← Chapters

မွန်ဂိုလီးယားမြေတစ်ဝက်လောက်က သူ့မိသားစုပိုင်တာ

Vol. 6 Ch. 89

မွန်ဂိုလီးယားမြေတစ်ဝက်လောက်က သူ့မိသားစုပိုင်တာ

Vol. 6 Ch. 89

"မစ္စတာကျန်း.. အဲ့ဒါက ဘာအဓိပ္ပာယ်လဲဗျ"

ရဲအရာရှိကြီးက မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းမုန့်လောင်ပြောလိုက်သောစကား၏ နောက်ကွယ်ရှိရည်ရွယ်ချက်ကို တွေးဆနေလေသည်။

"အရာရှိကြီး.. ကျွန်တော် တစ်ခုလောက်မေးလို့ရမလား"

"ရတာပေါ့ မေးပါ မစ္စတာကျန်း"

"ခင်ဗျားကသာ မီလျံနာတစ်ယောက်ဆိုရင်..မဟုတ်သေးဘူး။ ခင်ဗျားသာ ဘီလျံနာတစ်ယောက်ဆိုရင် ခင်ဗျားကို ထောင်ထဲရောက်သွားစေနိုင်တဲ့ လာဘ်စားငွေယွမ်တစ်သိန်းကို ခင်ဗျားယူမှာလား"

"ဟားဟားဟား ဘယ်ယူပါ့မလဲ"

ရဲအရာရှိကြီးက ရယ်မောလိုက်လေသည်။ ဘီလီယံနှင့်ချီ၍ ပိုင်ဆိုင်မှုရှိသူတစ်ယောက်က ယွမ်တစ်သိန်းအတွက်နှင့် စွန့်စားမည်မဟုတ်ပေ။ ရူးနေမှသာ ထိုသို့လုပ်ပေလိမ့်မည်။

"တွေ့လား။ ပုံမှန်စိတ်ရှိတဲ့လူဆိုရင်တော့ အဲ့လိုကိစ္စမျိုးလုပ်မှာမဟုတ်ဘူးလေ။ ခင်ဗျားရော အဲ့ဒါကိုသံသယမဖြစ်မိဘူးလား"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"အမှန်ပါပဲ။ ဘီလျံနာတစ်ယောက်ကသာ အဲ့လိုလုပ်ခဲ့တာဆိုရင် နက်နက်နဲနဲထပ်စုံစမ်းဖို့လိုမှာပဲ"

ရဲအရာရှိကြီးက ပြောလာလေသည်။

"ဒါပေမဲ့ မစ္စတာကျန်း... ခင်ဗျားရဲ့အခန်းဖော်က သာမန်မိသားစုက ဆင်းသက်လာတဲ့ သာမန်ကျောင်းသားတစ်ယောက်လေ။ ကျွန်တော်တို့စုံစမ်းစစ်ဆေးထားသလောက်ဆိုရင် ယွမ်တစ်သိန်းက သူ့အတွက် မနည်းလှဘူးဗျ"

ကျန်းမုန့်လောင် ချမ်းသာသည်မှာ အမှန်ပင်။ ဤအချက်မှာ ဟွာရှားတစ်ခွင် လူသိများသော အချက်အလက်တစ်ခုဖြစ်သည်။ သို့သော် သူ့ချမ်းသာမှုမှာ သူ့ကိစ္စသာဖြစ်ပြီး သူ့အခန်းဖော်နှင့် လားလားမျှမသက်ဆိုင်ချေ။ သူ့အဆောင်ခန်းထဲရှိ လူတစ်ယောက်ချင်းစီတိုင်းက ဘီလီယံနှင့်ချီ၍ ချမ်းသာကြွယ်ဝနေခြင်းကတော့ အဓိပ္ပာယ်မရှိဘူးမဟုတ်လား။

"အဲ့ဒါက ခင်ဗျားအထင်လေ"

ကျန်းမုန့်လောင် တခစ်ခစ်ရယ်မောလိုက်သည်။

"လက်တလောတုန်းက ဖြစ်ရပ်တွေကြောင့်သာမဟုတ်ရင် ခင်ဗျားတို့ရော ကျွန်တော့်ကို သိကြမှာတဲ့လား"

ဤအဆိုပြုချက်ကြောင့် လူတိုင်း အကျပ်ရိုက်သွားကြလေသည်။ အမှန်ပင်။ ဤနှစ်အမျိုးသားနေ့မတိုင်ခင်ကအထိ ကျန်းမုန့်လောင်က မည်သူမှန်း တစ်ယောက်မှမသိခဲ့ကြပေ။

အချမ်းသာဆုံးဒုတိယမျိုးဆက်လူချမ်းသာဟောင်းတစ်ယောက်ဖြစ်သည့် ဝမ်လင်တစ်ယောက် အွန်လိုင်းပေါ် နာမည်ကြီးနေခဲ့စဉ်ကပင် သူသည် လူသိများခြင်းမရှိခဲ့ပေ။

ဤအချက်ကို ထောက်ရှုခြင်းအားဖြင့် ဟွာရှားတစ်ခွင်မှာ လျှို့ဝှက်စွာပုန်းအောင်းနေသော လူချမ်းသာအများကြီးရှိလေကြောင်း ခန့်မှန်းကြည့်ဖို့ မခက်လှပေ။

"မစ္စတာကျန်း.. ခင်ဗျားရဲ့အခန်းဖော်ကလည်း ဘီလျံနာတစ်ယောက်လို့ပြောနေတာလား"

"ဘီလျံနာတဲ့လား"

ကျန်းမုန့်လောင်က ရယ်လိုက်ပြန်လေသည်။

"ယွီလဲ့.. မင်း စော်ကားခံရသလိုခံစားရလား။ လူတစ်ယောက်က မင်းကို ဘီလျံနာလို့ခေါ်ပြီး စော်ကားလိုက်တယ်လေ"

"ဟမ်"

စွန်းယွီလဲ့ကတော့ ကျန်းမုန့်လောင်၏စကားများကြောင့် စိတ်ရှုပ်ထွေးနေရချေသည်။ တကယ်တမ်းတွင် ကျန်းမုန့်လောင်က ယနေ့ ရှေ့နေနှစ်ယောက်ကို ခေါ်လာလိမ့်မည်ဟုပင် သူ မသိထားပေ။

ပုံမှန်လုပ်ထုံးလုပ်နည်းအရဆိုပါက ထိုရှေ့နေနှစ်ယောက်က အသေးစိတ်အချက်အလက်များကို အတည်ပြုပြီး သူ၏အပြစ်ကင်းစင်မှုကို သက်သေပြပေးရမည်မဟုတ်ပါလား။ ဇာတ်လမ်းက ရုတ်တရက်ကြီး ဘာလို့ပြောင်းလဲသွားရလေသလဲ။

Nas Holdingsမှ လူများကတော့ လုံးဝခေါင်းခြောက်နေလေတော့သည်။ "ဘီလျံနာလို့ခေါ်ပြီး စော်ကားနေတယ်"ဆိုသည်မှာ ဘာအဓိပ္ပာယ်လေလဲ။ "ဘီလျံနာ"ဆိုသည်မှာ နိမ့်ကျရိုင်းစိုင်းသောအသုံးအနှုန်းတစ်ခု ဖြစ်နေ​လေပြီလား။

"ကျွန်တော့်အခန်းဖော်တို့မိသားစုရဲ့ပိုင်ဆိုင်မှုက တွေးကြည့်လို့တောင် မရပါဘူး"

ကျန်းမုန့်လောင်က ထိုသို့နှယ်ကြေညာလိုက်သည်။

"ယွီလဲ့... မင်းက နှိမ့်ချတတ်ပြီး မင်းမိသားစုရဲ့နောက်ခံကို ထုတ်ပြရတာမကြိုက်မှန်း ငါသိပါတယ်။ ပြီးတော့ မင်းမိသားစုကလည်း မင်း ဒီလိုနေနိုင်အောင် သာမန်သိုးထိန်းသမားတွေအဖြစ် ဟန်ဆောင်ထားခဲ့တယ်ဆိုတာကိုလည်း သိတယ်။ ဒါပေမဲ့ အခုအချိန်က လျှို့ဝှက်ထားရမဲ့အချိန် မဟုတ်တော့ဘူး"

"ငါ...ငါ..."

စွန်းယွီလဲ့ခမျာ "ဘီလျံနာ"ဟု ရုတ်ခြည်းတံဆိပ်ကပ်ခံလိုက်ရသဖြင့် လုံးဝကြောင်အသွားရသည်။ သူ့မိသားစုသည် သာမန်သိုးထိန်းမိသားစုတစ်ခုသာ ဖြစ်၏။

"အရာရှိကြီး.. ကျွန်တော့်အခန်းဖော်ရဲ့ချမ်းသာမှုကို သက်သေပြနိုင်မဲ့အရာတချို့ကို ကျွန်တော့်ရှေ့နေတွေက ယူလာခဲ့ပါတယ်ဗျ"

ကျန်းမုန့်လောင်က ဆိုလိုက်လေသည်

ရှေ့နေနှစ်ယောက်ကလည်း အရှေ့သို့တိုး၍ စာရွက်စာတမ်းတစ်ခုကို ရဲအရာရှိကြီးထံသို့ ပေးလိုက်သည်။

"ရဲအရာရှိကြီး.. ဒါက ကျွန်တော့်အမှုသည် မစ္စတာစွန်းယွီလဲ့ပိုင်ဆိုင်တဲ့ ကျန်းနန်မြို့ထဲကနေအိမ်ရဲ့ ပိုင်ဆိုင်မှုစာချုပ်ပါ"

"ပိုင်ဆိုင်မှုစာချုပ်တဲ့လား။ အဲ့ဒါက ဘယ်လောက်တန်ဖိုးရှိတာလဲ"

ရဲအရာရှိကြီးက ပိုင်ဆိုင်မှုစာချုပ်ကို လှန်လှောကြည့်ရှုလိုက်သည်။ သို့သော် ခဏအကြာတွင်မူ အချိန်များ ရပ်တန့်သွားရသည့်အလားပင်။ တွန့်ကွေးနေသော သူ့နှုတ်ခမ်းများကြောင့်သာ မဟုတ်ပါက ထိုအရာရှိ သွက်ချာပါဒလိုက်သွားပြီဟုပင် ထင်မိကြပေလိမ့်မည်။

ပိုင်ဆိုင်မှုစာချုပ်ထဲမှာ အနောက်ရေကန်နားရှိ စုစုပေါင်းစတုရန်းမီတာ၁၄၀၀ခန့် ကျယ်ဝန်းပါသည့် ဗီလာတစ်လုံး၏လိပ်စာ ပါရှိလေသည်။ ထိုနယ်မြေ၏ ​အိမ်ရာတန်ဖိုးများကို အခြေခံကြည့်ပါလျှင် ဤအိမ်တစ်လုံးတည်းနှင့်ပင် ဟွာရှားငွေကြေးတစ်ဘီလီယံကျော် တန်ဖိုးရှိသည်။

ထိုပိုင်ဆိုင်မှာစာချုပ်ထဲတွင် စွန်းယွီလဲ့၏နာမည်နှင့်အတူ အတည်ပြုနံပါတ်တစ်ခုကိုလည်း ထင်ထင်ရှားရှားယှဉ်တွဲဖော်ပြထားသည်။

"ဘုရားရေ.. စွန်းယွီလဲ့က အဲ့ဒီလောက်တောင်ချမ်းသာတာလား"

"သေစမ်း.. သူ့ဝတ်ပုံစားပုံက တအားရိုးလွန်းပါတယ်လို့ ငါထင်နေတာ။ တကယ်တော့ သူက လူမသိသူမသိလေးနေနေတာကိုး"

"တစ်ဘီလီယံကျော်တန်ဖိုးရှိတဲ့အိမ်တစ်လုံးရဲ့ပိုင်ရှင်က ယွမ်တစ်သိန်းအတွက်နဲ့ စွန့်စားမှာတဲ့လား"

"ဟုတ်ပါ့။ သူက ဘဝအတွေ့အကြုံရဖို့ ဒီနေရာမှာ အလုပ်လာလုပ်တာပဲနေမယ်နော်"

"ဒါပေမဲ့ သူ့မိသားစုက သိုးကျောင်းသမားတွေမဟုတ်ဘူးလား။ သိုးကျောင်းသမားတွေမှာ ပိုက်ဆံအများကြီးရှိလို့လား"

"မိတ်ဆွေတို့"

ကျန်းမုန့်လောင်က ပတ်ပတ်လည်ရှိဝန်ထမ်းများကို အပြုံးလေးတစ်ပွင့်ဖြင့် ပြောလိုက်လေသည်။

"ခင်ဗျားတို့ ယုံချင်မှယုံကြလိမ့်မယ်။ သူ့မိသားစုက တကယ်ပဲသိုးထိန်းတွေပါ။ ဒါပေမဲ့ မွန်ဂိုလီးယားမြက်ခင်းပြင်တစ်ဝက်နီးနီးကို သူတို့ပဲပိုင်တာလေ"

ဤနေရာအရောက်တွင် ကျန်းမုန့်လောင်၏အမူအရာမှာ ရုတ်ခြည်းနာကျင်သွားဟန်ပြလာသည်။

"ခင်ဗျားတို့မသိပါဘူး။ ဒီတိရစ္ဆာန်ကောင်က.. သူ တက္ကသိုလ်စတက်တဲ့အချိန်တုန်းက တအားသနားချင်စရာကောင်းအောင် ဟန်ဆောင်ခဲ့တာနော်။ သူ့ပညာရေးစရိတ်ထောက်ပံ့ဖို့အတွက် သူ့မိသားစုက သိုးတစ်ကောင်နဲ့နွားတစ်ကောင်ကို ရောင်းခဲ့ရတာတဲ့။ မသိရင် သူတို့စုထားသမျှအကုန်သုံးပစ်လိုက်တဲ့ပုံပဲ"

"အဲ့ဒီတုန်းက ကျွန်တော်တို့ သူ့ကို ဘယ်လောက်တောင်ဂရုစိုက်ခဲ့ရလဲဆိုတာ ခင်ဗျားတို့မသိပါဘူး။ သူ့ကိုယ်သူနိမ့်ကျတယ်လို့ ခံစားရမှာစိုးလို့ မကြာမကြာ အစားအသောက်တွေဝယ်ကျွေး၊ ခြေထောက်သန့်ရှင်းရေးလုပ်ပေး၊ ရုပ်ရှင်လိုက်ပြပေးခဲ့ရတာ။ မနှစ်တုန်းက ကျွန်တော်တို့ သူ့အိမ်ကို အလည်လိုက်သွားတော့မှ သူတို့မိသားစုပိုင်စားကျက်မြေတစ်ခုမှာ သိုးတွေနဲ့ ကျွဲနွားတွေ သိန်းဂဏန်းနဲ့ချီပြီးရှိနေမှန်း သိလိုက်ရတာ။ အဲ့ဒီကျမှပဲ ကျွန်တော်တို့လှည့်စားခံလိုက်ရတယ်ဆိုတာကို သိတော့တာ"

ကျန်းမုန့်လောင်က တစ်ခဏတွင်းချင်း အားလုံးကို ထုတ်ဖော်ပြောကြားလိုက်သည်။

"မွန်ဂိုလီးယားမြေတစ်ဝက်လောက်ရှိတဲ့ ကျွဲနွားတိရစ္ဆာန်တွေတဲ့လား"

"သောက်ကျိုးနည်း.. သူတို့က ဘယ်လောက်တောင်ချမ်းသာတာများလဲ"

"ကျန်းနန်မြို့မှာ အဲ့ဒီလောက်ကြီးတဲ့ဗီလာတစ်လုံးကို ဝယ်ထားနိုင်တာ မအံ့ဩတော့ပါဘူး"

"ဒါပေမဲ့ ဘာသက်သေမှမရှိဘူးလေ။ ဒီပိုင်ဆိုင်မှုစာချုပ်က အတုတော့မဟုတ်ဘူးမလား"

ဝူယွင်၏မျက်နှာအမူအရာကား ရုပ်ဆိုးအကျည်းတန်နေလေပြီ။

"အဲ့ဒါကို သက်သေပြနိုင်မဲ့ နည်းလမ်းရယ်လို့မရှိဘူး"

ရဲအရာရှိကြီးက ပြောလိုက်လေသည်။

"ဒီလိုလုပ်ရအောင်လေ။ ဒီနေရာနဲ့လည်း မဝေးဘူးဆိုတော့ ကျုပ်တို့ အဲ့ဒီကိုသွားကြည့်လိုက်ရင် သိရမှာပဲ"

"ကောင်းပြီလေ။ ဒါဆိုလည်း ကျွန်တော် ရဲကားတစ်စီးစီစဉ်လိုက်ပါ့မယ်"

ရဲအရာရှိကြီးက ထိုသို့နှယ်ပြောလာလေသည်။

"စိတ်မပူပါနဲ့။ ကျွန်တော် ဒီကိုကားနဲ့လာခဲ့တာလေ။ လူတစ်ဒါဇင်လောက်ကတော့ ပြဿနာမရှိပါဘူး"

"အဲ့လိုဆိုရင် ခင်ဗျားတို့ဥပဒေရေးရာဌာနက လူတစ်ယောက်ယောက်ကတော့ သက်သေယူဖို့အတွက် ကျွန်တော်တို့နဲ့အတူ လိုက်ခဲ့ပေးဦးလေ"

"အရာရှိကြီး..ကျွန်တော်လည်း သွားကြည့်ချင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်ပေါ့"

ဝူယွင်က စိတ်ဖိစီးနေဟန်ဖြင့် ပြောလာလေသည်။

"ကောင်းပြီလေ။ ခင်ဗျားက သူ့သူဌေးလည်းဖြစ် သူနဲ့လည်း အများကြီးပြောဆိုဆက်ဆံဖူးတော့ သူ့အကြောင်းတွေကို ခင်ဗျားသိရရင် ပိုကောင်းသွားမှာပေါ့"

သူတို့ ရုံးအဆောက်အအုံ၏ အောက်ထပ်သို့ ရောက်လာသောအခါ Rolls-Royceတစ်စီးက ထိုနေရာတွင် ကြိုရောက်နှင့်နေချေသည်။ ကျန်းမုန့်လောင်က ရဲကားအဟောင်းလေးတစ်စီးကို ကြည့်လိုက်သည်။

"အစ်ကိုတို့.. ရဲလုပ်ငန်းမှာလည်း အသွင်အပြင်ဆိုတာကို အာရုံစိုက်ဖို့လိုတယ်လေဗျာ။ အချိန်ကျလာရင် ခင်ဗျားတို့ဒါရိုက်တာနဲ့ ဆက်သွယ်နိုင်ဖို့ ကူညီပေးပါဦး။ ကျွန်တော် သန်းငါးဆယ်လှူမလို့။ အဲ့ဒါမှ ကျန်းနန်မြို့ရဲဌာနမှာ ပိုကောင်းတဲ့ယာဉ်တွေ တပ်ဆင်နိုင်မှာ"

"အဲ့လိုဆိုရင် ကျွန်တော်တို့ဌာနအစား ကျွန်တော်ကပဲ မစ္စတာကျန်းကို ကျေးဇူးတင်ပါရစေ"

ရဲအရာရှိက ပြုံးပန်းဝေလျက် ပြောလာလေသည်။ ပိုက်ဆံကို ပြင်ပနေရာများတွင် သုံးစွဲ၍မရနိုင်သော်လည်း သူကိုင်နေသော အမှုတစ်ခုမှတစ်ဆင့် ပိုက်ဆံဝင်လာမည်ဖြစ်လေရာ သူ့မှတ်တမ်းထဲတွင် မှတ်ချက်ကောင်းတစ်ခု ထင်ကျန်ရစ်နေလိမ့်မည်သာ။ ထိုသို့ဆိုလျှင် ယခုနှစ်အတွက် ရာထူးတိုးနိုင်ခြေလည်း မြင့်သွားလောက်သည်။

ထိုအတွေးကြောင့် စွန်းယွီလဲ့အပေါ်ထားသော သူ့အပြုအမူများမှာ အလွန်လှိုက်လှဲပျူငှာလာလေသည်။

"မုန့်လောင်.. မင်း ဘာတွေလုပ်နေတာလဲကွ"

စွန်းယွီလဲ့က ကျန်းမုန့်လောင်ကို အသာတိုးတိုးကပ်ပြောလိုက်သည်။

"ဘာမှသိပ်မလုပ်မိပါဘူး။ အခုကစပြီး မင်းက မွန်ဂိုလီးယားမှာ ကျွဲနွားတိရစ္ဆာန်တွေကိုပိုင်တဲ့ ဘီလျံနာတစ်ယောက်ဖြစ်သွားပြီ"

ကျန်းမုန့်လောင်က ရယ်သွမ်းသွေးလျက် ပြောလိုက်ချေသည်။

"ဒါပေမဲ့ မွန်ဂိုလီးယားမှာ ငါ ဘာကျွဲနွားတိရစ္ဆာန်မှာမပိုင်ဘူးလေ"

စွန်းယွီလဲ့ကလည်း တစ်ဖန်ခွန်းတုံ့ပြန်လိုက်သည်။

"ငါက မင်းမှာရှိတယ်လို့ပြောရင် ရှိလို့ပဲပေါ့ကွ"

ကျန်းမုန့်လောင်သည် စွန်းယွီလဲ့၏ပခုံးကိုပုတ်လိုက်သည်။

"ကောင်းပြီ။ ငါတို့ရောက်လာပြီ"

ကားသည် ဗီလာတစ်ခုရှေ့၌ ထိုးရပ်လိုက်၏။ ဘာမှသိပ်မသိသောလူတစ်ယောက်ပင်လျှင် ဤနေရာတွင် ဗီလာတစ်လုံးဝယ်နိုင်သူမှာ အနည်းဆုံးတော့ ဘီလီယံချီ၍ပေးရကြောင်း အတပ်ပြောနိုင်လေသည်။

ထိုအချိန်ဝယ် အိမ်တော်ထိန်းဖြစ်ဟန်တူသော လူတစ်ယောက်က ဗီလာထဲမှထွက်လာပြီး စွန်းယွီလဲ့ကို တရိုတသေဦးညွှတ်လိုက်သည်။

"မစ္စတာစွန်း.. ဒီနေ့ပြန်လာတာစောသားပဲ။ ကျွန်တော် ခင်ဗျားအတွက် နေ့လယ်စာပြင်ပေးရမလား။ ခင်ဗျားရဲ့စားဖိုမှူးက ဒီနေ့ ခင်ဗျားအတွက် အလတ်ဆတ်ဆုံးရွှေရောင်ငါးဥဆားနယ်ပြင်ပေးထားပါတယ်"

"ဒါက..."

စွန်းယွီလဲ့က ကျန်းမုန့်လောင်ကို ကြည့်လိုက်မိလေတော့သည်။

"ဘာတွေဖြစ်နေတာလဲ"

……

All Chapters