ယွမ်တစ်သိန်းက အိမ်သာတစ်လုံးစာတောင်မရှိပါဘူး
Vol. 6 Ch. 90
"မစ္စတာစွန်း.. ဒီနေ့ ဧည့်သည်တွေအများကြီး ဘာလို့ပါလာတာလဲ"
အိမ်တော်ထိန်းကြီးက မေးခွန်းထုတ်လိုက်လေသည်။
"ပြောလိုက်လေ"
ကျန်းမုန့်လောင်က စွန်းယွီလဲ့ကို တိတ်တဆိတ်မျက်စပစ်ပြလိုက်သည်။
"အိုး.. ဒီလိုပါ"
နံဘေးတွင် ကျန်းမုန့်လောင်ရှိနေသည်ဖြစ်ရာ စွန်းယွီလဲ့လည်း ပို၍ယုံကြည်မှုရှိသွားခဲ့သည်။
"ကျွန်တော့်ကုမ္ပဏီက ကျွန်တော့်ကို အထင်လွဲနေတာလေးတစ်ခုရှိလို့လေ။ ကျွန်တော်က ကုမ္ပဏီရဲ့မဟာဗျူဟာမြောက်သတင်းအချက်အလက်တွေကို ယွမ်တစ်သိန်းနဲ့ရောင်းလိုက်တယ်လို့ ပြောနေကြတယ်"
"ဟားဟားဟား မစ္စတာစွန်း. ခင်ဗျားရဲ့ကုမ္ပဏီက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ။ ခင်ဗျားလိုလူချမ်းသာတစ်ယောက်က ယွမ်တစ်သိန်းအတွက်နဲ့ ဘာလို့ဒီလိုလုပ်ရမှာလဲ"
အိမ်တော်ထိန်းက ရယ်မောလိုက်လေတော့သည်။
"အဲ့ဒါကြောင့် ယွီလဲ့နဲ့ ကျွန်တော်က ရဲအရာရှိကြီးတွေကိုခေါ်လာပြီး တစ်ချက်လာပြပေးတာလေ"
ကျန်းမုန့်လောင်က နံဘေးမှ ကြားဖြတ်ပြောလိုက်သည်။
"အဲ့လိုဆိုရင် ကျေးဇူးပြုပြီးကြွပါဗျ"
အိမ်တော်ထိန်းက သူတို့ အထဲဝင်နိုင်အောင် ဘေးကပ်ပေးလိုက်သည်။
"ကျွန်တော် ကားကို ဂိုဒေါင်ထဲသွင်းခိုင်းလိုက်မယ်နော်"
"ဒုက္ခများသွားပါပြီ"
ရဲအရာရှိဖြစ်သူမှာ ရုတ်တရက်ဆိုသလို ရှိူးတိုးရှန့်တန့်ဖြစ်သွားလေသည်။ ကြည့်ရသည်မှာ စွန်းယွီလဲ့က ဤဗီလာ၏ပိုင်ရှင်အစစ်ဖြစ်ဟန်တူသည်။
ခြံဝင်းထဲသို့ သူတို့ဝင်သွားလိုက်သည့်အခါ ကြီးမားကျယ်ဝန်းလှသော ရေကူးကန်နှင့်တွဲလျက် ဥယျာဉ်ကြီးကြောင့် အားလုံးအံံ့ဩမှင်တက်သွားရလေသည်။ ဤသည်မှာ စတုရန်းမီတာ၁၄၀၀မျှသာ မဟုတ်နိုင်ပေ။ အိမ်တစ်လုံးတည်းနှင့်ပင် ဤမျှနေရာယူထားခြင်းဖြစ်ရပေမည်။ ဥယျာဉ်အပါအဝင်ဆိုလျှင် စတုရန်းမီတာ၂၀၀၀ပင် မကလောက်ချေ။
ဗီလာထဲသို့ ဝင်သွားလိုက်ချိန်ဝယ် တိုက်ခန်းတစ်ခန်းစာ အရွယ်အစားရှိသော ဧည့်ခန်းတစ်ခန်းသည် လူတစ်ယောက်ကို တုန်လှုပ်သွားစေဖို့ လုံလောက်ချေသည်။ အဝင်ခန်းမတွင် ရွှေကပ်ထားသောကြွေပြားများခင်းထားပြီး နံရံထက်တွင်လည်း ဩဇာပြည့်လျှမ်းပြီး အားမာန်တက်ကြွသော လက်ရေးလှပန်းချီတစ်ချပ်ကို ချိတ်ဆွဲထားသည်။ ထိုပန်းချီကား၏ အောက်ခြေတွင်လည်း ဝမ်ရှိကျီး၏လက်မှတ် ပါရှိလေသည်။
"မစ္စတာစွန်း.. ဒါက ဝမ်ရှီကျီးရဲ့မူရင်းလက်ရာလားဗျ"
ရဲအရာရှိကြီးခမျာ မမေးဘဲမနေနိုင်တော့ပေ။
"ဟုတ်ပါတယ် ရဲအရာရှိကြီး..ဒီလက်ရေးလှပန်းချီကားက လွန်ခဲ့တဲ့နှစ်နှစ်တုန်းက မစ္စတာစွန်း ၁၂သန်းနဲ့ဝယ်ထားခဲ့တာပါ။ ကျွန်တော့်မှာ စစ်မှန်ကြောင်းအသိအမှတ်ပြုစာလည်း ရှိပါတယ်။ သွားယူပေးရမလား"
"မလိုပါဘူး။ ကျွန်တော်က ဒီအတိုင်းမေးကြည့်တာပါ"
ရဲအရာရှိကြီးက ထိုသို့နှယ်ပြောလိုက်လေသည်။ သူ့မျက်နှာကား ရှက်ရွံ့မှုကြောင့် ရဲရဲနီနေလေတော့သည်။
ဒီကုမ္ပဏီက ဘာဖြစ်နေတာလဲဟ။ လက်ရေးလှပန်းချီတစ်ချပ်အတွက်နဲ့တောင် ပိုက်ဆံ၁၂သန်းသုံးနိုင်တဲ့လူတစ်ယောက်က ယွမ်တစ်သိန်းလောက်လေးကို ဘာလို့မက်မောနေမှာလဲ။ နောက်ကွယ်မှာ ဇာတ်လမ်းတစ်ခုခုတော့ရှိရမယ်"
"ဘာများသုံးဆောင်ချင်ကြသလဲဗျ"
အိမ်တော်ထိန်းက မေးလိုက်သည်။
"ပါနာမာကမှာထားတဲ့ Hacienda La Esmeralda ကော်ဖီက မကြာသေးခင်ကမှ ရောက်ထားတာ။ စိတ်ဝင်စားရင် မြည်းကြည့်လို့ရပါတယ်"
"ဘာကော်ဖီလဲ"
အခြားလူများပင် မဆိုထားနှင့်။ ကျန်းမုန့်လောင်ပင်လျှင် ထိုကော်ဖီအမျိုးအစားကို မကြားဖူးပေ။
"အိုး..ဒါက ကမ္ဘာ့အကောင်းဆုံးကော်ဖီပါ။ ဈေးနှုန်းကလည်း တစ်ပေါင်ကို အမေရိကန်ဒေါ်လာ၃၅၀ပေးရတယ်။ တစ်နှစ်တစ်နှစ်လည်း အရေအတွက်အကန့်အသတ်နဲ့ထုတ်တာလေ။ အဲ့ဒါကို လွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းကပဲ ပါနာမာက မြို့စားဝင်ဆာက ပို့ပေးထားတာ"
မြောက်များလှစွာသော သတင်းအချက်အလက်တို့ကြောင့် ထိုနေရာရှိလူတိုင်းလည်း အံ့ဩမှုကြောင့် တိတ်ဆိတ်သွားရချေသည်။
တစ်ပေါင်ကို ၃၅၀ပေးရသော ကော်ဖီမှာ ဘာမှမပြောပလောက်ပေ။ သို့သော် ဤမြို့စားက ဘယ်ကပါလာလေသလဲ။ စွန်းယွီလဲ့က ပါနာမားတော်ဝင်မိသားစုနှင့် ရင်းနှီးနေတာများလား။
"ကျွန်တော် တစ်ခွက်သောက်မယ်"
ကျန်းမုန့်လောင်က ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။
"ကြည့်ရတာ ထွက်ဆိုချက်ယူတာကလည်း ခဏလေးနဲ့မပြီးလောက်သေးဘူးဆိုတော့ ဒီကော်ဖီလေးတော့သောက်ကြည့်လို့ရလောက်ပါတယ်"
"ကျွန်တော်..ကျွန်တော်မသောက်တော့ပါဘူး။ ကျွန်တော့်အတွက် ရေတစ်ဘူးလောက်ပဲပေးပါဗျ"
ထိုရဲအရာရှိမှာ ထိုကဲ့သို့သောကော်ဖီမျိုးကို ယခင်က မသောက်ဖူးပေ။ တစ်ငုံလောက်သောက်လိုက်ရုံဖြင့် သူ့တစ်ရက်စာဝင်ငွေနီးပါ ကုန်ကျသွားသလို ခံစားရပေလိမ့်မည်။
"ဖူဂျီရေသန့်ကိုသောက်ချင်လား။ ကိုဘေးက သဘာဝစမ်းရေကိုသောက်ချင်လားဗျ"
"ဖူ..ဖူဂျီရေသန့်"
"ကျွန်တော်တို့လည်း အဲ့ဒါပဲသောက်လိုက်ပါ့မယ်"
"ကောင်းပါပြီ။ ခဏလောက်စောင့်ပေးပါ။ ကျွန်တော် ချက်ချင်းယူလာပေးပါ့မယ်"
အိမ်တော်ထိန်းထွက်ခွာသွားသောအခါမှသာ ရဲအရာရှိကြီးနှင့် Nasအုပ်စုမှ ဥပဒေဝန်ထမ်းများလည်း သက်ပြင်းချနိုင်လေတော့သည်။ အိမ်တော်ထိန်းကြီးပြောသွားသည့် ရေအမျိုးအစားကို သူတို့ ကြားပင်မကြားဖူးပေ။
ဥပဒေဝန်ထမ်းလေးခမျာ ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး သူ့ကို ဘယ်သူမှအာရုံစိုက်မနေကြောင်း သေချာသွားမှသာ ဖုန်းထုတ်၍ ဖီဂျီရေသန့်ကို ရှာဖွေကြည့်လိုက်သည်။ ဤရေက တစ်လီတာကို အမေရိကန်ဒေါ်လာ၂၀၀ကျသင့်ကြောင်း သိလိုက်ရသောအခါ သူ မတုန်လှုပ်ဘဲမနေနိုင်ပေ။
အကျယ်ချဲ့လှချည်လား။ လူချမ်းသာများက ရေကိုလည်း ဤမျှခမ်းခမ်းနားနားသောက်ကြလေသလား။ ပိုက်ဆံယွမ်တစ်သိန်းသည် သူတို့သောက်သည့်ရေတစ်လစာဖိုးပင် မကာမိချေ။ စွန်းယွီလဲ့သာ မရူးသရွေ့ ဤပိုက်ဆံယွမ်တစ်သိန်းကို ခေါင်းထဲထည့်လိမ့်မည်မဟုတ်ပေ။
ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ဘွဲ့ရပြီးခါစလူများအတွက် သူတို့ကုမ္ပဏီ၏လစာသည် ယွမ်၄၅၀၀မျှသာရှိ၏။ အလုပ်သင်ကာလတွင် လစာတချို့ကလည်း ဖြတ်သေးသည်ဖြစ်ရာ လစာယွမ်၃၅၀၀မျှအတွက်နှင့် အလုပ်လုပ်လာလုပ်နေခြင်းမှာ စွန်းယွီလဲ့အဖို့တော့ ဘဝအတွေ့အကြုံလာယူခြင်းဖြစ်ကြောင်း ရှင်းနေပေသည်။
သိပ်မကြာခင်မှာပင် အိမ်တော်ထိန်းကြီးက အိမ်အကူမြောက်များစွာနှင့်အတူ ကော်ဖီခွက်များနှင့် ရေများကို သယ်လာလေသည်။
"ရဲအရာရှိကြီး. ကျွန်တော်က မစ္စတာစွန်းယွီလဲ့၏ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ကိုင်တွယ်ဖြေရှင်းပေးရတဲ့လူပါ။ ဘာလို့လဲဆိုတော့ သူက သူ့မိဘတွေကို အားမကိုးဘဲ အမှီအခိုကင်းကင်းနေချင်တာမို့လို့လေ။ ဒီကာလအတွင်း သူက အပြင်မှာထွက်နေနေခဲ့တာလေ။ အဲ့ဒီကိစ္စက ခင်ဗျားတို့စီရင်ချက်ချတဲ့နေရာမှာ ပြဿနာနည်းနည်းဖြစ်နိုင်လောက်တယ်။ လိုအပ်လာမယ်ဆိုရင် ကျွန်တော် မစ္စတာစွန်းအတွက် အကုန်ထောက်ပံ့ပေးနိုင်ပါတယ်"
"အာ..ခင်ဗျား..အမ် ..ဒါပေမဲ့..."
ရဲအရာရှိကြီးကမူ တခြားကိစ္စတစ်ခုကို ပြောတော့မည့်ဟန်ပြင်လိုက်သော်ငြား သူ့စိတ်အစဉ်က ပျက်စီးသွားသည့်အလား ရုတ်ခြည်းရပ်တန့်သွားရလေသည်။
ဤပိုက်ဆံများ ဘယ်ကလာသလဲဆိုသည်ကို စွန်းယွီလဲ့ရှင်းမပြနိုင်ခဲ့သော်ငြား လက်ရှိအခြေအနေကို ထောက်ဆကြည့်ပါက စွန်းယွီလဲ့အနေနှင့် ဤပိုက်ဆံများကို လက်ခံထားစရာလည်း အကြောင်းမရှိချေ။ ဤသည်မှာ လက်ခံနိုင်ဖွယ်ရာမရှိပေ။ ဥပဒေတွင် သက်သေအထောက်အထားပြရန်လိုအပ်ပါသော်လည်း တစ်ခါတစ်ရံတွင် သက်သေအထောက်အထားဆိုသည်မှာ အမှန်တရားနှင့်ရင်ဆိုင်ရပါက မှေးမှိန်သွားတတ်သည်။
"ဒီလိုလုပ်ရင်ရော... ကျွန်တော် ဒီဗီလာတစ်လျှောက်ကို လိုက်ပြပေးမယ်လေ။ ခင်ဗျား မစ္စတာစွန်းရဲ့ချမ်းသာကြွယ်ဝမှုကို ပိုနားလည်သွားတာပေါ့"
အိမ်တော်ထိန်းကြီးက အနီးအနားရှိ ဗီရိုတစ်ခုနားကို ချဉ်းကပ်ပြီး ပြောလိုက်သည်။
"ဒီပန်းအိုးတွေက ကျူးယွမ်ကျန်းအသုံးပြုခဲ့တဲ့ပန်းအိုးတွေပါ။ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာငါးသန်းရှိပါတယ်"
"ဒီတူတွေက ဧကရာဇ်ချင်းလုံသုံးခဲ့တာပါ။ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာသုံးသန်းတန်ပါတယ်"
"ဒါကတော့ အနောက်တိုင်းလက်မှုပညာရှင်မီချယ်လန်ဂယ်လိုဖန်တီးခဲ့တဲ့ပန်းပုရုပ်တုတစ်ခုပါ။ ဟုတ်ပါတယ်။ Ninja Turtlesနဲ့ပတ်သက်နေတဲ့လူပါ။ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ၂၁သန်းရှိပါတယ်"
"ဒါကတော့ မစ္စတာစွန်းစုဆောင်းထားတဲ့ ရှားပါးဥက္ကာခဲတစ်ခုပါ။ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာငါးသန်းပါ"
"နံရံပေါ်က ပန်းချီကားကတော့ ဆရာရော့ခ်ဖန်တီးထားတဲ့ လက်ရာပါ။ ခင်ဗျားတို့ ဒီဆရာ့ကို မှတ်မိချင်မှမှတ်မိကြလိမ့်မယ်။ ဒါဗင်ချီကိုတော့ သိကြမှာပါ။ သူက ဒါဗင်ချီရဲ့ဆရာလေ။ ဒီပန်းချီကားကတော့ အမေရိကန်ဒေါ်လာသန်း၁၂၀ပေးရပါတယ်"
"ပြီးတော့ ထပ်ရှိပါသေးတယ်..."
ရဲအရာရှိကြီးခမျာ ကသုက်ကရက်ဖြင့် မှတ်စုလိုက်မှတ်နေရင်း ရင်သပ်ရှုမောဖွယ်ကောင်းသော ပမာဏကြောင့် ကြောင်အသွားရလေသည်။
"အဲ့ဒါတွေက တစ်အိမ်လုံးမှာ တန်ဖိုးအကြီးဆုံးပစ္စည်းတွေပါပဲ။ စုစုပေါင်းအမေရိကန်ဒေါ်လာသုံးဘီလီယံတန်ကြေးရှိတယ်လို့ထင်ပါတယ်"
အိမ်တော်ထိန်းက ဆိုလိုက်လေသည်။
"အိုး ဟုတ်သားပဲ။ မြေအောက်ကားဂိုဒေါင်မှာလည်း ကားတော်တော်များများရှိတယ်။ စုစုပေါင်းတန်ဖိုးကတော့ ဟွာရှားငွေကြေးသန်း၅၀၀ပါ"
"ဒါက မစ္စတာစွန်းရဲ့အိပ်ခန်းပါ"
"ဒါက ဘာအနံ့လဲ"
"ဒါက ဝေလငါးရဲ့အစာခြေစနစ်ထဲက ထုတ်လုပ်ထားတဲ့ အဆီအနှစ်ခဲပါ။ တစ်ဂရမ်ကို အမေရိကန်ဒေါ်လာ၃၀၀ပေးရပါတယ်။ သိပ်တော့ဈေးမကြီးပါဘူး"
"သိပ်တော့ဈေးမကြီးဘူးတဲ့..."
ရဲအရာရှိကြီးခမျာ ဆက်ရေးနိုင်စွမ်းပင် မရှိတော့ပေ။ သူတို့အမြင်မှာမူ "သိပ်ဈေးမကြီး"ဟု ဆိုထားသောအရာက ဟွာရှာငွေကြေးနှင့် အမေရိကန်ဒေါ်လာကြားရှိ ငွေကြေးလဲလှယ်နှုန်းကို ဆင်ခြင်တွေးဆကြည့်လိုက်ပါလျှင် ရွှေထက်ပင် ပိုဈေးကြီးသေးသည်။
"အိုး ဟုတ်သားပဲ။ ရေချိုးခန်းထဲက အိမ်သာတွေက LVနဲ့ ဘရန်းပူးပေါင်းပြီးထုတ်ထားတာလေ။ အကောင်းမွန်ဆုံးစနစ်နဲ့ အတွေးအမြင်အသစ်ဖော်ဆောင်ရေးဒီဇိုင်းတို့ကို သုံးထားပါတယ်။ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ၁၉၀၀၀ပါ"
"ရဲအရာရှိကြီး.. အမှန်အတိုင်းပြောရရင် ဒီဟွာရှားငွေတစ်သိန်းဆိုတာက အိမ်သာတစ်လုံးစာတောင်မရှိပါဘူး။ ဒီတော့ မစ္စတာစွန်းက ဘာမဟုတ်တဲ့အမြတ်ငွေလေးရဖို့အတွက်နဲ့ အဲ့လိုကိစ္စမျိုးကို ဘာလို့လုပ်မှာတဲ့လဲ"
အိမ်တော်ထိန်းက ထပ်ပြောလိုက်ပြန်သည်။
"မစ္စတာစွန်းရဲ့မိသားစုက မွန်ဂိုလီးယားမြက်ခင်းပြင်ဒေသရဲ့ ကျွဲနွားတိရစ္ဆာန်တစ်ဝက်လောက်ကို ပိုင်တာလေ။ သူ့အတွက်တော့ ပိုက်ဆံဆိုတာက ကိန်းဂဏန်းတစ်ခုသက်သက်ပါပဲ"
"ကျွန်တော်.. ကျွန်တော်နားလည်ပါပြီ။ ဒီကိစ္စကို ကျွန်တော် အသေးစိတ်စစ်ဆေးလိုက်ပါ့မယ်"
ရဲအရာရှိကြီးက သူ့မှတ်စုစာအုပ်ကို ပိတ်ချလိုက်သည်။ သူ့ခမျာ ယိုင်လဲလုနီးပါးပင်။ ဤနေရာမှာ တစ်စက္ကန့်မျှ ဆက်နေနေလျှင် ငွေအနံ့ကြောင့်ပင် သူသေရပေလိမ့်မည်။
ဝူယွင်၏အမူအရာကတော့ မစင်စားလိုက်ရသည့်အလား ဖြစ်နေချေသည်။
အစတုန်းကတော့ စွန်းယွီလဲ့ကို သာမန်လူဆင်းရဲကျောင်းသားတစ်ယောက်ဟု သူ ထင်ခဲ့မိသည်။ ထို့ကြောင့် သူ့အဆက်အသွယ်များနှင့် အာဏာနှင့်သာဆိုလျှင် ဤကောင်လေးကို အသာလေး မြေစာပင်လုပ်လိုက်နိုင်သည်ဟု ထင်ခဲ့မိခြင်းပင်။ ထိုအကျိုးဆောင်ခကတော့ဖြင့် ကိစ္စများအနည်ထိုင်သွားပါက သူ့အကောင့်ထဲသို့ အလိုလိုရောက်လာလိမ့်မည်ဟုသာ ထင်ထားသည်။
သို့သော်ငြား သူသွားထိမိသူမှာ ဒိတ်ဒိတ်ကြဲအကောင်ကြီးတစ်ကောင်ဖြစ်နေလိမ့်မည်ဟုတော့ ထင်မှတ်မထားပေ။ သူ လုံးဝမျက်လုံးပြူးရလေပြီ။
……