← Chapters

မင်းရဲ့ကျင့်ကြံခြင်းအဆင့် ဘယ်လောက်ထိတောင် ဖုံးကွယ်ထားတာလဲ

Vol. 17 Ch. 225

မင်းရဲ့ကျင့်ကြံခြင်းအဆင့် ဘယ်လောက်ထိတောင် ဖုံးကွယ်ထားတာလဲ

Vol. 17 Ch. 225

အခန်း (၂၂၅) မင်းရဲ့ကျင့်ကြံခြင်းအဆင့် ဘယ်လောက်ထိတောင် ဖုံးကွယ်ထားတာလဲ

"အဟမ်း..."

လုကျန်းက ချောင်းတစ်ချက်ဟန့်ရင်း ပြုံးလိုက်သည်။

"ပွဲက နည်းနည်းတော့ ပြဇာတ်ဆန်သွားပြီဗျာ… ဒါနဲ့ ဘာဖြစ်သွားတယ်ဆိုတာ မင်းတို့တွေ နားလည်လိုက်ကြသလား"

ပြင်းထန်သည့်တိုက်ပွဲတစ်ခုကို ကြည့်ရတော့မည်ဟု တွေးထင်ထားခဲ့သော်လည်း အဋ္ဌမမင်းသားက အဘယ့်ကြောင့် နောက်ဆုတ်သွားရသည်ကို မည်သူမှ နားမလည်ကြပေ။

လုန်မန်မှာ အလွန်ကြောက်ရွံ့သွားဟန်ရှိပြီး သူ၏လက်နက်ဖြစ်သည့် လှံရှည်ကိုပင် အောက်သို့ ပစ်ချခဲ့သည်။ မသိလျှင် တမင်သက်သက် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်လိုက်သည့်အလားပင် ထင်မှတ်ရ၏။

သို့ဖြစ်ရာ အခြေအနေများက အနည်းငယ် ရှုတ်ထွေးသည်ဟု ဆိုနိုင်သည်။

လင်အန်းက…

"ဘာလဲ… သူက နဂါးသုတ်သင်ဓားသိုင်းကို ကြောက်သွားတာလား"

လုကျန်းက ခေါင်းခါယမ်းလိုက်ရင်း…

"ကျုပ်လည်း မသေချာဘူး… ၊ ကျုပ်က နဂါးတစ်ကောင်မဟုတ်တာ ၊ နဂါးသုတ်သင်ဓားသိုင်း ဘယ်လောက်အစွမ်းထက်လဲဆိုတာ ဘယ်လိုလုပ်နားလည်မှာတဲ့လဲ"

ဟုန်လွမ်က…

"နဂါးမျိုးနွယ်တွေက တခြားအကြံအစည်တစ်ခု ရှိနေတာများလား"

ဤသည်က တကယ့်ကို ပုံမှန်မဟုတ်သည့်ကိစ္စ ဖြစ်သည်။

လုကျန်းက…

"ဂိုဏ်းတူညီလေးပေဖန်းကို သွားမေးကြည့်ဦးမယ် ၊ သူက သတင်းစုံတယ်"

ပြောရင်းဖြင့်ပင် လုကျန်းက အဝေးတစ်နေရာတွင်ရှိနေသည့် ပေဖန်းကို လှမ်းကြည့်လိုက်၏။

ပေဖန်းက ခွန်လွန်တောင်မှ တပည့်များဝတ်ဆင်လေ့ရှိသည့် သာမန်ဝတ်စုံကိုပင် ဝတ်ဆင်ထားသည်။

တစ်စုံတစ်ယောက်က သူ့ကိုကြည့်နေသည်ကို ခံစားလိုက်ရသည်နှင့် သူက လှည့်ပင်မကြည့်တော့ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ လူအုပ်ထဲတွင် ကိုယ်ယောင်ဖျောက်ရန် ကြိုးစားလိုက်သည်။

ပေဖန်း၏ အမူအရာကိုကြည့်ပြီး လုကျန်းလည်း ဘာမှ မတတ်နိုင်ဖြစ်သွားသည်။

သူက…

"ကြည့်ရတာ ပေဖန်းက လူတွေသူ့ကို ဝိုင်းပြီးမေးတော့မယ်ဆိုတာသိလို့ ပြေးတော့မယ့်ပုံပဲ…"

ဒုတိယတောင်ထွတ်က ခွန်လွန်တောင်၏ စည်းကမ်းထိန်းသိမ်းရေးတာဝန်ကိုယူရသည်ဖြစ်ရာ သတင်းအချက်အလက် အစုံလင်ဆုံး တောင်ထွတ်ဖြစ်သည်။

လင်အန်းက ခေါင်းခါယမ်းလိုက်ရင်း…

"ကဲ… ဒါဖြင့်လည်း ပြန်ကြစို့…"

ထို့နောက် တပည့်များလည်း အသီးသီးပြန်လည်ထွက်ခွာသွားကြလေတော့သည်။

လုကျန်းလည်း သက်ပြင်းတစ်ချက်ချရင်း ထွက်ခွာလာခဲ့သည်။

နဝမတောင်ထွတ်မှ ဂိုဏ်းတူညီလေး စိန်ခေါ်ပွဲတွင် အနိုင်ရသွားသည့်ကိစ္စက ကောင်းသည်လား ၊ ဆိုးသည်လား သူ မသိရှိသော်လည်း အခြားတပည့်များကတော့ ဤကိစ္စကို ရက်အနည်းငယ်ကြာသည့်တိုင် ဆွေးနွေး၍ ပြီးကြတော့မည် မဟုတ်ပေ။

***

"ဟွန်း… မင်းက တခြားသူဘက်က အားပေးရဲတယ်ပေါ့လေ"

ရင်ပြင်နံဘေးတွင် မတ်တတ်ရပ်နေရှာသည့် ရှောင်ယွိကို လှမ်းကြည့်ရင်း လုန်လီက အေးစက်စွာ ပြောလိုက်သည်။

စိန်ခေါ်ပွဲတွင် လုန်မန်၏ အပြုအမူက ထူးခြားပြီး လုံး၀ ပုံမှန်မဟုတ်ပေ။ ထို့ကြောင့် လုန်မန် မူမမှန်ဖြစ်ရခြင်းအတွက် တစ်စုံတစ်ယောက်ကို အပြစ်ဖို့ရမည်ဆိုလျှင် လုန်ယွိသာလျှင် ရှိပေလိမ့်မည်။

လုန်မန်ကိုသာ လုန်ယွိက တစ်စုံတစ်ခု တောင်းဆိုမထားဘူးဆိုလျှင် လုန်မန်က စိန်ခေါ်ပွဲကို အရှုံးပေးမည် မဟုတ်ပေ။

မြောင်ယွဲ့က ရင်ပြင်ထက်သို့ ကြည့်နေသည့် အကြည့်များကို ရုတ်သိမ်းလိုက်သည်။

ထို့နောက် သူမက လုန်လီနှင့် လုန်စီးစီးကို လှမ်းကြည့်လိုက်ပြီး နူးညံ့သည့်လေသံဖြင့် စကားဆို၏။

"စောစောကပဲ ရှင်တို့ ပြောနေတာ… ကျန်းလန် တိုက်ပွဲမရှုံးခင် သိုင်းကွက် ဘယ်နှစ်ကွက်လောက်ပဲ ခံနိုင်မယ်ဆိုလား… ၊ ကျွန်မကြားလိုက်တာ သိုင်းကွက် ခုနစ်ကွက်ဆိုလား ရှစ်ကွက်ဆိုလားပဲ…"

လုန်လီနှင့် လုန်စီးစီး မြောင်ယွဲ့ကို လှမ်းကြည့်လိုက်ကြသည်။

သူတို့မှာ လည်ပင်းတွင် ငါးရိုးနင်သကဲ့သို့ ခံစားနေရလေရာ မြောင်ယွဲ့စကားကို ပြန်လည်ချေပနိုင်ခြင်း မရှိကြပေ။ ယခုလိုအချိန်မျိုးတွင် ဤသို့သော ခနဲ့သလို ရွဲ့သလိုစကားလာပြောသည့် တောင်သခင်မကို ဒေါသထွက်လွန်းသဖြင့် နုတ်နုတ်စင်းပစ်ချင်မိကြသည်။

"ဟွန်း…"

လုန်လီက အင်္ကျီလက်ကို တစ်ချက်ခါလိုက်ရင်း မကျေမနပ်ဖြင့် ထွက်ခွာသွားတော့၏။

လုန်စီးစီးကလည်း အေးစက်သည့်အကြည့်များဖြင့် နဝမတောင်ထွတ် ရင်ပြင်သို့တစ်ချက်ကြည့်ပြီးနောက် လုန်လီနောက်မှ လိုက်ပါသွားသည်။

နဂါးမျိုးနွယ် အကြီးအကဲ (၂)ယောက်ထွက်ခွာသွားတော့မှ ကျူးချင်က ပြောလိုက်သည်။

"နဂါးမျိုးနွယ် အဋ္ဌမမင်းသားက မွေးရာပါအင်မော်တယ်တစ်ပါးပဲ ၊ ရှောင်ယွိက သူ့အစ်မဆိုပေမယ့် ရှောင်ယွိမျက်နှာကြောင့်နဲ့တော့ အဋ္ဌမမင်းသားက ကျန်းလန်ကို တမင်သက်သက်အရှုံးပေးမယ် မထင်ဘူး ၊ ပြီးတော့ ရှုံးနိမ့်သွားတာကို အခုလိုအမြန်ကြီး ဝန်ခံလိုက်တာက တစ်ဖက်လူကို စော်ကားရာလည်း ကျတယ်လေ"

မြောင်ယွဲ့က ရယ်မောလိုက်ရင်း…

"နဂါးသုတ်သင်ဓားသိုင်းကို ကြောက်သွားတာနေမယ်…"

ဟု ပြောလိုက်သည်။

ပြီးမှ မြောင်ယွဲ့က ဆက်ပြောလိုက်သည်။

"သူတို့လည်း ရှောင်ယွိကို ပြဿနာရှာလို့မဖြစ်ဘူးဆိုတာ သိကြမှာပါ ၊ ဒါပေမဲ့ သူတို့က အဋ္ဌမမင်းသားရှုံးနိမ့်ရတဲ့အကြောင်းပြချက်ကို လွတ်လမ်းအနေနဲ့ ရှာကြမှာပဲလေ ၊ ဒီလိုလုပ်မှ သူတို့ တကယ်တမ်း ရှုံးနိမ့်သွားတာမဟုတ်ဘူးလို့ ပြောလို့ရမှာပေါ့ ၊ ဒီကိစ္စက ကျွန်မတို့ ခွန်လွန်တောင်အတွက်တော့ ဘာပြဿနာမှာ မရှိပါဘူးလေ"

လျိုကျင်းက ရင်ပြင်ထက်ငုံ့ကြည့်လိုက်ရင်း…

"ဘာဖြစ်သွားတယ်ဆိုတာ မင်းတို့ သေသေချာချာ မြင်လိုက်လား"

ဟု မေးလိုက်၏။

တိုက်ခိုက်နေရင်း အဋ္ဌမမင်းသား အဘယ့်ကြောင့် ရုတ်တရက် ပြန်ဆုတ်သွားရသည်ကို လျိုကျင်း နားမလည်နိုင်ခဲ့ပေ။

ကျိုးကျုန်းထျန်းကတော့ ထိုအဖြေကို သိနိုင်ပေလိမ့်မည်။

သူတို့အားလုံးက သေရည်သောက်နေသည့် ကျိုးကျုန်းထျန်းကို လှမ်းကြည့်လိုက်ကြ၏။

"တကယ်တော့ သေရည်သောက်နေတာနဲ့ပဲ ဘာဖြစ်သွားမှန်းမသိလိုက်ဘူး ၊ ဟဲဟဲ… ယုံကြလား…"

တောင်သခင်များ၏ အကြည့်များ သူ့ထံကျရောက်လာသည်နှင့် ကျိုးကျုန်းထျန်းက သေရည်တစ်ငုံမော့သောက်ရင်း ပြောလိုက်သည်။

"………………"

ကျူးချင်က…

"ဂိုဏ်းတူအစ်ကို… နောက်မနေနဲ့တော့ ၊ ဘာဖြစ်သွားတယ်ဆိုတာသာ ပြောစမ်းပါ…"

ကျိုးကျုန်းထျန်းက ရင်ပြင်ထက်တွင်ရပ်နေသည့် ကျန်းလန်ကို တစ်ချက်လှမ်းကြည့်လိုက်ရင်း…

"နဂါးသုတ်သင်ဓားသိုင်းက အဋ္ဌမမင်းသားအပေါ် သက်ရောက်မှုရှိသွားတယ် ထင်တာပဲ"

ခဏနားပြီးမှ သူက ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ အဋ္ဌမမင်းသားက ဓားချက်ကိုတောင် ရင်မဆိုင်ရသေးဘဲ အလိုလိုနောက်ပြန်ဆုတ်သွားတာဆိုတော့… ဘာကြောင့်လဲဆိုတာ ကျုပ်လည်းမသိဘူး… ၊ ကျန်းလန်ကို မင်းတို့ကိုယ်တိုင်သွားမေးကြည့်မှပဲ ရမယ်"

မြောင်ယွဲ့က…

"ကျောက်စိမ်းရေကန်နတ်ဘုရားမက ကူညီတာရော မဖြစ်နိုင်ဘူးလား"

မည်သူမှ အဖြေမပေးကြပေ။

မည်သူမှ ရှောင်ယွိကို အာရုံမထားခဲ့ကြပေ။

သို့သော် ကျေက်စိမ်းရေကန်နတ်ဘုရားမက မည်သူမှမသိနိုင်သည့် အခွင့်အာဏာတစ်ခုခုကို အသုံးပြုကာ ကျန်းလန်ကို စိန်ခေါ်ပွဲတွင် အနိုင်ရစေမည်ဆိုလျှင်လည်း မည်သူမှ မသိနိုင်သည့်ကိစ္စ ဖြစ်သည်။

လျိုကျင်းက…

"ကျန်းလန်ကိုကြည့်ရတာ အံ့အားသင့်နေသလိုပဲ ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမက တစ်ခုခုလုပ်ထားတယ်ဆိုရင် ကျန်းလန်ကိုလည်း သေချာပေါက် ပြောပြထားမှာပဲပေါ့"

ကျူးချင်က ခဏမျှတွေးနေရင်း…

"ပြောလို့တော့မရဘူး…"

သူမက ဆက်ပြောသည်။

"ရှောင်ယွိက သဘောမကျရင်တောင်မှ ဖြစ်လာပြီဆိုရင် လက်ခံတတ်တဲ့ သဘောရှိတယ် ၊ ဒါပေမဲ့ သူ လုပ်ဖို့လိုအပ်တယ်လို့ ခံစားရရင် ဘယ်လောက်ခက်ခဲပါစေ မလျှော့တမ်း ကြိုးစားတတ်တယ် ၊ ပြီးတော့ သူက ကျန်းလန်နဲ့ အဆင်ပြေအောင် ကြိုးစားနေတဲ့သူဆိုတော့…"

ကျူးချင်က စကားကို ဆက်မပြောဘဲ ရပ်နားလိုက်သည်။

"ရှောင်ယွိက ကျန်းလန်နဲ့ ဆက်ဆံရေးကောင်းမွန်ဖို့အတွက် အခုစိန်ခေါ်ပွဲမှာ ကျန်းလန်ဘက်က ကူညီတယ်ဆိုရင်လည်း သူ့ကို အပြစ်ပြောဖို့တော့ ခက်သားပဲလေ ၊ နောက်တစ်ချက်က ရှောင်ယွိက စိတ်ခံစားလွယ်တယ် ၊ သူ့ကြောင့် ကျန်းလန် နာကျင်မှာကို မဖြစ်စေချင်ဘူးထင်ပါရဲ့"

လျိုကျင်းက…

"ဒါပေမဲ့ဗျာ… ရှင်းရှင်းလေးတွေးကြည့်ရင်တော့ ဒီကိစ္စက ဘာမှ မဟုတ်ပါဘူး ၊ ရှုတ်အောင်တွေးမယ်ဆိုရင်တော့ နဂါးမျိုးနွယ်တွေဘက်က ဇာတ်တိုက်ထားတဲ့ အစီအစဉ်တစ်ခုလည်း ဖြစ်နိုင်တာပဲလေ"

အခြားသူများက သူ့စကားကို ခေါင်းညိတ်ထောက်ခံလိုက်ကြပြီး မည်သည့်စကားမှ မပြောကြတော့ပေ။

ယခုအချိန်ထိ ဖြစ်နိုင်ခြေရှိသည့် သဲလွန်စများကို သူတို့ဆွဲမထုတ်နိုင်ကြသေးပေ။

မြောင်ယွဲ့က…

"ကျွန်မ ရင်ပြင်ဆီသွားပြီး ကျန်းလန်ကို မေးကြည့်လိုက်ဦးမယ်"

နဂါးမျိုးနွယ်များနှင့် ကိစ္စများက ပြီးပြတ်ဦးမည် မဟုတ်သေးပေ။ ထို့ကြောင့် အခြေအနေများကို ခန့်မှန်းနိုင်ရန် သူတို့ဘက်မှလည်း ကြိုးစားရမည် ဖြစ်သည်။

ကျူးချင်ကလည်း မြောင်ယွဲ့နောက်သို့လိုက်သွားရင်း…

"ကျွန်မလည်း ရှောင်ယွိကို သွားမေးကြည့်ဦးမယ်"

ထို့နောက်…

လျိုကျင်းနှင့် ကျိုးကျုန်းထျန်းတို့လည်း နဝမတောင်ထွတ်မှ ထွက်ခွာသွားကြလေတော့၏။

မော့ကျန်းသုန့်ကတော့ သူနေထိုင်ရာ နဝမတောင်ထွတ်အစွန်းသို့ ပြန်သွားပြီး သူ့ကို ကျန်းလန် လာရောက်တွေ့ဆုံမည့်အချိန်ကို စောင့်နေလေသည်။

***

စိန်ခေါ်ပွဲပြီးဆုံးသွားပြီဖြစ်၏။

သို့သော် လူအများစုက စိန်ခေါ်ပွဲရလဒ်ကို လက်ခံနိုင်ရန် ခက်ခဲနေကြသည်။ သူတို့က တိုက်ပွဲကောင်းတစ်ခုကို ကြည့်ရတော့မည်ဟု ထင်မှတ်ထားစဉ် အဘယ့်ကြောင့် လျှင်လျှင်မြန်မြန် အဆုံးသတ်သွားရပါသနည်း။

နဝမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကို မည်သို့အနိုင်ရသွားပါသနည်း။

တပည့်တစ်ယောက်က…

"နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုက သူ့ရဲ့ ရောင်ဝါထုတ်လွှတ်လိုက်လို့ အနိုင်ရသွားတယ်လို့ထင်လား"

နောက်ထပ်တပည့်တစ်ယောက်က…

"သူ့နောက်ခံအင်အားကို အားကိုးပြီး အနိုင်ရသွားတာလည်း ဖြစ်နိုင်တယ်"

"ဟ… နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုက ဘာများနောက်ခံအင်အားရှိလို့လဲ ၊ မဟုတ်သေးဘူးနော်"

"ဟုတ်ဘူးလေ… နဝမတောင်ထွတ်ရဲ့ တစ်ဦးတည်းသောဆက်ခံသူတပည့်ဆိုတဲ့ဂုဏ်ပုဒ်က သူ့ရဲ့ နောက်ခံအင်အားလို့ ပြောလို့မရဘူးလား"

"ဘာပဲဖြစ်ဖြစ်ကွာ… စိန်ခေါ်ပွဲပြီးသွားပုံကြီးက ကလေးကစားတာကျနေတာပဲ ၊ တိုက်ပွဲအစက အတော်လေး စိတ်လှုပ်ရှားခဲ့ရတာကို…"

"မင်းတို့ကလည်းကွာ ရှုံးလည်းရှုံးပြန်ပြီ ၊ နိုင်လည်းနိုင်ပြန်ပြီနဲ့ … ရှုတ်နေတာပဲ… အတော်လေးကို တတ်နိုင်ကြတဲ့သူတွေ"

တပည့်အားလုံးက အံ့အားသင့်နေကြပြီး စိန်ခေါ်ပွဲရလဒ်ကို လက်ခံရန် ခက်ခဲနေကြသည်။ နဂါးမင်းသားက ကျန်းလန်ကို တကယ်ပဲ ရှုံးနိမ့်သွားခဲ့သည်လား။

လုန်မန်ကတော့ နဝမတောင်ထွတ်မှ ချက်ချင်းထွက်ခွာသွားလေသည်။

သူ့ကိုပေးအပ်ထားသည့်တာဝန်ကို မကျေပွန်ခဲ့သည့်အတွက် အကြီးအကဲများကို သင့်တော်သည့် ဖြေရှင်းချက် ပေးရမည် ဖြစ်၏။

သူက နဂါးငယ်လေးတစ်ကောင်မျှသာ ဖြစ်သည်။

အထူးသဖြင့် ခွန်လွန်တောင်သို့ လာရောက်ခဲ့ပြီးနောက် ဤနေရာက သူ့အတွက် ထူးဆန်းသည်ဟု ခံစားရသည်။

နဂါးတိုင်းပြည်သို့ပြန်ရောက်လျှင်တော့ စိတ်အေးအေးထားကာ ဘာမှားနေသည်လဲ သေသေချာချာ အဖြေရှာရမည် ဖြစ်သည်။ ပြိုင်ဘက်ကို ကြောက်ရွံ့ပြီး မိမိကိုင်ဆောင်သည့်လက်နက်ကိုပင် မြေပြင်ပေါ် ပစ်ချသည့် လုပ်ရပ်မျိုး သူ အဘယ့်ကြောင့် ပြုလုပ်လိုက်ရပါသနည်း။

နဝမတောင်ထွတ်သို့ ရောက်လာကြသည့် ပွဲကြည့်ပရိတ်သတ်များလည်း ပြန်သွားကြပြီ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ စိန်ခေါ်ပွဲတွင် ကျန်းလန်အနိုင်ရသွားပြီ ဖြစ်လေရာ ကစားပွဲကတော့ ပြောင်းပြန်လှန်နိုင်ခဲ့သည်ပင်။

ကျင်းထင်နှင့်အခြားသူများလည်း နဝမတောင်ထွတ်မှ အလျှင်အမြန် ပြန်သွားကြလေသည်။

ကျန်းလန်က မကြာမီ သူတို့ကို အမီလိုက်လာတော့မည်ဖြစ်လေရာ အင်မော်တယ်ဖြစ်ရန်အတွက် အမြန်ဆုံးကျင့်ကြံရပေလိမ့်မည်။

သူတို့ အမြန်ပြန်သွားကြသည်ကို ကျန်းလန်ကလည်း စိတ်ထဲ မထားပေ။

အဋ္ဌမမင်းသားနှင့် တိုက်ခိုက်သည့်ပွဲကြောင့် သူ့ကို လူအများက အာရုံစိုက်လာကြဦးမည်ဖြစ်ရာ ထိုအာရုံစိုက်မှုများကို လျှော့ချရန် အချိန်ယူရဦးမည် ဖြစ်သည်။

စိန်ခေါ်ပွဲသို့ လူပေါင်းများစွာ လာရောက်ကြည့်ရှုခြင်းကလည်း ကောင်းသည့်အချက်ပင် ဖြစ်၏။ အမှန်တော့ ကျန်းလန်က လူနည်းမည်ကိုပင် စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။

လူအနည်းငယ်သာ လာရောက်ကြည့်ရှုပါက တစ်ဆင့်စကား တစ်ဆင့်နားဖြင့် အကြောင်းအရာများက တဖြည်းဖြည်း ချဲ့ကားသွားပေလိမ့်မည်။

လူအများ၏ ပါးစပ်ထဲတွင် သူက ဒဏ္ဍာရီလာ သူရဲကောင်းပမာ ဖြစ်လာပါက ခွန်လွန်တောင်မှ တပည့်များမှာ အလိုလိုနေရင်း သူ၏ရန်သူများကို ကူညီပေးနေသလို ဖြစ်သွားပေလိမ့်မည်။

ရန်သူများက သူ့ကို တန်ခိုးစွမ်းအားနိမ့်ပါးသူတစ်ယောက်ဟု မသတ်မှတ်တော့ဘဲ သူ့ကို သတ်ဖြတ်ရန်အတွက် တန်ခိုးစွမ်းအားမြင့်မားသူများကို စေလွှတ်ကြပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ့အနေဖြင့် ရန်သူများကို ရင်ဆိုင်ရန် ခက်ခဲသွားပေလိမ့်မည်။

ကျန်းလန်ကတော့ မလိုအပ်ဘဲ သတင်းများ ချဲ့ကားမသွားရန်သာ မျှော်လင့်မိသည်။

မူလဝိညာဉ်အဆင့်ရှိသည့် နဝမတောင်ထွတ်မှတပည့်က အင်မော်တယ်တစ်ပါးကို တစ်ချက်တည်းဖြင့် အနိုင်ယူလိုက်သည်ဆိုသော သတင်းမျိုးသာ ပျံ့နှံ့သွားပါက သူတော့ ဒုက္ခလှလှ တွေ့ရမည်ပင်။

သူက အစစ်အမှန်အင်မော်တယ်တစ်ပါးဖြစ်သော်လည်း ရန်သူများအားလုံး တစ်ပြိုင်တည်းရောက်ရှိလာပါက ထိန်းထားနိုင်မည် မဟုတ်ပေ။

သို့သော် သူ၏ ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး အစကတည်းက မည်သူမှ အထင်မကြီးခဲ့ကြလေရာ ထိုမျှလောက် သတင်းများချဲ့ကားသွားရန်မှာတော့ ဖြစ်နိုင်ခြေ မရှိလှပေ။

နောက်တစ်ချက်မှာ ခွန်လွန်တောင်မှ တပည့်များက သူ့ကို အချိန်ကြာမြင့်စွာ သတိထားမိပြီး အာရုံစိုက်နေကြမည်ဆိုလျှင်လည်း ပြဿနာ ရှိပြန်လေသည်။

ဥပမာ - ခွန်လွန်တောင်မှ တပည့်များက သူ့ကို ဝေဖန်ပြစ်တင်ခြင်းမပြုကြတော့ဘဲ သူ့အောင်မြင်မှုများကိုသာ ပြောဆိုနေကြမည်ဆိုလျှင် ဖြစ်၏။

နောက်ထပ်စိန်ခေါ်ပွဲများလည်း ရှိမလာပါစေနှင့်တော့ဟု သူ ဆုတောင်းမိသည်။

စိန်ခေါ်ပွဲလာရောက်ကြည့်ရှုသူများအားလုံး ပြန်သွားကြသည်နှင့် ကျန်းလန်က ရှောင်ယွိကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

ယခုတစ်ကြိမ်တိုက်ပွဲကြောင့် နဝမတောင်ထွတ်ရင်ပြင်က ပျက်စီးသွားခြင်း မရှိသော်လည်း အစီအရင်များကို အနည်းငယ် ပြန်လည်ပြုပြင်ရဦးမည် ဖြစ်၏။ ထို့ကြောင့် ရှောင်ယွိကို နှုတ်ဆက်ပြီးလျှင် သူလည်း လုပ်စရာရှိသည့်အလုပ်များ ဆက်လုပ်ရပေမည်။

သို့သော်…

ကျန်းလန် နောက်သို့လှည့်လိုက်သည်နှင့် မျက်နှာကို ပုဝါဖြင့်ဖုံးအုပ်ထားသည့် လှပလွန်းသောမိန်းမပျိုတစ်ယောက် ကောင်းကင်ထက်မှ ပျံသန်းဆင်းသက်လာသည်ကို တွေ့မြင်လိုက်ရသည်။

သူမသည်ကား ပဉ္စမတောင်ထွတ်၏တောင်သခင် ၊ ဆရာဒေါ်လေး မြောင်ယွဲ့ပင် ဖြစ်သည်။

ကျန်းလန်က…

"ဆရာဒေါ်လေးကို ဂါရဝပြုပါတယ်"

သူ အနည်းငယ် အံ့အားသင့်သွားမိသည်။

ပဉ္စမတောင်ထွတ်မှ ဆရာဒေါ်လေးက အဘယ့်ကြောင့် သူ့ထံ ရောက်လာရပါသနည်း။

မြောင်ယွဲ့က ကျန်းလန်ရှေ့သို့ ရောက်သည်နှင့် ရယ်မောလိုက်ရင်း…

"ကျန်းလန်… အမှန်အတိုင်းပြောစမ်း… မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဘယ်လောက်ထိတောင် ဖုံးကွယ်ထားတာလဲ"

All Chapters