်ခဲ့ပေ။ အခန်းကလည်း ကျယ်ကျယ်ဝန်းဝန်းရှိလှသဖြင့် တစ်ညလုံး ဆိုဖာပေါ်မှာသာ အိပ်နေခဲ့သည်။
"ငါ ဒီလောက်မြန်မြန်ကြီး တကယ်ပြန်မသွားချင်ဘူး"
ကျန်းမုန့်လောင်က လုရီယောင်ကိုစိုက်ကြည့်ရင်း မချင့်မရဲဟန်ဖြင့် ပြောလိုက်လေသည်။ စွန်းယွီလဲ့၏ပြဿနာကို ဟုန်းရီကို တစ်ဆင့်ကိုင်တွယ်ဖြေရှင်းခိုင်းလိုက်၍ ရသော်ငြား စွန်းယွီလဲ့က သူ့အခန်းဖော်ဖြစ်ခဲ့သည်မှာ သုံးနှစ်ကျော်ပင်ကြာခဲ့လေပြီမို့ ဤကိစ္စကို သူကိုယ်တိုင်မဖြေရှင်းရပါလျှင် ကျန်းမုန့်လောင် စိတ်အေးလက်အေးရှိနိုင်မည်မဟုတ်ပေ။
ကျန်းမုန့်လောင်သည် အခန်းထဲမှ ခြေဖျားထောက်၍ ထွက်သွားလိုက်ပြီး မျက်နှာသစ်ဆေးကြောလိုက်သည်။ ယခုလေးတင်မှ ပါဆယ်မှာလိုက်သော မနက်စာကလည်း ထမင်းစားစားပွဲပေါ်သို့ ရောက်နေလေပြီဖြစ်၏။ သို့သော် သူ စိတ်အခြေအနေမကောင်းသောကြောင့် သိပ်မစားဖြစ်ပေ။ လုရီယောင်၏နေ့စဉ်လုပ်ငန်းဆောင်တာများကို ကူညီဖြေရှင်းပေးရန်အတွက် ကောင်းယွီရှန်ကို မှာထားခဲ့ပြီး ကူစူးမြို့မှ ပြန်လာခဲ့လိုက်သည်။
ကျန်းနန်မြို့သို့ သူပြန်ရောက်ချိန်တွင် မနက်ဆယ်နာရီကျော်နေလေပြီ။ အိမ်ကိုဝင်နေဖို့အထိလည်း စိတ်မရှည်တော့သဖြင့် စွန်းယွီလဲ့၏ကုမ္ပဏီNas Holdingဆီကိုသာ တည့်တည့်ထွက်လာခဲ့လိုက်သည်။
...
"ဒီနေ့ခေတ်တက္ကသိုလ်ကျောင်းသားတွေက ကိုယ်ကျင့်တရားကင်းမဲ့လိုက်တာ။ အလုပ်သင်တစ်ယောက်တောင်မှ တခြားကုမ္ပဏီက လာဘ်ထိုးတာကို လက်ခံရဲသတဲ့"
"ဘာတတ်နိုင်မှာလဲ။ ပေးလာတဲ့ပိုက်ဆံကလည်း ယွမ်တစ်သိန်းလေ။ သာမန်ဘွဲ့ရပြီးခါစလူတွေရဲ့လစာက နှစ်နှစ်လောက်အလုပ်လုပ်ရင်တောင် အဲ့လောက်ပမာဏကိုမရဘူးလေ။ ငါသာဆိုရင်လည်း ငြင်းနိုင်လောက်မှာမဟုတ်ဘူး"
"အဲ့ဒီလိုလူစားမျိုးက ကုမ္ပဏီကို ဘယ်လိုမျက်နှာမျိုးနဲ့ ပြန်လာရဲတယ်မသိပါဘူး"
"ဟုတ်ပါ့။ ကုမ္ပဏီက ဒီကိစ္စကြောင့်နဲ့ ယွမ်သန်းနှစ်ဆယ်တိတိဆုံးရှုံးလိုက်ရတာ။ ငါတို့ရဲ့နှစ်ကုန်ဘောနပ်စ်တွေတော့ သွားပါပြီ။ အဲ့ဒါတွေအကုန် ဒီအရှက်မဲ့တဲ့ကောင်ကြောင့်ပဲ"
"ဟုတ်တယ်။ သူက ဘယ်ကျောင်းဆင်းလဲ။ ငါတို့ရဲ့HRဌာနကို နောင်အနာဂတ်မှာ အဲ့ဒီကျောင်းဆင်းတွေကို အလုပ်မဆန့်ဖို့ ပြောထားရအောင်။ ဒီလိုဘွဲ့ရကျောင်းသားမျိုးတွေကို သူတို့ကျောင်းကပဲ ပုံဖော်ပေးခဲ့တာ"
"အဓိပ္ပာယ်ရှိသားပဲ"
...
သူ့ပတ်ပတ်လည်ရှိ လုပ်ဖော်ကိုင်ဖက်များ၏ အတင်းအဖျင်းပြောသံများကို ကြားသောအခါ စွန်းယွီလဲ့တစ်ယောက် လက်သီးတင်းတင်းဆုပ်၍ မပေါက်ကွဲမိအောင် ထိန်းချုပ်နေရသည်။
ကုမ္ပဏီမှာ ကောင်းကောင်းမွန်မွန် အလုပ်လုပ်ကိုင်နေခဲ့သော သူသည် ယခုလိုပြဿနာမျိုးကို ရုတ်တရက်ကြီး ဘာကြောင့်ကြုံတွေ့ရသလဲဆိုသည်ကို နားမလည်နိုင်ပေ။
ထိုယွမ်တစ်သိန်းကလည်း သူ သိပ်မကြာသေးခင်က ချဉ်းကပ်ခဲ့ဖူးသော ဖောက်သည်တစ်ယောက်က သူ့အကောင့်ထဲသို့ ယာယီလွှဲပေးထားခြင်းဖြစ်၏။ ထိုအချိန်တုန်းက သူတို့ပရောဂျက်မန်နေဂျာက ကုမ္ပဏီ၏စပ်တူအကောင့်က ပြဿနာတချို့ကြုံတွေ့နေရသောကြောင့် ဘဏ္ဌာရေးဌာနက ထိုကိစ္စကို ဖြေရှင်းနေသည်ဟုဆိုကာ ထိုပိုက်ဆံကို သူ့အကောင့်ထဲတွင် ယာယီလက်ခံပေးထားဖို့ တောင်းဆိုခဲ့သည်။ နောက်မှသာ ထိုအရာက ဟိုးအစကတည်းက သူ့မန်နေဂျာဆင်ထားသော ပရိယာယ်တစ်ခုဖြစ်ကြောင်း သူသိလိုက်ရသည်။
မသမာကြေးအဖြစ် သူ့မန်နေဂျာ ဘယ်လောက်ရထားသလဲဆိုသည်ကိုမူ သူကိုယ်တိုင်သာ သိပေလိမ့်မည်။
သူ့ကွန်ပျူတာထဲရှိ လုပ်ဇာတ်ခင်းထားသော မက်ဆေ့ချ်များကိုတော့ စွန်းယွီလဲ့ လုံးဝနားမလည်ပေ။ သူသည် ဤအမြတ်ငွေလွှဲပြောင်းရေးလုပ်ငန်းစဉ်ကြီးတွင် စတေးခံသိုးငယ်လေးတစ်ကောင် ဖြစ်လာခဲ့သည်။
သို့တိုင် စွန်းယွီလဲ့အနေနှင့် သူ၏အပြစ်ကင်းစင်မှုကို သက်သေပြနိုင်မည့် သက်သေအထောက်အထားဟူ၍ ဘာတစ်ခုမှ မရှိပေ။ သူသည် အလုပ်သင်လေးတစ်ယောက်မျှသာ ဖြစ်သည်။ တစ်ကိုယ်တည်းနေတတ်လေ့ရှိပြီး လုပ်ဖော်ကိုင်ဖက်များနှင့်လည်း ရင်းနှီးသောဆက်ဆံရေးမျိုး မရှိသည့်အတွက် ယခုလိုအခြေအနေမျိုးတွင် မည်သူကမှလည်း သူ့ကို မကူညီချင်ကြပေ။ သူတို့က သူနှင့်အတူ သူတို့ပါ ဒုက္ခရောက်မည်စိုး၍ သူနှင့် အကွာအဝေးတစ်ခုခြားထားကြသည်။
မနေ့ကပင် ကုမ္ပဏီ၏ဥပဒေဌာနက သူ့အတွက် ဖြေရှင်းနည်းနှစ်ခုနှင့်အတူ တရားစွဲဆိုကြောင်း စာတစ်စောင်ကိုပါ ပြင်ဆင်ထားခဲ့သည်။ ယနေ့တွင်မူ စွန်းယွီလဲ့ပြစ်မှုကျူးလွန်ကြောင်း ညွှန်ပြနေပါသောသက်သေများကို စုဆောင်းရန်အတွက် ရဲများကပါ ကုမ္ပဏီသို့ ရောက်လာလေပြီ။
စွန်းယွီလဲ့ ထွက်မပြေးနိုင်စေရန်အတွက် မနေ့ညကလည်း သူငှားနေသည့်တိုက်ခန်းကိုပင် တစ်စုံတစ်ယောက်ကို စောင့်ကြည့်ခိုင်းထားသေးသည်။ သို့ဖြစ်လေရာ သူ့ခမျာ လွတ်လပ်မှုပင် ကန့်သတ်ခံထားရသော ရာဇဝတ်သားတစ်ယောက်နှယ် ခံစားနေရချေသည်။
ဤအကြောင်းကိုလည်း သူ မည်သူ့ကိုမှ မပြောရဲခဲ့ပေ။ အထူးသဖြင့် သူ့မိဘများပင်။ စွန်းယွီလဲ့က တိဘက်သားတစ်ယောက်ဖြစ်ပြီး သူ့မိသားစုများသည် မြက်ခင်းပြင်တွင် သိုးကျောင်းပြီး အသက်မွေးဝမ်းကြောင်းပြုကြသူများ ဖြစ်၏။ ထို့ကြောင့် တစ်နှစ်ဝင်ငွေကလည်း များများစားစားမရှိပါဘဲ အတန်အသင့်နေနိုင်စားနိုင်ရုံမျှသာ ရှိသည်။
သိန်းဂဏန်းအနည်းငယ်လောက်သာ ဆိုပါက သူ့မိသားစုလည်း ရှိသမျှပိုက်ဆံအားလုံးစုပေါင်းပြီး ပြည့်အောင် ဖြည့်ပေးနိုင်သော်ငြား သန်းနှစ်ဆယ်ကမူ လုံးဝမဖြစ်နိုင်ပေ။
သို့သော် သူလည်း ကြံရာမရဖြစ်နေရသည်။ မနေ့က ရှုလီ သူ့ကို ညစာအတူထွက်စားဖို့ ဖုန်းဆက်ချိန်မှသာ သူ ဤအခြေအနေအကြောင်းကို ထုတ်ပြောခဲ့သည်။ ထို့ကြောင့် ရှုလီက ကျန်းမုန့်လောင်ကို အကူအညီလာတောင်းခဲ့ခြင်းဖြစ်သည်။
"အနာဂတ်မှာ အလားအလားကောင်းတဲ့ ကျောင်းသားတစ်ယောက်က ဘာလို့ ဒီလိုစွန့်စားရတာလဲ"
ရဲအရာရှိတစ်ဦးက မှတ်စုလိုက်မှတ်နေရင်း တစ်ကိုယ်တည်းတီးတိုးရေရွတ်နေချေသည်။
"ကျွန်တော်ပြောပြီးပြီလေ။ ကျွန်တော် အဲ့လိုမလုပ်ခဲ့ပါဘူးလို့"
စွန်းယွီလဲ့ကမူ ခေါင်းငိုက်စိုက်ချထားလျက် ပြောလိုက်လေသည်။
"ဒါဆိုလည်း သက်သေပြလေ"
ကုမ္ပဏီဥပဒေဌာနရှိ အမျိုးသမီးတစ်ယောက်က ဆိုလာလေ၏။
"မင်းရဲ့အကောင့်ထဲကိုရောက်လာတဲ့ ပိုက်ဆံယွမ်တစ်သိန်းကိုဖြင့် မရှင်းပြနိုင်ဘဲနဲ့။ ရဲတွေက မင်းရဲ့အိမ်ထောင်စုစာရင်းကို စစ်ဆေးပြီးသွားပြီ။ မင်းမိသားစုရဲ့ဝင်ငွေက တစ်နှစ်မှာ ယွမ်ငါးသောင်းပဲရှိတာကို အဲ့ဒီလောက်ပိုက်ဆံအများကြီး တစ်ခါတည်းဝင်လာစရာလား"
"ကောင်းပြီ လူငယ်လေး.. မင်း အဲ့ဒီပိုက်ဆံကို ဘယ်လိုပေးမလဲဆိုတဲ့နည်းလမ်းတစ်ခုခုတော့ တွေးကြည့်ဖို့လိုနေပြီနော်။ မင်းသာ ထောင်ထဲရောက်သွားရင် မင်းအပေါ် တော်တော်သက်ရောက်မှုကြီးလိမ့်မယ်"
ရဲအရာရှိ၏သဘောထားကမူ လွန်စွာကောင်းမွန်နေဆဲသာ။ တကယ်တမ်းတွင် သူလည်း နားမလည်နိုင်ဖြစ်နေခြင်းပင်။ စွန်းယွီလဲ့နှင့် မနေ့ကမှ ပြောဆိုဆက်ဆံဖူးသည်ဆိုသော်ငြား စွန်းယွီလဲ့၏စရိုက်က ထိုကဲ့သို့သောလုပ်ရပ်မျိုးကိုလုပ်မည့်လူတစ်ယောက်နှင့် မတူပါချေ။
"အရာရှိကြီး.. ခင်ဗျားလည်း သူတို့မိသားစုရဲ့အခြေအနေကို စုံစမ်းစစ်ဆေးပြီးပြီပဲ။ သန်းနှစ်ဆယ်မပြောနဲ့။ ယွမ်နှစ်ရာလောက်ကတောင် သူတို့အတွက် တော်တော်များနေလောက်မှာ။ ကျွန်တော်တို့ ဒီကိစ္စကို ခပ်မြန်မြန်ဖြေရှင်းသင့်တယ်နော်"
ထိုနေရာအရောက်ဝယ် စွန်းယွီလဲ့၏ကြီးကြပ်ရေးမှူးဝူယွင်က နောင်တရလေဟန်အမူအရာဖြင့် လျှောက်လာသည်။
"အာ..ယွီလဲ့.. ငါက မင်းကို အရည်အချင်းရှိပြီး ရည်မှန်းချက်ကြီးတဲ့လူငယ်လေးတစ်ယောက်လို့ ထင်ထားခဲ့မိတာ။ ငါက မင်းကို ကောင်းကောင်းမွန်မွန်လက်သပ်မွေးဖို့တောင် စီစဉ်ထားတာကို။ ဒါပေမဲ့ မင်း အခုလုပ်လိုက်တဲ့ကိစ္စကတော့ အရမ်းစိတ်ပျက်ဖို့ကောင်းတာပဲ"
"ဝူယွင်"
စွန်းယွီလဲ့က ဝူယွင်ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်သည်။ ဤပိုက်ဆံအကြောင်း ရဲအရာရှိများနှင့် သူ ဆွေးနွေးခဲ့စဉ်က ဝူယွင်သည် ဤကိစ္စနင့် ဘာပတ်သက်မှုမှမရှိကြောင်းနှင့် ဤငွေလွှဲမှုတွင် ဝူယွင်၏ပါဝင်ပတ်သက်မှု အနည်းငယ်မျှမရှိကြောင်းကို ပြောင်ပြောင်တင်းတင်းငြင်းဆိုခဲ့သည်။ ထိုအခိုက်မှာပင် စွန်းယွီလဲ့လည်း သူ့ကြီးကြပ်ရေးမှူးက သူ့ကို ချနင်းလိုက်ပြီဖြစ်ကြောင်း သေချာသွားခဲ့ရသည်။
"ကျွန်တော် ခင်ဗျားကို ဒီအတိုင်းမထားဘူး"
ဝူယွင်၏မျက်ဝန်းထဲတွင် လှောင်ပြောင်ရိပ်တစ်ခု လက်ခနဲဖြစ်သွားလေသည်။ ကျောင်းပြီးခါစ အထာမနပ်သေးသည့် လူသစ်လေးက ဘာသိမှာတဲ့လဲ။ သူက ကြိုးကိုင်ခြယ်လှယ်လို့ရတဲ့ နယ်ရုပ်လေးတစ်ခုပဲမဟုတ်လား။
"ဟူး"
ဝူယွင်က သက်ပြင်းအရှည်ကြီးချလိုက်ချေသည်။
"ယွီလဲ့.. မင်းမိသားစုက မပြည့်စုံဘူးဆိုတာတော့ ငါသိပါတယ်။ အဲ့ဒါကြောင့်ပဲ မင်း ကျန်းနန်မြို့မှာ အခြေချချင်ပြီး အချိန်တိုလေးအတွင်း ပိုက်ဆံအများကြီးကို အလောတကြီးရချင်နေခဲ့တာပေါ့။ ဒါပေမဲ့ မင်း ဒီလိုလုပ်လို့မဖြစ်ဘူးလေ။ ငါ မင်းအကြောင်းကို ဘယ်လိုပြောရတော့မှာလဲ အာ..."
"တစ်ဆိတ်လောက်ပါ နှောင့်ယှက်ပါရစေဗျ"
ကုမ္ပဏီ၏ ကော်ရစ်ဒါဆီမှ လူငယ်လေးတစ်ယောက်၏အသံတစ်သံ ထွက်ပေါ်လာသည်။
"အဲ့ဒါက ဘယ်သူကြီးလဲ"
လူတိုင်း၏ အာရုံစူးစိုက်မှုကလည်း ထိုနေရာသို့ရောက်သွားလေတော့သည်။
အသက်နှစ်ဆယ်စွန်းစွန်းမျှသာရှိသေးသော လူငယ်လေးတစ်ယောက်က တင်းမာခက်ထန်သောအမူအရာကို ဆင်မြန်းလျက် လျှောက်လာလေသည်။ သူ့အနောက်မှာလည်း ဝတ်စုံပြည့်ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်အမျိုးသားနှစ်ယောက် လိုက်ပါလာသည်။
"မင်းကဘယ်သူလဲ"
ရဲအရာရှိကြီးက မေးလိုက်လေသည်။
"မင်္ဂလာပါ ရဲအရာရှိကြီးတို့.. ကျွန်တော်က စွန်းယွီလဲ့ရဲ့အခန်းဖော်ပါ။ သူက အခု လာဘ်စားမှုနဲ့ ကုမ္ပဏီကိုနစ်နာစေမှုတို့နဲ့ တရားစွဲခံထားရပါတယ်။ ကျွန်တော်က အခု သူ့အတွက်ချေပပေးမဲ့ ရှေ့နေနှစ်ယောက်ကို ခေါ်လာတာပါ။ ဒါက စည်းမျဉ်းစည်းကမ်းဘောင်အတွင်းမှာ ရှိပါတယ်နော်"
"မင်းက အဲ့ဒီ ကျန်း...ကျန်းမုန့်လောင်လား"
လူငယ်ရဲအရာရှိက ကျန်းမုန့်လောင်ကို ချက်ချင်းမှတ်မိသွားသည်။
"ကျန်းမုန့်လောင်လား။ အွန်လိုင်းမှာနာမည်ကြီးနေတဲ့တစ်ယောက်လေ"
"ငါ သူ့ကိုသိတယ်။ သူ့ဝေးပေါ်အကောင့်က အခုဆိုရင် ဖော်လိုဝါဆယ်သန်းကျော်နေပြီ"
"သူ့အပိုင်ဝေးပေါ်မှာဆိုရင် သူကြိုက်သလောက် ဖော်လိုဝါလိုချင်လည်းရတယ်ဟ"
"သူက တကယ်ကြီး စွန်းယွီလဲ့ရဲ့အခန်းဖော်လား"
"သေစမ်း.. အဲ့ဒီလောက်အရည်အချင်းရှိတဲ့အခန်းဖော်တစ်ယောက်ရှိနေမှတော့ သူက ဘာလို့ အဲ့လိုကိစ္စမျိုးကို ကျူးလွန်မှာတဲ့လဲ"
"ဒီကိစ္စမှာ မသင်္ကာစရာကိစ္စတစ်ခုခုတော့ရှိနေပြီလို့ ငါခံစားမိတယ်ဟေ့။ ကျန်းမုန့်လောင်က သူများတွေကိုဆိုရင် အမြဲရက်ရောခဲ့တာ။ သူ့အခန်းဖော်ကိုဆိုရင် ပိုပြီးတော့တောင်ဂရုစိုက်မှာမဟုတ်ဘူးလား"
"အမှန်ပဲ။ သူ့အနေနဲ့ နည်းနည်းလောက်လေးပဲ ထုတ်လိုက်ရင်တောင် သူ့အခန်းဖော်တွေအတွက် တစ်သက်စာဖူလုံသွားမှာလေ။ ဒီတော့ သူက ဘာလို့ ဒီလိုမျိုးစွန့်စားမှာတဲ့လဲ"
"စိတ်ဝင်စားဖို့တော့ကောင်းနေပြီ။ ငါတို့ သိပ်မကြာခင် ပွဲကြီးပွဲကောင်းကြည့်ရတော့မယ်လို့ ခံစားမိနေပြီ"
"မစ္စတာကျန်း.. ခင်ဗျားရဲ့အခန်းဖော်အတွက် ရှေ့နေငှားတာက ခင်ဗျားရဲ့လုပ်ပိုင်ခွင့်ပါ။ ဒါပေမဲ့ လက်ရှိမှာ သက်သေအထောက်အထားတွေက သူ့ကိုပဲညွှန်ပြနေတယ်"
ရဲအရာရှိဖြစ်သူကလည်း သတိကြီးကြီးထား၍ ပြောလိုက်လေသည်။
"ကျွန်တော်ကြားထားပါတယ်။ ယွီလဲ့က လာဘ်စားပြီး ကုမ္ပဏီရဲ့သတင်းအချက်အလက်တွေကို ရောင်းစားခဲ့တယ်တဲ့ ဟုတ်လား"
ကျန်းမုန့်လောင်က တမင်တကာမေးခွန်းထုတ်လိုက်သည်။
"ဟုတ်ပါတယ်"
စွန်းယွီလဲ့၏မန်နေဂျာဝူယွင်က ရှေ့ကိုတိုးလာလေသည်။
"သူ့အကောင့်ထဲမှာရှိတဲ့ အဲ့ဒီပိုက်ဆံကိုရော ဘယ်လိုရှင်းပြမလဲ"
"ဟားဟားဟား"
ကျန်းမုန့်လောင်က ဟန်လုပ်၍ရယ်လိုက်လေသည်။
"လာဘ်စားငွေယွမ်တစ်သိန်းတဲ့လား။ ခင်ဗျားက အဲ့ဒီပိုက်ဆံလောက်လေးနဲ့ ဘယ်သူ့ကို လာစော်ကားနေတာလဲ"
…..