← Chapters

ဆရာဒေါ်လေးမြောင်ယွဲ့က ဆရာနှင့်လက်ဆက်ဖို့သင့်တော်မည်လား

Vol. 17 Ch. 226

ဆရာဒေါ်လေးမြောင်ယွဲ့က ဆရာနှင့်လက်ဆက်ဖို့သင့်တော်မည်လား

Vol. 17 Ch. 226

အခန်း (၂၂၆) ဆရာဒေါ်လေးမြောင်ယွဲ့က ဆရာနှင့်လက်ဆက်ဖို့သင့်တော်မည်လား

မြောင်ယွဲ့က "ကျင့်ကြံခြင်းအဆင့် ဘယ်လောက်ထိ ဖုံးကွယ်ထားလဲ" ဟု ရုတ်တရက်မေးလိုက်သည့်အခါ ကျန်းလန် အံ့အားသင့်သွားရသည်။

သူမက ကျင့်ကြံခြင်းအဆင့် ဘယ်လောက်ထိ ဖုံးကွယ်ထားတာလဲဟု မေးမြန်းခြင်း ဖြစ်လေရာ ကျန်းလန်ကို စကားထဲမှ ထောင်ဖမ်းရန် ကြိုးစားသည့် မေးခွန်းမျိုး ဖြစ်၏။

ခွန်လွန်တောင်မှ တောင်သခင် (၉)ပါးက နဂါးမျိုးနွယ်များနှင့် တွေ့ဆုံဆွေးနွေးရလေတိုင်း ဆရာဒေါ်လေးမြောင်ယွဲ့ကို ခေါင်းဆောင်တင်လေ့ ရှိသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် သူမက ရိုးရှင်းသူတစ်ယောက်မဟုတ်သည်မှာ ထင်ရှားနေသည်။ သူမ ပြောသည့် စကားလုံးတိုင်းက အခြားသူဘက်မှ သတင်းအချက်အလက်များကို နှိုက်ထုတ်ရန် ကြံစည်နေခြင်း ဖြစ်သည်။

ကံကောင်းသည်မှာ ကျန်းလန်က သူ၏ ခွန်လွန်စိတ်ကျမ်းတန်ခိုးစွမ်းအားနှင့် သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အပြည့်အ၀ ယုံကြည်သည်။

ထို့ကြောင့် သူ့လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး လုံး၀ အမှားအယွင်းရှိမည် မဟုတ်ပေ။

ကျန်းလန်က ဆရာဒေါ်လေးကို လေးလေးစားစားပင် ဦးညွှတ်အရိုအသေပေးလိုက်ရင်း…

"ဆရာဒေါ်လေးမေးချင်တာက…"

မြောင်ယွဲ့က ရယ်မောလိုက်ပြန်ရင်း…

"ဆရာဒေါ်လေးကို ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်လေကွယ်…"

ကျန်းလန် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။

အတန်ငယ်လှမ်းသည့်နေရာတစ်ခုတွင် လမ်းလျှောက်ရင်းစကားပြောနေကြသည့် ရှောင်ယွိနှင့် ကျူးချင်မှအပ မည်သူမှ မရှိပေ။

ထိုအခါမှ ကျန်းလန်က တိုးလျသည့် လေသံဖြင့်…

"နောက်နှစ်နည်းနည်းလောက်ဆိုရင် မရှိမှုအာကာသအဆင့်ကို တက်ရောက်နိုင်ဖို့ ပြင်ဆင်ထားပါတယ် ဆရာဒေါ်လေး"

အရာရာကို ထိုးဖောက်သိမြင်နေဟန်ရှိသည့် မြောင်ယွဲ့၏ စူးရှသည့် မျက်ဝန်းများက ကျန်းလန်ကို စိုက်ကြည့်နေ၏။

"ဒီထက် အဆင့်နည်းနည်းလောက် ပိုပြောချင်လည်း ရသေးတယ်နော်"

"…………………"

လူသားကျင့်ကြံသူတစ်ယောက်အနေဖြင့် နှစ်ပေါင်း (၃၀၀)အတွင်း မရှိမှုအာကာသအဆင့်သို့ တက်ရောက်နိုင်သည်မှာ အကန့်အသတ်ပြည့်နေပြီ ဖြစ်သည်။

သူ ဘာများ ဆက်လုပ်နိုင်ပါဦးမည်နည်း။

ကျန်းလန် ခေါင်းကိုသာတွင်တွင်ငုံ့ထားပြီး မေးခွန်းကို မဖြေခဲ့ပေ။ သူ ဘာပြန်ပြောရမှန်းလည်း မသိလေရာ ဆိတ်ဆိတ်နေခြင်းကသာ အကောင်းဆုံး မဟုတ်ပါလား။

မြောင်ယွဲ့က ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်ကို ဆက်မမေးတော့ဘဲ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"အရင်က အဋ္ဌမမင်းသားနဲ့ ဆုံဖူးလား"

သူမက ကျန်းလန်ကို အတင်းဖိအားမပေးတော့ဘဲ ပုံမှန်လေးသံဖြင့်ပင် စကားစမြည်ပြောဆိုဟန် ပြုလိုက်သည်။

ကျန်းလန်က…

"တောင်ခြေသေရည်ဆိုင်မှာ တစ်ခါတွေ့ဖူးတယ် ၊ ဒါပေမဲ့ စကားတော့ မပြောဖူးဘူး"

ထိုအချိန် ရှောင်ယွိမှာလည်း လမ်းလျှောက်ရင်း ဆရာဖြစ်သူနှင့် စကားပြောနေခဲ့သည်။

"အဋ္ဌမမင်းသား ပြန်ဆုတ်သွားအောင် မင်း တစ်ခုခု လုပ်ခဲ့တာတော့ မဟုတ်ပါဘူးနော်"

ကျူးချင်က ရှောင်ယွိကို ကြည့်ပြီး မေးမြန်းလိုက်သည်။

ရှောင်ယွိ : "………………"

သူမလည်း ဘာမှ မလုပ်ရပါဘဲ ဆရာဖြစ်သူက အဘယ့်ကြောင့် ဤသို့သောမေးခွန်းမျိုးမေးရပါသနည်း။

တစ်ဖက်တွင်လည်း မြောင်ယွဲ့က ကျန်းလန်ကို အလားတူမေးခွန်းပင် မေးမြန်းလာသည်။

ကျန်းလန်က ခေါင်းခါယမ်းလိုက်ရင်း အမှန်အတိုင်းပင် ပြောပြလိုက်၏။

"နဂါးသုတ်သင်ဓားသိုင်းအသုံးပြုတာကလွဲရင် ကျွန်တော် ဘာမှလုပ်မထားပါဘူး ဆရာဒေါ်လေး…"

အမှန်တော့ သူလည်း အနည်းငယ် အံ့အားသင့်နေခဲ့သည်။ အချိန်ရမှ အဋ္ဌမမင်းသားထံ သွားရောက်လည်ပတ်ပြီး မေးမြန်းကြည့်ရန်လည်း ဆုံးဖြတ်ထားသည်။

ရှောင်ယွိကလည်း ဆရာဖြစ်သူ၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။

"ကျွန်မ ဘာမှမလုပ်ပါဘူး ၊ ဒီအတိုင်း စိန်ခေါ်ပွဲကို တိတ်တိတ်လေး ကြည့်နေခဲ့တာပါ"

သူမက ထပ်မံပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြောဆိုလိုက်သည်။

"လုန်မန်က ကျွန်မ မောင်လေးဆိုပေမယ့် သူက မွေးရာပါအင်မော်တယ်တစ်ပါးပါ ၊ ဒီတော့ သူ့အဆင့်က ကျွန်မထက် အများကြီး မြင့်မားပါတယ် ၊ ကျွန်မ သူ့ကို ဘာများလုပ်နိုင်မှာလဲ"

ကျန်းလန်၏ အဖြေစကားကိုကြားသည်နှင့် မြောင်ယွဲ့ ခေါင်းတစ်ချက်ညိတ်လိုက်ပြီး မည်သည့်စကားမှ မပြောတော့ပေ။

သူမက ရှောင်ယွိနှင့် ကျူးချင်စကားပြောနေသည်ကို လှမ်းကြည့်လိုက်သည်။

"ကဲ ဒါဖြင့်လည်း မင်းကို မနှောက်ယှက်တော့ပါဘူး"

မြောင်ယွဲ့က ကျန်းလန်ကို ပြောလိုက်သည်။

ထို့နောက် စကားအနည်းငယ်ပြောဆိုကြပြီးနောက် မြောင်ယွဲ့နှင့် ကျူးချင်တို့ ပြန်သွားကြလေတော့၏။

ထွက်ခွာသွားသည့် ဆရာဒေါ်လေး (၂)ယောက်ကိုကြည့်ရင်း ဒီကိစ္စ ဒီမျှနှင့် ပြီးဆုံးသွားပါစေဟု ကျန်လန် ဆုတောင်းလိုက်သည်။

သူ အေးအေးဆေးဆေး ကျင့်ကြံချင်နေပြီ ဖြစ်သည်။

သူ့မှာ ယခုမှ အစစ်အမှန်အင်မော်တယ် ဖြစ်စရှိသေးသည်။

သူ့တွင် ရည်မှန်းချက်များစွာ ရှိသေးသည်။ အရင်ဆုံး ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်ကို သိမြင်နိုင်သူတစ်ယောက်ဖြစ်အောင် ကြိုးစားရမည်။ ပြီးလျှင် ဆရာဖြစ်သူကို ကျော်တက်ရန် ဖြစ်၏။

ထို့နောက်တွင်တော့ ခွန်လွန်တောင်တွင် ပြိုင်ဘက်ကင်းဖြစ်လာရန် ကြိုးစားရပေမည်။ ခွန်လွန်တောင်တွင် ပြိုင်ဘက်ကင်းဖြစ်လာလျှင် ပျက်သုဉ်းတစ်စပြင်လောကကြီးတွင်လည်း ပြိုင်ဘက်ကင်းဖြစ်လာရန် နီးစပ်ပေလိမ့်မည်။

အင်မော်တယ်များ၏ အထွတ်ထိပ်အဆင့်မှာ တာအိုအင်မော်တယ် ဖြစ်သည်။ တာအိုအင်မော်တယ်၏ အထက်တွင် မည်သည့်အဆင့်ရှိသည်ကိုတော့ သူ သေသေချာချာ မသိရှိသေးပေ။

ပျက်သုဉ်းတစ်စပြင်လောကကြီးတွင်တော့ တာအိုအင်မော်တယ်ထက်သာလွန်သည့် ကျင့်ကြံသူ ရှိပါဦးမည်လားဟု ကျန်းလန် တွေးမိသည်။

သို့သော် ထိုအဆင့်များသို့ရောက်ရှိရန် အလွန်ပင် ဝေးကွာလွန်းနေသေးရာ လျှောက်တွေးနေခြင်းက အသုံးမဝင်သည့်ကိစ္စသာ ဖြစ်၏။

သူ့အနေဖြင့် ဆက်လက်ကျင့်ကြံရန်အတွက် အစီအစဉ်များရေးဆွဲခြင်းက ပိုမိုသင့်တော်မည် ဖြစ်သည်။

လောလောဆယ်တော့ ရင်ပြင်ကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် သန့်ရှင်းရေးအနည်းငယ်လုပ်ပြီး အစီအရင်များကို ပြန်လည်ပြုပြင်ရဦးမည် ဖြစ်သည်။

ထိုစဉ်…

သူ့ကို စိုက်ကြည့်နေသည့် ရှောင်ယွိကို တွေ့မြင်လိုက်ရသည်။

ရှောင်ယွိက သူ့ကိုထွင်းဖောက်ကြည့်ရှုနိုင်ရန် အကောင်းဆုံးကြိုးစားနေသည့်နှယ် စူးစိုက်ကြည့်နေခြင်း ဖြစ်၏။

ကျန်းလန်က…

"ဂိုဏ်းတူအစ်မ ဘာဖြစ်လို့လဲ"

ရှောင်ယွိက မည်သည့်စကားမှ ပြန်မပြောဘဲ ကျန်းလန်ကို ဆက်ပြီး စူးစိုက်ကြည့်နေသည်။

အတန်ကြာမှ…

"ဂိုဏ်းတူမောင်လေးက ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားတာလား"

ရှောင်ယွိက ကျန်းလန်ထံမှ အကြည့်လွှဲရင်း မေးမြန်းလိုက်၏။

သူမ ဘယ်လိုပင် ထွင်းဖောက်ကြည့်နိုင်ရန် ကြိုးစားပါစေ ကျန်းလန် ကျင့်ကြံခြင်းအဆင့်ဖုံးကွယ်ထားသည်ကို မသိရှိနိုင်ခဲ့ပေ။

ကျန်းလန်က ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ရန် မည်သို့သောမန္တန်ကို အသုံးပြုထားပါသနည်း။

"အရင်က ပဉ္စမတောင်ထွတ်က ဆရာဒေါ်လေးမြောင်ယွဲ့ဆီမှာ အစီအရင်ပညာသွားသင်ဖူးတယ်လေ...၊ သူကပဲ ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားဖို့ ကိုယ့်ကို သင်ပေးတာ..."

ကျန်းလန်က ရှင်းပြလိုက်သည်။

ရှောင်ယွိက မေးလာမှတော့ သူက ဖုံးကွယ်ငြင်းဆိုရန် မကြိုးစားချင်ပေ။

ပြီးတော့ သူကလည်း ကျင့်ကြံခြင်းအဆင့် (၂)ဆင့်မျှကိုသာ ဖုံးကွယ်ထားခြင်း ဖြစ်လေသည်။

ခွန်လွန်စိတ်ကျမ်းမှ တန်ခိုးစွမ်းအားဖြင့်ဖုံးကွယ်ထားသည့် သူ၏ အစစ်အမှန်ကျင့်ကြံခြင်းကိုတော့ မည်သူမှ သိရှိနိုင်မည် မဟုတ်ပေ။

ရှောင်ယွိက...

"ဒါဖြင့် ဂိုဏ်းတူမောင်လေးက မူလဝိညာဉ် ၊ နောက်ဆုံးအဆင့် မဟုတ်ဘူးပေါ့..."

ကျန်းလန်က မည်သည့်စကားမှ မပြောဘဲ ခေါင်းသာညိတ်ပြလိုက်သည်။

သူ၏ အစစ်အမှန်ကျင့်ကြံခြင်းအဆင့်ကိုတော့ ရှောင်ယွိကို သူ ဘယ်တော့မှ ထုတ်ပြောမည်မဟုတ်ပေ။ သူ စိတ်ပင်မကူးခဲ့သည့်ကိစ္စ ဖြစ်သည်။

ရှောင်ယွိက...

"ဒါဖြင့် ကျွန်မတော့ အင်မော်တယ်ဖြစ်အောင် အမြန်ကျင့်ကြံမှပဲ... မဟုတ်ရင် ဂိူဏ်းတူမောင်းလေးက တိတ်တိတ်လေးကျော်တက်သွားမှဖြင့်ဒုက္ခ"

"............."

ကျန်းလန် တိတ်ဆိတ်နေ၏။

သူက အစကတည်းက သူမကို ကျော်တက်ပြီးသားပဲလေ။

သို့ရာတွင် အများအမြင်တွင်တော့ သူက ပါရမီရှင်တစ်ယောက်ပမာ ကျင့်ကြံခြင်းအဆင့် တဟုန်ထိုးမြင့်တက်နေခဲ့သည်။

လူသားတစ်ယောက် အင်မော်တယ်ဖြစ်လာရန်က နှစ်ပေါင်း (၆၀၀) ခန့် ကြာမြင့်မည်ဖြစ်ရာ နောက်ထပ် နှစ်ပေါင်း (၃၅၀)ခန့်ဆိုလျှင် သူ အင်မော်တယ် ဖြစ်လာတော့မည် ဖြစ်သည်။

ထိုအချိန်ရောက်လျှင် သူနှင့် ရှောင်ယွိ လက်ထပ်ပွဲကျင်းပရတော့မည် ဖြစ်သည်။ ထိုအခါ ခွန်လွန်တောင်မှ လူအများက သူ့ကို အာရုံစိုက်ကြပေဦးမည်။

သို့သော် ကျောက်စိမ်းရေကန်နတ်ဘုရားမ၏ ခင်ပွန်းဖြစ်ရခြင်းက တောင်သခင်များ သတ်မှတ်ပေးထားခြင်း ဖြစ်လေရာ အခြားသူများအနေဖြင့် ဘာမှတတ်နိုင်မည် မဟုတ်ပေ။

တစ်ဖက်တွင်လည်း လက်ရှိလောကအရေးများက သူ့အပေါ် သက်ရောက်မှု ရှိနေပြန်သည်။

သူက ကောင်းကင်လှေကားအဆုံးထိတက်မိသောကြောင့် နတ်လူသားမျိုးနွယ်များက သူ့ကို ပစ်မှတ်ထားနေကြသည်။ ထို့အတူ နတ်မိစ္ဆာများကလည်း ငရဲတံခါးကြောင့် သူ့ကို စိတ်ဝင်စားနေကြပြန်သည်။

သို့သော် အစစ်အမှန်အင်မော်တယ်အဆင့်လောက်ဖြင့် ရန်သူအားလုံးကို ထိပ်တိုက်ရင်ဆိုင်ရန်မှာ မဖြစ်နိုင်သေးပေ။

နတ်လူသားမျိုးနွယ်များက ဇာမဏီမျိုးနွယ်များနှင့် တိုက်ပွဲဖြစ်နေလေရာ နောက်ထပ် ရာစုနှစ်များစွာ တိုက်ပွဲက ရှည်ကြာကောင်းပေဦးမည်။

ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်ရန်မှာလည်း နှစ်ပေါင်း (၁၀၀)ခန့် လိုအပ်သေးရာ နတ်မိစ္ဆာများလည်း လှုပ်ရှားမှုပြုလုပ်ရန် မဖြစ်နိုင်သေးပေ။

နဂါးမျိုးနွယ်များအနေဖြင့်လည်း ခွန်လွန်တောင်ကို ရန်စရင် အချိန်စောင့်ဆိုင်းရင်း အကြံထုတ်ကြဦးမည် ဖြစ်သည်။

ဤကာလအတွင်း သူက ကျင့်ကြံခြင်းအဆင့်မြင့်မားလာအောင် အေးအေးဆေးဆေး ကျင့်ကြံရမည် ဖြစ်သည်။

ကျင့်ကြံရင်းဖြင့် ဆရာဖြစ်သူကို အိမ်ထောင်ချပေးမည့်ကိစ္စကိုလည်း လုပ်ဆောင်ရဦးမည် ဖြစ်သည်။

ဆရာက တဖြည်းဖြည်းအသက်ကြီးလာပြီဖြစ်ရာ တစ်ယောက်တည်းနေရန် မသင့်တော်ပေ။ အနားတွင် ဆေးပေးမီးယူအဖော်မွန်လေးတစ်ယောက်တော့ ရှိသင့်၏။

ယခင်က ဆရာဒေါ်လေးမြောင်ယွဲ့က သူ့ကို အောင်သွယ်လုပ်ခိုင်းခြင်းမှာ အတည်ပြောခြင်းလား ၊ စနောက်ခြင်းလား မသဲကွဲသော်လည်း သူကတော့ ဆရာဖြစ်သူ၏ သဘောထားကို တီးခေါက်ကြည့်ရမည် ဖြစ်သည်။

ဆရာဖြစ်သူဘက်က အဆင်ပြေသည်ဆိုလျှင်တော့ ဆရာဒေါ်လေးမြောင်ယွဲ့ကလည်း အလွန်တရာ ချောမောလှပသူ ဖြစ်လေရာ သူ့အနေဖြင့် သဘောမတူနိုင်စရာ အကြောင်းမရှိပေ။

ကျန်းလန်က ရှောင်ယွိကို ကြည့်လိုက်ရင်း…

"ဂိုဏ်းတူအစ်မက အရမ်းတော်တဲ့ပါရမီရှင်တစ်ယောက်ပဲ… ၊ မကြာခင် အင်မော်တယ် ဖြစ်လာမှာပါ"

ရှောင်ယွိက သစ်သားဓားလေးဖြင့် ရင်ပြင်ထက်တွင် လျှောက်ခြစ်နေရင်း…

"ဂိုဏ်းတူမောင်လေးက ဒီလိုပြောတော့ ကျွန်မက အင်မော်တယ် မြန်မြန်ဖြစ်လာမယ်ဆိုတဲ့ အဓိပ္ပါယ်လား"

ကျန်းလန် ခေါင်းညိတ်ပြလိုက်သည်။

ရှောင်ယွိက ပါရမီရှင်တစ်ယောက်ဖြစ်သည်။

နဂါးမျိုးနွယ်များက နဂိုကပင် အရည်အချင်းရှိသူများဖြစ်ကြသည်။ ယခု ရှောင်ယွိကို ကျောက်စိမ်းရေကန်ကပါ ထောက်ပံ့ပေးထားသည့်အခါ ကျင့်ကြံခြင်းအဆင့်တက်သည်က ဒုံးပျံပမာ လျှင်မြန်မည် ဖြစ်သည်။

သူမ ကြိုးစားကျင့်ကြံနေသရွေ့ ကျင့်ကြံခြင်းအဆင့်က အရှိန်အဟုန်ဖြင့် မြင့်တက်နေမည်ပင်။

ကျန်းလန် ရင်ပြင်ကို သန့်ရှင်းရေး လုပ်ပြီးသွားသည့်အခါ ရှောင်ယွိကလည်း ကျောက်စိမ်းရေကန်သို့ပြန်ရန် ဆုံးဖြတ်လိုက်သည်။

သို့သော် သူမက မပြန်ခင် နေရောင်ကို ကျောခိုင်းလိုက်ပြီး ကျန်းလန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ထို့နောက် သူမက ပျင်းကြောဆန့်သလို ကျောကိုဆန့်ကာ ခါးကိုကော့လိုက်၏။

သူမဝတ်ဆင်ထားသည့် အပြာရောင်အဝတ်အစားများက သူမခန္ဓာကိုယ်ထက်တွင် အသားကျစွာ ကပ်ကပ်ရပ်ရပ် ရှိနေလေသည်။

သို့သော် ရှောင်ယွိ၏ အပြုအမူကိုကြည့်ပြီး ကျန်းလန်၏မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။

ကျန်းလန်က…

"ဂိုဏ်းတူအစ်မ… ဘာဖြစ်လို့လဲ ၊ အိပ်ချင်နေလို့လား"

ထိုမေးခွန်းကိုကြားတော့ ရှောင်ယွိ မျက်မှောင်ကြုတ်လိုက်၏။

"ကျွန်မ လှတယ်လို့ မထင်ဘူးလား"

"............"

ထိုမေးခွန်းကိုကြားတော့ ကျန်းလန် အံ့အားသင့်သွားရ၏။

ရှောင်ယွိဘာကိုဆိုလိုမှန်း သူ နားမလည်ပေ။

"လှတယ်လို့မထင်ဘူးလား" ဆိုသည်မှာ ဘာကို ဆိုလိုချင်တာပါလိမ့်။

ရှောင်ယွိက…

"ဂိုဏ်းတူမောင်လေးရှေ့မှာ ခါးကိုကော့ပြရင် ဂိုဏ်းတူမောင်လေးက ကျွန်မကို သဘောကျလိမ့်မယ်လို့ လင်စီးယာက သင်ပေးသွားတယ်"

ထို့နောက် သူမက စိတ်ရှုတ်ထွေးဟန်ဖြင့် ကျန်းလန်ကို ကြည့်လိုက်ရင်း…

"ဒါပေမဲ့ အခုကြည့်ရတာ မဟုတ်ဘူးထင်တယ်"

ကျန်းလန်မျက်နှာတွင် မည့်အပြောင်းအလဲကိုမှ သူမ မတွေ့မြင်ရပေ။

ကျန်းလန်က ခဏမျှတိတ်ဆိတ်နေပြီး…

"တစ်ခုခုများလွဲနေလားဆိုတာ ဂိုဏ်းတူအစ်မလင်စီးယာကို မေးကြည့်လိုက်လေ"

"ဟုတ်တယ်..."

ရှောင်ယွိ ခေါင်းညိတ်လိုက်ရင်း ထွက်ခွာရန်ဟန်ပြင်လိုက်သည်။

"သူ့ဆီက အဖြေသိရမှ ရှင့်ကိုလာတွေ့တော့မယ်"

ကျန်းလန်က သူမကို အချိန်မရွေးစောင့်မျှော်နေပါသည်ဆိုသော အဓိပ္ပါယ်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် ရှောင်ယွိ မိုးကုပ်စက်ဝိုင်းဆီသို့ တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။

ရှောင်ယွိ ထွက်ခွာသွားသည်နှင့် ကျန်းလန် နဝမတောင်ထွတ်အစွန်းသို့ ထွက်ခွာလာခဲ့သည်။ ဆရာဖြစ်သူကို အခြေအနေများ တင်ပြရဦးမည် မဟုတ်ပါလား။

"ဆရာ…"

နဝမတောင်ထွတ်အစွန်းသို့ ရောက်သည်နှင့် ကျန်းလန်က ဆရာဖြစ်သူကို ဦးညွှတ်ဂါရဝပြုလိုက်သည်။

မော့ကျန်းသုန့်က ကျန်းလန်ကို ပြုံးပြီးကြည့်လိုက်ရင်း…

"ထင်တောင်ထင်မထားဘူး…"

ကျန်းလန်က…

"တပည့် ကံကောင်းသွားတာပါ"

ယခုတစ်ကြိမ် စိန်ခေါ်ပွဲတွင် အနိုင်ရခဲ့သည်က အမှန်တကယ်ပင် ကံကောင်းခြင်း ဖြစ်၏။

ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို မထုတ်ဖော်ဘဲ မူလဝိညာဉ် ၊ နောက်ဆုံးအဆင့် တန်ခိုးစွမ်းအားဖြင့်ဆိုလျှင် သူ့အတွက် အနိုင်ရရန် အခွင့်အလမ်း အလွန်နည်းပါးလှသည်။

နဂါးသုတ်သင်ဓားသိုင်းကို ကျန်းလန်က အားကိုးခဲ့သော်လည်း ထိုဓားသိုင်းက တိုက်ပွဲကို အချိန်ကြာရှည်အောင် တောင့်ခံထားနိုင်ရုံမှတစ်ပါး အနိုင်ရရန် မဖြစ်နိုင်ပေ။

မော့ကျန်းသုန့်က ကျန်းလန်ကို ပြုံးပြီး ကြည့်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် ဒီတစ်ပွဲတော့ မင်းနိုင်သွားတာပေါ့ကွာ ၊ မင်းလိုချင်တာဘာရှိလဲ… ဆရာဆုချမယ်… ၊ ပွင့်ပွင့်လင်းလင်းပြောနော်"

ယခုနောက်ပိုင်း မော့ကျန်းသုန့်က ကျန်းလန်ကို လက်ဆောင်များပေးခြင်း မရှိတော့ပေ။

လွန်ခဲ့သည့်နှစ်များက သူလက်ဆောင်ပေးသည့် သားရဲဥလေးကလည်း အကောင်မပေါက်သလို ရေသဖန်းပင်လေးကလည်း ချူချာလွန်းလှလေရာ သူ့ရင်ထဲတွင် ဆူးစူးနေသည့်ပမာ စနိုးစနောင့်ခံစားရင်း တပည့်ဖြစ်သူကို လက်ဆောင်မပေးရဲတော့ပေ။

ထို့ကြောင့် ကျန်းလန် လိုချင်သည့်အရာကို တောင်းဆိုရန် အခွင့်ပေးလိုက်ခြင်း ဖြစ်၏။

ကျန်းလန်က ခဏမျှ တိတ်ဆိတ်နေပြီးမှ…

"ကျွန်တော် ဒီနှစ်တွေအတွင်း ပြင်ပလောကကို မထွက်ပါရစေနဲ့ ဆရာ…"

"………………"

မော့ကျန်းသုန့်ဆွံ့အသွား၏။

ဒီတပည့်လေးကတော့လေ…

သူကလည်း တပည့်ဖြစ်သူ ပြင်ပလောကသို့ ထွက်ခွာရန် မည်သည့်ခရီးစဉ်မှ စီစဉ်မထားရပါဘဲ ဘယ်လိုဖြစ်လို့ ဒီလိုတောင်းဆိုမှုမျိုး ပြုလုပ်ရတာပါလိမ့်။

All Chapters