← Chapters

တကယ်တော့ သူက ကုမ္ပဏီပိုင်ရှင်ပါ

Vol. 7 Ch. 91

တကယ်တော့ သူက ကုမ္ပဏီပိုင်ရှင်ပါ

Vol. 7 Ch. 91

စွန်းယွီလဲ့၏အသားတင်ဝင်ငွေနှင့် ပိုင်ဆိုင်မှုအကြောင်း သိရလေလေ ဝူယွင်၏မျက်နှာအမူအရာတို့ သုန်မှုန်လာရလေလေပင်။ စွန်းယွီလဲ့၏အနေအထားကိုသာ ကြိုသိခဲ့ပါက သူ့ကို မြေစာပင်အဖြစ် ရွေးချယ်ခဲ့မိမည်မဟုတ်ပေ။

ယခုတော့ မြေစာပင်စစ်စစ်က သူလား၊ စွန်းယွီလဲ့လားဆိုသည်ကို မသဲကွဲတော့ပေ။

"ကဲ ရဲအရာရှိကြီး.. အခုလောက်ဆိုရင် မစ္စတာစွန်းရဲ့ပိုင်ဆိုင်မှုတွေက ဘယ်လောက်များပြားလဲဆိုတာ ခင်ဗျားနားလည်လောက်မှာပါ"

အိမ်တော်ထိန်းက ပြောလိုက်လေသည်။

"မစ္စတာစွန်းကို ယွမ်တစ်သိန်းလာဘ်စားတယ်လို့ စွပ်စွဲတာကြီးက တကယ်ရယ်ချင်စရာကြီးပါ။ အဲ့ဒါက မစ္စတာစွန်းကိုစော်ကားနေတယ်လို့တောင် ကျွန်တော်ခံစားမိပါတယ်"

"စကားမစပ် ရဲအရာရှိကြီး.. ဒီဥပဒေဌာနကို ဘယ်သူခေါ်လာခဲ့လဲဆိုတာ သိနိုင်မလားဗျ"

"အိုး.. အဲ့ဒါက Nas Holdingsအုပ်စုရဲ့ ဥပဒေအကျိုးဆောင်ဌာနပါ။ သီးခြားဌာနမဟုတ်ပါဘူး"

ရဲအရာရှိက ပြန်ဖြေလိုက်သည်။

"ကောင်းပါပြီ"

ရှေ့နေက တရားဝင်ကြေညာစာတစ်ခု ထုတ်လိုက်လေသည်။

"ဒါဆိုရင် ကျွန်တော့်အမှုသည်စွန်းယွီလဲ့ဘက်က အခြေအမြစ်မရှိတဲ့ ဒီစွဲချက်ကို ချေပတဲ့အနေနဲ့ ကျွန်တော်တို့ဘက်ကလည်း Nas Holdingsကို တရားစွဲချင်ပါတယ်"

"ဘာ"

ရဲအရာရှိကြီးခမျာ အံ့သြမှင်တက်သွားလေသည်။ ဘာတွေဖြစ်နေလေသလဲ။ စွန်းယွီလဲ့က တရားခံဖြစ်နေသည်မှာ ရှင်းနေသည့်တိုင် ယခုတော့ သူသည် Nas Holdingsကို တရားစွဲပေတော့မည်။

"ခင်ဗျားတို့က သူတို့ကို အသရေဖျက်မှုနဲ့ တရားစွဲမလို့လား"

အနည်းငယ်မျှ တွေးကြည့်ပြီးနောက်မှာ ရဲအရာရှိကြီးကလည်း သူတို့၏ရည်ရွယ်ချက်ကို နားလည်သွားဟန်တူသည်။ လူများသည် ချမ်းသာလေလေ ဒေါသကြီးလေလေပင်။

'မင်းက ငါ့ကို လာဘ်စားမှုနဲ့ တရားစွဲတယ်ပေါ့။ ကောင်းပြီလေ။ အခု ငါ့အလှည့်ပဲ။ ငါလည်း မင်းကို အသရေဖျက်မှုနဲ့ ပြန်တရားစွဲမယ်'ဆိုသလိုမျိုးပင်။

"မဟုတ်ပါဘူး ရဲအရာရှိကြီး။ ခင်ဗျား အထင်လွဲနေပြီ။ ကျွန်တော်တို့က အသရေဖျက်မှုနဲ့ တရားစွဲမှာမဟုတ်ဘူး"

"ဒါဆို ဘာနဲ့များ...."

"ကျွန်တော်တို့က Nas Holdingsကို စော်ကားနှိမ့်ချမှုနဲ့ တရားစွဲမှာပါ"

"ဘာရယ်.. စော်ကားနှိမ့်ချမှုတဲ့လား။ ငါတို့ကုမ္ပဏီက မင်းတို့ကို ဘယ်တုန်းကစော်ကားမိလို့လဲ"

ဥပဒေရေးရာမန်နေဂျာခမျာ တွေ့ဆုံညှိနှိုင်းရေးကာလနှစ်ရက်တာအတွင်းနှင့် စွန်းယွီလဲ့နှင့်ပြောဆိုဆက်ဆံခဲ့သည့်အ ခေါက်များတွင် လွန်ကဲသောအသုံးအနှုန်း သို့မဟုတ် စော်ကားသောစကားလုံးတို့ကို လုံးဝမပြောခဲ့ဖူးကြောင်း သေချာသွားခါမှသာ စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။

"မစ္စတာစွန်းက ဘီလျံနာတစ်ယောက်ပါ။ သူ့ကို ယွမ်တစ်သိန်းလာဘ်စားတယ်ဆိုပြီး စွပ်စွဲပြောဆိုတာက စော်ကားတာမဟုတ်ရင် ဘာလဲ"

ရှေ့နေကလည်း သမာသမတ်ကျကျ ပြောဆိုလိုက်သည်။

"သူ့ဘက်က လာဘ်ငွေဆယ်သန်းယူခဲ့တယ်လို့ ပြောခဲ့ရင်တောင် လက်ခံလို့ရသေးတယ်။ တစ်သန်းလောက်ဆိုရင်တော့ အသေးစားစော်ကားမှုလို့သတ်မှတ်လို့ရပေမဲ့ ယွမ်တစ်သိန်းကတော့ ပြစ်မှုမြောက်တဲ့စော်ကားမှုတစ်ခုပဲ။ ဒီစော်ကားမှုအတွက် ကျွန်တော်တို့ဘက်က ခင်ဗျားတို့ကုမ္ပဏီကနေ တရားမျှတမှုကိုတောင်းဆိုရလိမ့်မယ်"

"ဒါက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ"

Nas Holdings၏ ဥပဒေရေးရာမန်နေဂျာခမျာ တည်ငြိမ်မှုပျောက်ဆုံးသွားရလေသည်။ လာဘ်ငွေယွမ်တစ်သိန်းလက်ခံခြင်းမှာ ပြစ်ဒဏ်သင့်သော စော်ကားမှုတစ်ခုဖြစ်ကြောင်း ပြောလာသူမျိုးကို သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။

ယခုလိုစော်ကားမှုမျိုးသာ စင်စစ်တည်ရှိပါက ထိုကဲ့သို့သောစော်ကားမှုမျိုး သူ့မျက်နှာပေါ်သို့ တစ်နှစ်ပတ်လည်လုံး နေ့တိုင်း၊ နာရီတိုင်း မရပ်မနားကျဆင်းလာဖို့သာ ဆုတောင်းမိသည်။

ထိုကဲ့သို့သော စော်ကားမှုမျိုးကို သူ စင်စစ်လိုချင်တောင့်တပါသည်။

ယနေ့ခေတ်လူချမ်းသာများဟာ ယခုလိုအဆင့်မျိုးအထိ ရောက်နေကြပြီလား။

"ဒါက.. ယွီလဲ့ ဒီကိစ္စကိုသေချာပြန်ချိန်ဆကြည့်ရအောင်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခုထူးဆန်းနေသလို ခံစားရတယ်"

ဥပဒေဌာနခေါင်းဆောင်မှာ စတင်ထိတ်လန့်နေချေပြီ။ တရားစွဲဆိုမှုကြီးမှာ လုံးဝအဓိပ္ပာယ်မရှိပေ။ ထို့ပြင် စွန်းယွီလဲ့ကိုယ်တိုင်ကလည်း တရားစွဲထားလေသည်။

သို့သော် သူတို့၏လက်ရှိအနေအထားကို ထည့်တွက်မည်ဆိုပါက စွန်းယွီလဲ့အနေနှင့် ယခုလိုကိစ္စမျိုးကို လုပ်သည်ဆိုခြင်းမှာ မဖြစ်နိုင်ပေ။ သူ့မိသားစု၏အရင်းအမြစ်နှင့်သာဆိုလျှင် စွန်းယွီလဲ့သာ အပြစ်ကင်းနေပါက ဤတရားစွဲဆိုမှုကို ဖြေရှင်းရန်မှာ သိပ်မခက်ခဲလှပေ။

သို့သော် Nas Holdingsအတွက်မူ ပြဿနာများလာနိုင်သည်။

သူတို့သာ ဤတရားစွဲဆိုမှုကို ရှုံးနိမ့်သွားပါက သူတို့သည် ဟွာရှားတစ်ခွင်မှာ လူရယ်စရာဖြစ်ချေတော့မည်။

"ရဲအရာရှိကြီး.. ဒါက မစ္စတာစွန်းရဲ့ပိုင်ဆိုင်မှုကို သက်သေပြဖို့ မလုံလောက်သေးဘူးလို့ ထင်တယ်ဆိုရင်လည်း ကျွန်တော့်ဘက်က ကျန်းနန်မြို့မှာရှိတဲ့ သူ့ရဲ့အိမ်ရာ၂၇ခုကိုပါ ပြပေးလို့ရပါတယ်။ အဲ့ဒီထဲမှာ ဗီလာ၁၂လုံးရယ် တိုက်ခန်းကြီး၁၄လုံးနဲ့ ရပ်ကွက်တစ်ခုပါဝင်ပါတယ်"

"ဟင့်အင်း..မလိုပါဘူး.."

ယနေ့ကြုံလိုက်ရသောကိစ္စများသည် နှစ်နှစ်ဆယ်ကျော်ကြာအောင် တည်ဆောက်ထားသည့် ရဲအရာရှိကြီး၏ လောကအမြင်ကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေနိုင်သည်။ လူချမ်းသာများ၏အမြင်တွင် လာဘ်ငွေယွမ်တစ်သိန်းမှာ စော်ကားမှုတစ်ခုသက်သက်သာ ဖြစ်နေလေသည်။ မြို့တစ်မြို့တည်းမှာပင် သူတို့၏ပိုင်ဆိုင်မှုများက အနည်းဆုံးဂဏန်းနှစ်လုံးစာရှိပြီး ရပ်ကွက်တစ်ခုလုံးကိုပင် အိမ်ရာများအဖြစ် အသုံးပြုကြလေသည်။

ဤသည်မှာလည်း ကျန်းနန်တစ်မြို့တည်းမှာသာ ရှိသေးသည်။

ဤလူငယ်လေးသည် မွန်ဂိုလီးယားမြက်ခင်းပြင်ရှိ ကျွဲနွားတစ်ဝက်နှင့် စားကျက်မြေတစ်ဝက်ကျော်ကျော်လောက်ကို ပိုင်ဆိုင်ထားကြောင်း သူ ယခုတော့ ယုံသွားလေပြီ။

"တစ်ဆိတ်လောက်ပါ။ ကျွန်တော် အပြင်ခဏလောက်သွားလိုက်ပါဦးမယ်"

ရှေ့နေတစ်ယောက်က ရုတ်ခြည်းဖုန်းဝင်လာသဖြင့် လူအုပ်ထဲမှ အကွာအဝေးအနည်းငယ်မျှခွဲထွက်သွားခဲ့သည်။ သို့သော် တောက်တောက်ပပရှိလှသော သူ့အပြုံးကိုကြည့်မည်ဆိုပါက သူ့တွင် သတင်းကောင်းတချို့ရှိနေပုံပင်။

"ရှေ့နေရှု.. ခင်ဗျားရဲ့အမူအရာကိုကြည့်ရတာ သက်သေအထောက်အထားတချို့ရလိုက်တာပဲဖြစ်မယ်။ ဟုတ်တယ်မလား"

"ဟုတ်ပါတယ် မစ္စတာကျန်း"

ရှေ့နေရှုက ဆိုလာလေသည်။

"ကျွန်တော် အခုလေးတင် ကျွန်တော့်အမှုသည်မစ္စတာစွန်းရဲ့ပိုင်ဆိုင်မှုတွေအကြောင်း ပဏာမစစ်ဆေးဖော်ထုတ်လိုက်နိုင်ပါပြီ။ ပြီးတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်အလက်လေးကို ရှာတွေ့ထားတယ်ဗျ။ Nasအုပ်စုမှာ မစ္စတာစွန်းက ရှယ်ယာ၅၂.၉ရာခိုင်နှုန်းကိုကိုင်ထားတာပါတဲ့။ ဒီသဘောက မစ္စတာစွန်းက Nasအုပ်စုရဲ့ဥက္ကဋ္ဌဆိုတဲ့အဓိပ္ပာယ်ပါပဲ"

"ဘာရယ်.. ဒီအကြောင်း ကျွန်တော်လည်းမသိရပါလား"

စွန်းယွီလဲ့ခမျာ သူ့ကိုယ်သူမထိန်းချုပ်နိုင်ပါတော့ဘဲ ဆိုဖာပေါ်မှ မတ်တတ်ထရပ်လိုက်လေသည်။

"ဟက် မစ္စတာစွန်း.. ခင်ဗျားမှာ ပိုင်ဆိုင်မှုဘယ်လောက်ရှိလဲဆိုတာကို ခင်ဗျားကိုယ်တိုင်တောင်မသိပါဘူး"

ရှေ့နေဖြစ်သူက ဆိုလာလေသည်။

"မစ္စတာစွန်း.. ကျွန်တော် ပုံနှိပ်စက်လေးများ သုံးလို့ရမလား"

"ပုံနှိပ်စက်က ဒုတိယထပ်က စာကြည့်ခန်းထဲမှာပါ။ ကျွန်တော်လိုက်ပို့ပေးပါ့မယ်"

အိမ်တော်ထိန်းက ရှေ့နေရှုကို အပေါ်ထပ်သို့ လမ်းပြခေါ်ဆောင်သွားချေသည်။

မကြာခင်မှာပင် သူက စာရွက်စာတမ်းအထူကြီးကို ကိုင်၍ ပြန်ဆင်းလာသည်။

"ဒါတွေက ဓာတ်ပုံမိတ္ထူတွေပါ။ တရားဝင်ရှယ်ယာအသိအမှတ်ပြုလက်မှတ်တွေနဲ့ စာရွက်စာတမ်းတွေကတော့ မကြာခင်ရောက်လာပါလိမ့်မယ်"

ရှေ့နေရှုက ဆက်ပြောလိုက်သည်။

"မစ္စတာစွန်း.. ခင်ဗျားအဖေက ဒီရှယ်ယာတွေကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကဝယ်ယူထားခဲ့ပြီး ခင်ဗျားရဲ့နာမည်နဲ့ လွှဲပြောင်းပေးထားပါတယ်။ ဒါပေမဲ့ ခင်ဗျားက အဲ့ဒီအချိန်တုန်းက စာလေ့လာနေတုန်းရှိသေးတာမို့ ကျွမ်းကျင်တဲ့မန်နေဂျာတစ်ယောက်ကိုပဲ ကုမ္ပဏီရေးရာကိစ္စတွေကို ကိုင်တွယ်စီမံဖို့ တာဝန်ပေးခဲ့ပါတယ်"

"ကျွန်တော့်အဖေကလား"

စွန်းယွီလဲ့လည်း တစ်ချက်လှည့်ကြည့်လိုက်လေရာ ကျန်းမုန့်လောင်က ဆတ်ခနဲမျက်ခုံးပင့်ပြရင်း မျက်နှာထက်မှာလည်း "ဒီအဖေ အရမ်းကျေနပ်တယ်"ဟူသောပုံစံမျိုး ဆင်မြန်းထားသည်ကို တွေ့လိုက်ရသည်။

"ခွေးသူခိုးကောင်.. ဒီလိုအချိန်မျိုးမှာတောင် ငါ့ဆီက အမြတ်ထုတ်ဖို့မမေ့ဘူးနော်"

ထို"အဖေ"ဆိုသည်မှာ ကျန်းမုန့်လောင်ကလွဲ၍ တခြားလူမဖြစ်နိုင်သည်မှာ အသိသာချည်းပင်။ ဝေးပေါ်လို ကုမ္ပဏီတစ်ခုကိုတောင် သူဝယ်နိုင်မှတော့ အမေရိကန်ဒေါ်လာတစ်ဘီလံယံမျှသာရှိသော Nasအုပ်စုကိုဝယ်ရခြင်းမှာ လက်တစ်ချက်လှုပ်လိုက်ရုံမျှဖြင့် ရပေသည်။

"ဒါဆို ဒီကိစ္စက အဖြေပေါ်သွားပြီလို့ထင်တာပဲ"

ရှေ့နေရှုက စာရွက်စာတမ်းအထပ်လိုက်ကြီးကို စားပွဲပေါ်သို့ တင်လိုက်သည်။

"စိတ်မှန်သေးတဲ့ ဘယ်သူမဆို ကိုယ့်ကုမ္ပဏီကိုယ် အခုလိုဖြစ်အောင်လုပ်မှာမဟုတ်ဘူး ဟုတ်တယ်မလား။ ယွမ်တစ်သိန်းအတွက်နဲ့ သန်းနှစ်ဆယ်ကို အဆုံးရှုံးခံရမှာတဲ့လား။ အဲ့ဒါကြီးက အဓိပ္ပာယ်ကိုမရှိဘူး"

"ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူ့အကောင့်ထဲကို ဘယ်ကမှန်းမသိတဲ့ပိုက်ဆံတစ်သိန်းဝင်လာတယ်ဆိုတာကတော့ အမှန်ပဲမလား"

ဤနေရာအရောက်တွင် ဝူယွင်က အောင့်မထားနိုင်တော့ဘဲ ကြားဖြတ်ပြောလိုက်လေသည်။ သူသာ စွန်းယွီလဲ့ကို အကွက်မဆင်နိုင်ပါက စုံစမ်းစစ်ဆေးမှုက သူ့ဆီသို့ လှည့်လာပေလိမ့်မည်။

စွန်းယွီလဲ့က သူ့ကို သံသယစဖြစ်နေလောက်ပြီဖြစ်ကြောင်း ဝူယွင် အတပ်သိသည်။ သူကတော့ သူ့လုပ်ဆောင်ချက်များကို စနစ်တကျရှိပြီး အမှားမရှိနိုင်လောက်ဟု ယုံကြည်ထားသော်လည်း လောကတွင် ပြီးပြည့်စုံသောအရာဟူ၍ မရှိသောကြောင့် သူ့အနေနှင့်လည်း ခြေရာလက်ရာလုံးဝမကျန်ခဲ့နိုင်ကြောင်းကိုမူ အာမမခံနိုင်ပေ။ စွန်းယွီလဲ့ကသာ အလုံးစုံအသေးစိတ်စုံစမ်းစစ်ဆေးမည်ဆိုပါက ဝူယွင် ပြဿနာအကြီးအကျယ်တက်ပေလိမ့်မည်။

"ရှင်းပြလို့မရတဲ့ပိုင်ဆိုင်မှုကို လက်ဝယ်ပိုင်ဆိုင်ခြင်းအတွက် ပြစ်ဒဏ်သင့်တယ်လို့ ကျုပ် ကြားထားတယ်"

"ခင်ဗျားရူးနေတာလား"

ကျန်းမုန့်လောင်ကလည်း ငေါက်ငမ်းလျက် ခွန်းတုံ့ပြန်လိုက်သည်။

"ခင်ဗျား ဥပဒေအကြောင်း မသင်ခဲ့ရဘူးလား။ ရှင်းပြလို့မရတဲ့ပိုင်ဆိုင်မှုဆိုတာ ဘာလဲဆိုတာသိလား။ အရင်ဆုံး အဲ့ဒါက တရားဝင်ဝင်ငွေထက်ပိုများတဲ့ ပမာဏတစ်ခုဖြစ်ရမယ်။ ဘာမဟုတ်တဲ့ ဒီပိုက်ဆံလေးက အဲ့ဒီလောက်တောင်များနေလို့လား"

ဘာမဟုတ်တဲ့ပိုက်ဆံလေးတဲ့လား...။ ယွမ်တစ်သိန်းကို ဘာမဟုတ်တဲ့ပိုက်ဆံလေးဟု ခေါ်ဆိုရန်အတွက်မူ Nasအုပ်စု၏တရားရေးရာဒါရိုက်တာကိုယ်တိုင်ပင် ထိုယွမ်တစ်သိန်းကို ရှာဖို့အတွက် နှစ်ဝက်လောက်အချိန်ပေးရပေသည်။

"ပြီးတော့ အဲ့ဒီလိုသာပြောကြေးဆိုရင် ခင်ဗျားရဲ့ ရှင်းပြလို့မရနိုင်တဲ့စည်းစိမ်တွေကို အရင်စစ်ဆေးကြည့်သင့်တယ်ထင်တယ်နော်"

"ကျုပ်လား"

ဝူယွင်က သရော်လိုက်လေသည်။ သူ့အမြတ်ငွေများက သူ့အကောင့်ထဲကို ယခုအထိရောက်မလာသေးပေ။ သို့ဖြစ်လေရာ ရှင်းပြ၍မရနိုင်သည့် စည်းစိမ်ဥစ္စာဟူ၍ အဘယ်မှာရှိနိုင်မည်လဲ။

"ကျွန်တော့်ကို အဲ့လိုမျက်နှာမျိုးနဲ့ လာမကြည့်နဲ့"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"အခုလောလောဆယ်တော့ ရှင်းပြလို့မရနိုင်တဲ့ပိုင်ဆိုင်မှုတွေ သိပ်မရှိသေးဘူးပေါ့။ ဒါပေမဲ့ မကြာခင် ရှိလာမှာပါ"

"အဲ့ဒါ ဘာအဓိပ္ပာယ်လဲ"

ထိုအခိုက်အတန့်ဝယ် ဝူယွင်၏ဖုန်းက တုန်ခါလာလေသည်။

"လူကြီးမင်းရဲ့ဘဏ်အကောင့်ထဲကို ၁၀၀၀၀၀၀၀၀လက်ခံရရှိပါတယ်..."

"အရာရှိကြီး"

ဝူယွင် ငေးငိုင်နေဆဲမှာပင် ကျန်းမုန့်လောင်က သူ့ဖုန်းကို ဆတ်ခနဲဆွဲလုသွားသည်။

"ဝူယွင့်ဆီမှာ ရှင်းပြလို့မရနိုင်တဲ့ပိုင်ဆိုင်မှုတွေ လက်ဝယ်ရရှိထားကြောင်း တင်ပြချင်ပါတယ်"

.......

All Chapters