သူက ကျုပ်ကိုသဘောကျသွားခဲ့တာ
Vol. 7 Ch. 98
အထက်တန်းပညာရေးကို သင်ကြားခဲ့ရသူတိုင်း ထိုစဉ်တုန်းက ငွေကြေးအကျပ်အတည်းဟာ ဘယ်လောက်အထိအခြေအနေဆိုးသော ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း သိထားကြသည်။ ထိုအကျပ်အတည်းသည် စီးပွားရေးအခြေအနေကို နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်စုနှစ်များစွာအထိ နောက်ပြန်ဆုတ်သွားစေခဲ့သည်။
ထိုအကျပ်အတည်းကာလအတွင်းမှာ ကမ္ဘာအနှံ့ရှိ မီးပြင်းဖိုများဟာ ရာဂဏန်းနှင့်ချီ၍ ဖျက်ဆီးခံခဲ့ရသည်။ ဝါဂွမ်းပင်များသည်လည်း ဧကပေါင်းဘီလီယံနှင့်ချီ၍ ပျက်စီးခဲ့ရပြီး ကော်ဖီအိတ်များလည်း ဘီလီယံနှင့်ချီ၍ ဖျက်ဆီးခံခဲ့ရသည်။ မွေးမြူရေးတိရစ္ဆာန်ပေါင်း သန်းဂဏန်းလည်း ရှင်းထုတ်ခံခဲ့ရသည်သာ။
အမေရိကန်တွင် အရည်အသွေးမြင့်နွားနို့လတ်လတ်ဆတ်ဆတ်များကို ဂါလန်ပေါင်းသောင်းနှင့်ချီ၍ မြောင်းထဲသို့ သွန်ပစ်ခဲ့ကြလေရာ နွားနို့မြစ်ကြီးတစ်စင်းကဲ့သို့ပင် ဖြစ်သွားခဲ့သည်။ ထိုအခြင်းအရာသည် စီးပွားရေးအကျပ်အတည်း၏ ကြီးမားလှစွာသော နောက်ဆက်တွဲဆိုးကျိုးတစ်ခုပင်။
ငွေကြေးဖောင်းပွမှု၊ အလုပ်လက်မဲ့အရေအတွက်များပြားမှုနှင့် ဂေဟစနစ်ပြိုလဲမှုတို့မှာ မကြုံဖူးသောကိစ္စများမဟုတ်သော်ငြား ထိုအချိန်တုန်းက သမိုင်းပညာရှင်များအနေနှင့် နားမလည်နိုင်ခဲ့သော အရာတစ်ခုရှိခဲ့သည်။ ထိုကာလအတွင်းဝယ် ဟွာရှား၏စီးပွားရေးအခြေအနေသည် တည်တည်ငြိမ်ငြိမ်ဖြင့် တိုးတက်လာခဲ့ပြီး ကမ္ဘာ့ငွေကြေးအကျပ်အတည်း၏ သက်ရောက်မှုကိုလည်း လုံးဝမခံစားခဲ့ရပေ။
ဟွာရှားတင်သာမက ဟွာရှားနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသော နိုင်ငံများကပါ ဤကပ်ဘေးဒုက္ခမှ လွယ်လင့်တကူ ကျော်လွှားနိုင်ခဲ့သည်။ မသိလျှင် မမြင်ရသောလက်တစ်စုံက ကာကွယ်ပေးနေသည့်အလား ထင်မှတ်ရသည်။
ရာစုနှစ်တစ်ခုစာမျှ ကွာခြားနေပါသော ဟွာရှားနှင့် ဖွံ့ဖြိုးပြီးကမ္ဘာ့နိုင်ငံများကြားရှိ နည်းပညာနှင့် ထုတ်လုပ်မှုစွမ်းအားကွာဟချက်ကို နှစ်အနည်းငယ်မျှဖြင့် ဆယ်စုနှစ်အနည်းငယ်စာမျှပင် ကွာခြားသွားအောင် လုပ်ဆောင်နိုင်ခဲ့သည်။
သို့သော် ဤကိစ္စအားလုံးမှာ တကယ်တမ်းတွင် ကျန်းမုန့်လောင်၏အဘိုးလက်ချက် ဖြစ်လိမ့်မည်ဟုတော့ မည်သူမှထင်မထားကြပေ။
ဤအချက်သာ အမှန်ဆိုပါက သမိုင်းပညာရှင်များနှင့် စီးပွားရေးပညာရှင်များကို ဆယ်စုနှစ်များစွာတိုင်အောင် ပဟေဠိဖြစ်စေခဲ့သော ဆန်းကြယ်မှုကို ဖြေရှင်းပေးနိုင်ပေလိမ့်မည်။
သို့တိုင် ဤအရာသည် ကြောက်စရာကောင်းလှသော ကိစ္စတစ်ရပ်လည်း ဖြစ်၏။ ကမ္ဘာ့စီးပွားရေးကို လွယ်လင့်တကူထိန်းချုပ်ခြယ်လှယ်နိုင်ဖို့အတွက် နောက်ကွယ်မှာ မည်ကဲ့သို့သောအင်အားမျိုး ရှိနေနိုင်လေသလဲ။
"ကျွန်တော့်အဘိုးက ဒါကို ဘယ်လိုလုပ်ခဲ့တာလဲ"
"ကျုပ်လည်း သေချာမသိဘူး။ ဒါပေမဲ့ ဒီစီးပွားရေးအကျပ်အတည်းက ကမ္ဘာလုံးဆိုင်ရာကုန်ကြမ်းပစ္စည်းပြတ်လပ်မှုကြောင့်လို့တော့ ကြားဖူးတာပဲ။ အထူးသဖြင့် ရေနံအကျပ်အတည်းကြောင့်ပေါ့။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ရေနံအဓိကတင်သွင်းတဲ့ နိုင်ငံပေါင်းဒါဇင်လောက်က ရေနံထောက်ပံ့မှု ပြတ်တောက်လုနီးပါးအခြေအနေနဲ့ ကြုံတွေ့ခဲ့ရတယ်"
ပိုလာဒီက ပြောလိုက်သည်။
"အဲ့ဒါတင်မကသေးဘူး။ အဲ့ဒီကာလအတွင်းမှာ ကမ္ဘာအနှံ့မှာရှိတဲ့ အရင်းရှင်တွေက ကုန်ထုတ်လုပ်မှုကို အသည်းအသန်တိုးချဲ့ခဲ့ကြသေးတယ်။ အဲ့ဒီအချိန်တုန်းက ကုန်ပစ္စည်းသိုလှောင်မှုက နိုင်ငံတကာလူ့အဖွဲ့အစည်းရဲ့ ဝယ်ယူနိုင်စွမ်းထက်တောင် အများကြီးကျော်လွန်သွားခဲ့တာကြောင့် ဆိုးဝါးလှတဲ့သံသရာလည်မှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး ကမ္ဘာ့စီးပွားရေးအကျပ်အတည်းဆိုတာလည်း ပေါ်ပေါက်လာခဲ့တာပေါ့"
စီးပွားရေးအကျပ်အတည်း၏ ဖြစ်ပွားရခြင်းအကြောင်းအရင်းများနှင့် ပတ်သက်၍ ကျန်းမုန့်လောင် အထက်တန်းကျောင်းတက်စဉ်အချိန်က နိုင်ငံရေးဘာသာရပ်ကို လေ့လာခဲ့ရချိန်တွင် တော်တော်များများကို အလွတ်ကျက်မှတ်ခဲ့ရသည်။ တကယ်တမ်းတွင် စီးပွားရေးအကျပ်အတည်းဆိုသည်မှာ ကွင်းဆက်တစ်ခုအလား အဝန်းအဝိုင်းတစ်ခုထဲတွင် သံသရာလည်နေသော ဖြစ်ရပ်တစ်ခုပင်။
သို့သော် ပြင်ပဖိအားတစ်ခုဖြင့် ဤသံသရာစက်ဝန်းကို သက်တမ်းလျှော့ချနိုင်ပေသည်။ သို့သော် ထိုကဲ့သို့သော ပြင်ပဖိအားကလည်း စိတ်ကူးကြည့်၍မရနိုင်အောင် အင်အားကြီးမားနေရမည်ဖြစ်၏။
"မစ္စတာကျန်း.. မင်းကတော့ အဲ့ဒီခေတ်တုန်းက မွေးတောင်မမွေးသေးပေမဲ့ ကျုပ်ကတော့ အဲ့ဒီခေတ်ကိုဖြတ်သန်းလာခဲ့ရတဲ့ လူတစ်ယောက်လေ။ အဲ့ဒီနှစ်တွေတုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာသိလား"
"ဘာဖြစ်ခဲ့လဲ"
"ဖွံ့ဖြိုးပြီးနိုင်ငံတွေဆီကိုတင်သွင်းတဲ့ ရေနံထောက်ပံ့မှု၉၀%လောက်က ပြတ်တောက်သွားခဲ့တယ်။ ဒါက တစ်ခုပဲရှိသေးတယ်။ ကြောက်စရာအကောင်းဆုံးအပိုင်းက ကမ္ဘာအနှံ့မှာရှိတဲ့ ပင်ရင်းဘဏ်တွေအားလုံးက တစ်ပြိုင်တည်းမှာတင် အကြီးစားငွေထုတ်ယူမှုအကြောင်းကြားစာတွေကို လက်ခံရရှိခဲ့ကြတယ်လေ"
"အဲ့ဒါက ဘာအဓိပ္ပာယ်လဲ"
ကျန်းမုန့်လောင်က ပိုလာဒီ၏စကားများကို နားမလည်သေးဟန်ပင်။
"ရက်သတ္တပတ်အနည်းငယ်အတွင်းမှာတင် ကမ္ဘာအနှံ့မှာရှိတဲ့ဘဏ်တွေရော နိုင်ငံတကာဘဏ်တွေတောင်မှ ငွေသားစီးဆင်းမှု ပြတ်တောက်လုနီးပါးဖြစ်သွားခဲ့တယ်"
ပိုလာဒီက မျက်ဝန်းထဲတွင် အားကျလေးစားမှုများ တဖွားဖွားပေါ်ပေါက်နေလျက် ပြောလိုက်ချေသည်။
"အဲ့ဒီနှစ်တုန်းက စုစုပေါင်းကမ္ဘာ့GDPက အမေရိကန်ဒေါ်လာငါးထရီလီယံလောက်ပဲ ရှိခဲ့ပြီး အဲ့ဒီကာလအတွင်းမှာ ကမ္ဘာ့ဘဏ်တွေအနေနဲ့ အမေရိကန်ဒေါ်လာတစ်ဆယ်ထရီလီယံ လျော့သွားခဲ့တယ်ဆိုတာ မင်းသိလား"
"ဒါက ကျွန်တော့်အဘိုးရဲ့ လက်ချက်ပဲလား"
ထိုပမာဏသည် ယနေ့အချိန်ထိတိုင် အံ့သြမှင်တက်စရာကောင်းနေဆဲပင်။
"မစ္စတာကျန်း.. မင်းကတော့ မင်းမိသားစုရဲ့ချမ်းသာကြွယ်ဝမှုကို ကျုပ်ထက် ပိုသိမှာပါ"
ပိုလာဒီက တိုက်ရိုက်ထုတ်မပြောသော်လည်း ဤအဆိုပြုချက်ကို သူအသိအမှတ်ပြုသည့်အချက်မှာ ရှင်းနေချေသည်။
"အဲ့ဒီဘဏ်တွေအားလုံး ဒေဝါလီခံသွားခဲ့တဲ့အချိန်ကစပြီး ကမ္ဘာ့စီးပွားရေးလည်း ချက်ချင်းပြိုလဲသွားခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာပဲ လိပ်ပြာတောင်ပံခတ်သံအကျိုးသက်ရောက်မှုတွေလည်း ဖြစ်ပေါ်လာခဲ့တာပေါ့"
"လောင်ကျန်း..မင်းအဘိုးကတော့ တကယ့်ကို အထင်ကြီးချင်စရာကောင်းတာပဲကွာ"
ဝမ်လင်က သူ့ဘေးမှာရပ်ပြီး ကြက်သေသေသွားလေသည်။ နာမည်ကြီးနိုင်ငံတကာတက္ကသိုလ်တစ်ခုတွင် ဘဏ္ဍာရေးမေဂျာဖြင့် မဟာဘွဲ့ရထားသူ'ဝမ်လင်'ဟာ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းအကြောင်းကို ကောင်းစွာနားလည်ထားသူတစ်ယောက်ပင်။ သို့သော် ကျန်းမုန့်လောင်တို့မိသားစုက ဤဖြစ်ရပ်၏နောက်ကွယ်မှာ ပါဝင်ပတ်သက်ခဲ့ကြောင်းကိုတော့ သူ လုံးဝထင်မထားမိခဲ့ပေ။
"ငါ့အဘိုးက ဒီလောက်အထိ အထင်ကြီးစရာကောင်းမှန်း ငါ တကယ်မသိခဲ့ဘူး"
ကျန်းမုန့်လောင်၏ မျက်နှာအမူအရာမှာ ဝမ်လင်နှင့် တစ်ပုံစံတည်းပင်။ သူ့အဘိုးက ဤကိစ္စကို ကြိုးကိုင်ခဲ့သည့်အတွက် သူ့အနေနှင့် ဂုဏ်ယူဝင့်ကြွားလိုစိတ်လည်းမရှိသလို မောက်မာခြင်းလည်း အလျဉ်းမရှိခဲ့ချေ။ သို့သော် ထိုကိစ္စကြောင့် ယခုအထိ ထိတ်လန့်တုန်လှုပ်နေရဆဲသာ။
"မစ္စတာကျန်း...ဒီစီးပွားရေးအကျပ်အတည်းက ဘယ်လောက်အထိကြာမြင့်ခဲ့လဲဆိုတာ သိလား"
"ဆယ်စုနှစ်တစ်ခုစာလောက် ကြာခဲ့တယ်လို့ထင်တာပဲ"
ကျန်းမုန့်လောင်က သူ့မှတ်ဉာဏ်ကို အားကိုးပြီး ပြောလိုက်သည်။
"အကျပ်အတည်း ပြီးဆုံးသွားတဲ့နှစ်မှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာရော သိလား"
"ဒါက... ကျွန်တော်က စာသိပ်မဖတ်ဘူးလေ။ ဒီတော့ ခင်ဗျားတို့ပဲ ပြောပြကြပေါ့"
ကျန်းမုန့်လောင်က သမိုင်းဘာသာ အလွတ်ကျက်မှတ်ရခြင်းကို မုန်းသည်။ အထက်တန်းကျောင်းသားဘဝတုန်းက သမိုင်းစာမေးပွဲမှာ ၂၁မှတ်နှင့် စာမေးပွဲကျခဲ့ဖူးသူတစ်ယောက်အနေနှင့် အင်ဂျင်နီယာပညာရပ်ဆီသို့ လမ်းကြောင်းပြောင်း၍ ရွေးချယ်သွားခဲ့ခြင်းမှာ အံ့သြစရာမရှိပေ။
"ကျွန်တော်သိတယ်"
ဝမ်လင်က ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကို အမှတ်ရလိုက်သည်။
"ကျွန်တော်မှတ်မိပြီ။ အဲ့ဒီနှစ်တုန်းက ပျောက်ဆုံးနေတဲ့ ယဉ်ကျေးမှုအမွေအနှစ်တော်တော်များများက အနောက်မြောက်နယ်စပ်မှာ ပေါ်ပေါက်လာခဲ့တယ်။ ပြီးတော့ အကုန်လုံးကို အနီရောင်ပိုးထည်တွေနဲ့ ထုပ်ပိုးထားတာတဲ့။ ကမ်းရိုးတန်းဒေသတွေမှာလည်း ပျောက်ဆုံးနေတဲ့ ပစ္စည်းပေါင်းများစွာကိုသယ်လာတဲ့ သင်္ဘောတွေအများကြီးပေါ်လာခဲ့တယ်"
"ထင်ထားတဲ့အတိုင်း မစ္စတာကျန်းရဲ့သူငယ်ချင်း ပီသပါပေတယ်။ မစ္စတာဝမ်က သမိုင်းအကြောင်း တော်တော်နားလည်တာပဲ"
ပိုလာဒီက အသိအမှတ်ပြုဟန်အမူအရာနှင့် ပြောလိုက်သည်။ ကျန်းမုန့်လောင်၏အဘိုးနှင့် ခဏတာမျှတွေ့ဆုံဖူးခြင်းမရှိပါက သူကိုယ်တိုင်လည်း ဤကိစ္စများကို သိခဲ့မှာမဟုတ်သလို ဤဖြစ်ရပ်နှစ်ခုကိုလည်း ဆက်စပ်မိခဲ့မည်မဟုတ်။
"ထိပ်တန်းကျောင်းသားပဲ"
ကျန်းမုန့်လောင်က ဝမ်လင်ကို လက်မထောင်ပြလိုက်သည်။
"လူမသိသူမသိပဲထားပါ"
ဝမ်လင်က ရယ်လိုက်ချေသည်။
"ဒါဆို မုန့်လောင်ရဲ့အဘိုးက စီးပွားရေးအကျပ်အတည်းကို ဒီလိုအဆုံးသတ်ပေးခဲ့တာလား"
"ကျုပ်နားလည်ထားသလောက်ဆိုရင်တော့ အမှန်ပဲ"
ပိုလာဒီက ဆိုလေသည်။
"အဲ့ဒီနောက်ပိုင်းမှာတော့ ငွေအရင်းအနှီးတော်တော်များများက ဘဏ်တွေထဲကို ပြန်စီးဆင်းလာခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွန်ရက်တွေလည်း အခြေအနေပြန်ကောင်းမွန်လာခဲ့တယ်လေ။ အချိန်အကြာကြီးပြန်လည်ထူထောင်ရေးတွေလုပ်ပြီးတဲ့နောက်မှာတော့ ကမ္ဘာ့စီးပွားရေးကလည်း တဖြည်းဖြည်းနာလန်ပြန်ထူလာနိုင်ခဲ့တာပေါ့"
"ကျွန်တော့်အဘိုးကို ခင်ဗျားက ဘယ်လိုလုပ်သိတာလဲ"
ကျန်းမုန့်လောင်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
"အဲဒီနှစ်တုန်းက ကျုပ်က Wall Streetရဲ့ဘဏ္ဍာရေးဈေးကွက်ထဲမှာ အသက်မွေးဝမ်းကြောင်းစတင်နေတုန်းပဲရှိသေးတာလေ။ အမှားတစ်ခုကြောင့်နဲ့ ရန်ပုံငွေတွေအားလုံးဆုံးရှုံးသွားရပါလေရော"
ပိုလာဒီက ပြောလာလေသည်။
"ကျုပ်ကို အကြွေးရှင်တစ်သိုက်က လိုက်ဖမ်းနေခဲ့တဲ့အချိန်မှာပဲ မင်းရဲ့အဘိုးနဲ့ သူ့အစေခံကို တွေ့ခဲ့ရတာပဲ"
"အဲဒီနောက် ဘာဆက်ဖြစ်သွားလဲ"
"မင်းအဘိုးက Wall Streetနဲ့ အကျွမ်းတဝင်ရှိတဲ့လူတစ်ယောက်ကို လိုအပ်နေတယ်လို့ ပြောပြခဲ့တယ်။ အဲ့ဒီမှာ သူက ကျုပ်ကို သဘောကျသွားပြီး ကျုပ်ရဲ့အကြွေးတွေကိုလည်း ဆပ်ပေးခဲ့တယ်။ နောက်တော့ Wall Streetမှာရှိတဲ့ ငွေကြေးစင်တာကို ခေါ်သွားပေးဖို့နဲ့ သူ့ကို တစ်ခုလောက်ကူညီပေးဖို့ တောင်းဆိုခဲ့တယ်လေ"
"ခင်ဗျားကို သဘောကျသွားခဲ့တာလား"
"ဟုတ်တယ်"
ပိုလာဒီက ခါးသက်သက်ပြုံးရင်း ပြောလာသည်။ အစတုန်းကမူ ကျန်းမုန့်လောင်၏အဘိုးဖြစ်သူကျန်းမိုက သူ့ကိုရွေးချယ်ခဲ့သည်မှာ သူ့တွင် အထူးအရည်အချင်းတစ်ခုခုရှိနေခြင်းဖြစ်ရမည်ဟု သူထင်ခဲ့သော်လည်း နောက်ပိုင်း သူမေးကြည့်လိုက်ချိန်မှာတော့ ဤအဖြေကိုသာ ရခဲ့သည်။
"သူက အဲဒီမှာ ဘာလုပ်ခဲ့တာလဲ"
"သုံးရက်အတွင်းမှာတင် Wall Streetငွေကြေးဈေးကွက်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်တယ်လေ။ ကျုပ်က ဒီမှာရှိတဲ့ နေ့စဉ်လဲလှယ်မှုအမြင့်ဆုံးစီမံကိန်းတွေအကြောင်း သိထားတာမို့ ကျုပ်ရဲ့တာဝန်က သူ့အတွက် သင့်တော်တဲ့ငွေကြေးဝင်ပေါက်ဝင်လမ်းတွေကို ရှာပေးဖို့ပဲ။ ဒါပေမဲ့ အဲဒီတုန်းက ကျုပ် ဟွာရှားဘာသာစကားကို နားမလည်ခဲ့ပေမဲ့ သူ့လက်အောက်ငယ်သားတွေကို သူ အမိန့်တစ်ခုပေးလိုက်တိုင်း ဈေးကွက်စီမံကိန်းတစ်ခုက ပြိုလဲသွားရတာကိုတော့ သတိထားမိခဲ့တယ်"
"ရက်အနည်းငယ်အကြာမှာတော့ Wall Streetတစ်ခုလုံးကို သူ လုံးဝထိန်းချုပ်လိုက်နိုင်တယ်။ သူက ဘယ်ငွေကြေးကိုမဆို တန်ဖိုးကျအောင်ရော တက်အောင်ရော အလွယ်လေးလုပ်နိုင်တယ်။ တရားဝင်အင်အားစုတွေတောင်မှ သူ့ကို မယှဉ်နိုင်ခဲ့ဘူးလေ။ ဒါက ဈေးကွက်ရဲ့အစွမ်းပဲပေါ့"
......