သရုပ်မဆောင်နိုင်ရင် ထွက်သွားလိုက်
Vol. 7 Ch. 100
"နောက်ဆုံးတော့ နားအေးပါးအေးဖြစ်သွားပြီ"
"ဟုတ်တယ်နော်။ ငါတို့က ထမင်းတစ်နပ်စားဖို့ ဒီကိုလာခဲ့တာကို။ ကျန်းနန်မြို့သတင်းထူးထဲမှာ ပါသွားခဲ့ရတာပဲ"
ဝမ်လင်ကလည်း ကျန်းမုန့်လောင်နှင့် သဘောထားချင်းတိုက်ဆိုင်လေသည်။
ပိုလာဒီထွက်သွားပြီးနောက်မှာ သတင်းထောက်များနှင့် မီဒီယာများကတော့ ထွက်သွားမည့်ပုံမပေါ်ဘဲ တိုက်ရိုက်ထုတ်လွှင့်မှုကို ကျန်းမုန့်လောင်နှင့် ဝမ်လင်ကို အသားပေးရိုက်ကူးနေကြလေရာ ကင်မရာများက သူတို့မျက်နှာထဲသို့ ဝင်တော့မတတ်ပင်။
ဤနှောင့်ယှက်မှုကို မခံနိုင်တော့သည့်အဆုံး ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့လည်း သီးသန့်ခန်းတစ်ခုထဲသို့ ပြောင်းသွားလိုက်မှသာ သတင်းထောက်များ ဝိုင်းထားသည့်ရန်မှ လွတ်မြောက်သွားခဲ့သည်။
"လုပ်စမ်းပါ။ ဘော့စ်အတွက် လက်ဖက်ရည်ငှဲ့ပေးပါဦး"
ဝမ်လင်က ငေါ့တော့တော့ဖြင့် ကျန်းမုန့်လောင်၏ခွက်ထဲသို့ သောက်စရာထည့်ပေးလိုက်သည်။
"အခုကစပြီး ငါ ဘော့စ်ကိုခစားပြီပဲ"
ကျန်းမုန့်လောင်၏မိသားစုနောက်ခံက ဖြုံချင်စရာကောင်းလောက်မည်ဖြစ်ကြောင်း ဝမ်လင်ခန့်မှန်းမိထားသော်ငြား ယခုမူ ကျန်းမုန့်လောင်ကို သူလျှော့တွက်မိသွားကြောင်း သဘောပေါက်လိုက်လေပြီ။ သူပုံဖော်ထားခဲ့သော ကျန်းမုန့်လောင်၏ချမ်းသာကြွယ်ဝမှုက နှမ်းစေ့တစ်စေ့ဖြစ်ခဲ့ပါက တကယ်တမ်းတွင်မူ ထိုအရာမှာ ဖရဲသီးတစ်လုံးဖြစ်နေနိုင်သည်သာ။
ပိုလာဒီပြောသမျှစကားတိုင်းက မယုံကြည်နိုင်စရာကောင်းနေသော်လည်း ဝမ်လင်၏အလိုလိုသိစိတ်ကမူ ဤအကြောင်းအရာအများစုက အမှန်ဖြစ်နိုင်သည်ဟု သူ့ကို ပြောနေချေသည်။
"ဟန်ဆောင်မနေနဲ့တော့။ မင်းက ဘယ်သူ့ကို လာလှည့်စားနေတာလဲ။ ကျောက်စိမ်းဧကရာဇ်ဖြစ်နေရင်တောင် မင်းက ဒီလောက်အထိရိုသေမှာမဟုတ်ဘူး"
ကျန်းမုန့်လောင်က ရယ်ကာမောကာဖြင့် ဆဲလိုက်သည်။
"ဟားဟားဟား.. မင်းက ငါ့အကြောင်း အရမ်းသိတာပဲ"
ဝမ်လင်က သူ့နေရာသူ ပြန်ထိုင်လိုက်သည်။
"ဒါပေမဲ့ ဒီနေ့တော့ ငါ တကယ်ကို မျက်စိပွင့်နားပွင့်သွားပြီ။ ပိုလာဒီပြောတဲ့အတိုင်းဆိုရင် မင်းတို့ကျန်းမိသားစုအကြောင်း အတ္ထုပ္ပတ္တိတစ်ပုဒ်တောင် ရေးလို့ရပြီ။ မကြာခင်ရက်ပိုင်းအတွင်းမှာ စီးပွားရေးပညာရှင်တွေနဲ့ သမိုင်းပညာရှင်တွေက မင်းကို စပြီးတိုက်ခိုက်လာကြလိမ့်မယ်ဆိုတာ ငါလောင်းရဲတယ်"
ယနေ့ဆွေးနွေးခဲ့သည့် အဖြစ်အပျက်များက အချိန်ကာလကြာမြင့်ခဲ့ပြီဆိုသော်ငြား အမှန်တရားများသာဖြစ်နေခဲ့လျှင် ထိုပညာရှင်များကမူ ဤအချက်ကို ဘယ်သောအခါမှ အသိအမှတ်ပြုကြမည်မဟုတ်ပေ။ အထူးသဖြင့် ဤစီးပွားရေးအကျပ်အတည်းကို ခံစားခဲ့ရသောနိုင်ငံများရှိ ပညာရှင်များပင်။
သူတို့သာ အသိအမှတ်ပြုလိုက်ပါက သူတို့၏ စွမ်းဆောင်ရည်ညံ့ဖျင်းမှုကို ဝန်ခံရာရောက်သွားပြီး ဟွာရှား၏ ခိုင်မာလှသော စီးပွားရေးအင်အားကို အသိအမှတ်ပြုရာရောက်သွားမည်မဟုတ်လား။
ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံရှိ သာမန်လူတစ်ယောက်က ကမ္ဘာ့စီးပွားရေးကို ပြောင်းပြန်လှန်ပစ်လိုက်သည်ဟူသော အကြောင်းအရာသည် သဘာဝမကျရုံသာမက သူတို့အားလုံးက အသုံးမကျသူများဟု ဝန်ခံရာလည်း ရောက်သွားမည်သာ။
ထိုအချိန်ရောက်လာလျှင် သူတို့က ထိုစီးပွားရေးအကျပ်အတည်းမှာ ကျန်းမုန့်လောင်၏အဘိုးနှင့် ဘာမှမသက်ဆိုင်ကြောင်း သက်သေအထောက်အထားများနှင့် ပစ်ပေါက်လာနိုင်ပြီး ကျန်းမုန့်လောင်ကိုပင် သွားပုပ်လေလွင့်စွပ်စွဲဖို့အတွက် လုပ်ဇာတ်ခင်းလာနိုင်သည်။ ပိုလာဒီကိုယ်တိုင်ပင် ဤပဋိပက္ခများထဲမှာ ထိခိုက်နစ်နာသွားနိုင်လေသည်။
"ငါက နစ်နာသွားမဲ့ပုံပေါက်နေလို့လား"
ကျန်းမုန့်လောင် ပြုံးလိုက်လေသည်။
"သူတို့ တကယ်ပဲ အဲ့ဒီလောက်အထိကျေးဇူးမသိတတ်ရင်လည်း ငါ့အဘိုးရဲ့ခြေရာကိုလိုက်နင်းပြီး သူတို့ကို ကိုယ်ဖော်တဲ့ဆေး ကိုယ်ပြန်မြည်းခိုင်းကြည့်ရမှာပဲ"
ကျန်းမုန့်လောင်အနေနှင့် သူ့မိသားစု၏စွမ်းအားက မည်မျှအတိုင်းအတာရှိသလဲဆိုသည်ကို သေချာနားမလည်သော်ငြား နောက်ထပ်ကမ္ဘာ့ငွေကြေးအကျပ်အတည်းတစ်ခု ဖန်တီးရန်မှာ သူ့မိသားစုအတွက်မူ သိပ်မခက်ခဲကြောင်း သူ သေချာပေါက်သိသည်။
"သေစမ်း..ငါတော့ သူတို့အစား ချွေးပြန်နေပြီ"
ဝမ်လင်က ပြောလိုက်သည်။
"မင်း တကယ်လုပ်မယ်ဆိုရင်လည်း ငါ့ကို အသိပေးဖို့ မမေ့နဲ့နော်။ ငါက အကြွေးစာချုပ်တွေ ရန်ပုံငွေတွေနဲ့ စတော့ရှယ်ယာတွေအများကြီး ရင်းနှီးမြှုပ်နှံထားတာ။ ငါသာ အဲ့ဒါတွေဆုံးရှုံးလိုက်ရရင် မင်းကိုပါ ဆွဲချသွားမှာ"
"အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့တော့။ အလုပ်အကြောင်း ပြောကြရအောင်"
ကျန်းမုန့်လောင်က ထိုသို့ပြောလိုက်သည်။ ဝမ်လင်သာ ဆက်ပြောနေပါက မကြာခင်မှာပင် မိုးချုပ်သွားပေတော့မည်။ ညပိုင်းတွင် သူ လုရီယောင်နှင့်အတူ ဂိမ်းဆော့ဖို့ စီစဉ်ထားသည်။
"ကောင်းပြီလေ။ ငါ့အစီအစဉ်တွေကို ပြောပြမယ်"
ဝမ်လင်က သူ့နည်းသူ့ဟန်ဖြင့် စနစ်တကျလုပ်ဆောင်တတ်သူတစ်ယောက်ပင်။ သူက တက်ဘလက်တစ်လုံးကို ထုတ်လိုက်ပြီးနောက် သူပြင်ဆင်ထားသော ရိုက်ကူးရေးအစီအစဉ်မူကြမ်းကို ပြသလာလေသည်။
"အခုဆိုရင် သရုပ်ဆောင်တွေရဲ့လုပ်အားခက စုစုပေါင်းရင်းနှီးမြှုပ်နှံငွေရဲ့ လေးဆယ်ရာခိုင်နှုန်းထက် မပိုရဘူးဆိုတဲ့ စည်းမျဉ်းရှိထားတဲ့အတွက် ငါတို့မှာ သရုပ်ဆောင်ရွေးချယ်ဖို့အတွက် ရန်ပုံငွေသန်းလေးရာရှိတယ်။ ဒါကြောင့် ရွေးချယ်စရာတွေလည်း အများကြီးရှိတယ်ပေါ့ကွာ။ ဒါက ငါရွေးထားတဲ့ သရုပ်ဆောင်စာရင်းပဲ။ မင်း ဘယ်လိုထင်လဲ"
"မင်း ရုပ်ရှင်ရိုက်မယ်ဆိုတာ သေချာရဲ့လား။ အရည်အချင်းပြပွဲလုပ်မလို့များလား"
ကျန်းမုန့်လောင်က စာရင်းထဲရှိ နာမည်များကိုကြည့်ပြီး ချက်ချင်း မျက်မှောင်ကြုတ်လိုက်မိသည်။
လစာအတွက် ဘတ်ဂျက်အပြည့်အဝရှိနေလေရာ ဝမ်လင်သည် ကုန်ကျစရိတ်ကို ထည့်မတွက်ဘဲ လက်ရှိမှာ ရေပန်းစားနေသော ထိပ်တန်းအနုပညာရှင်များကို ရွေးချယ်ထားသည်။
"ဒီနေ့ခေတ်မှာ ပရိသတ်အင်အားတောင့်တင်းမှုက အဓိကပဲကွ။ ဒီလူတွေသာပါလာရင် ရုံတင်ရောင်းအားမြင့်ဖို့လည်း အာမခံချက်ရှိတယ်"
"ဒီလူတွေသာပါလာရင် ဒီရုပ်ရှင်က ဝေဖန်ရေးသမားတွေရဲ့ အိပ်မက်ဆိုးဖြစ်သွားမှာပဲ"
ကျန်းမုန့်လောင်က တဲ့တိုးသာပြောချလိုက်သည်။
"ဒီစာရင်းကို ကြည့်လိုက်။ ဒီထဲက ဘယ်နှယောက်လောက်က တကယ်သရုပ်ဆောင်နိုင်မှာတဲ့လဲ"
"အဆို၊ အက၊ ရက်ပ်၊ ဘတ်စကတ်ဘောတဲ့လား။ မင်းက ဒါကို အရည်အချင်းပြပွဲလို့များ ထင်နေတာလား။ ဒါမှမဟုတ် တီဗီဇာတ်လမ်းတွဲတစ်ခုလို့များ ထင်နေတာလား။ ဒါက ကျောရိုးအခိုင်အမာရှိတဲ့ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ဖြစ်ရမှာလေ။ ငါတို့လိုအပ်တာက ကျွမ်းကျင်မှုရှိတဲ့ သရုပ်ဆောင်တွေနော်။ ဒီလူတွေမဟုတ်ဘူး။ မင်းသာ သူတို့ကိုခေါ်လာရင် ဒီရုပ်ရှင်တော့ပျက်စီးမှာပဲ"
ကျန်းမုန့်လောင်က ရိုးရိုးသားသားဖြင့် ဆက်ပြောလိုက်သည်။
သူ့အနေနှင့် ဤကိစ္စကို အလွန်အလေးထားသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုစာလောက်တုန်းက "ရှုတောင်တန်းအမွေအနှစ်"ဟူသော ရုပ်ရှင်သည် ဟွာရှား၏ယဉ်ကျေးမှုကို ဖွဲ့ဆိုထားသောရုပ်ရှင်တစ်ခုဖြစ်လာစေရန် ရည်မှန်းထားခဲ့ကြသော်လည်း ထိုအစား ပုံစံပြောင်းလဲသွားခဲ့ရသည်။ အိုင်ဒေါလ်အနုပညာရှင်များက ငွေအမြောက်အများ ရှာနိုင်ခဲ့သော်လည်း ဝါရင့်သရုပ်ဆောင်ကြီးများကမူ လျစ်လျူရှုခံခဲ့ရသည်။
ဟွာရှားတွင် ရုပ်ရှင်ကောင်းများ မရှိခြင်းမှာ ထိုအချက်က အကြီးမားဆုံးသော အကြောင်းပြချက်ဖြစ်၏။
"မင်းက အရမ်းစိတ်ကူးယဉ်ဆန်လိမ့်မယ်လို့ ငါထင်မထားဘူး"
ဝမ်လင်က ရယ်မောလိုက်ချေသည်။
"ငါက သေချာဂရုတစိုက်တွေးတောနေတာလေ"
ကျန်းမုန့်လောင်က ခုခံပြောဆိုလိုက်၏။
"ဒါနဲ့ ငါ့အမြင်မှာတော့ ကျော်ကြားမှုဆိုတာက အရေးမပါဘူး။ သရုပ်ဆောင်စွမ်းရည်နဲ့ အတွေ့အကြုံကသာ အရေးအကြီးဆုံးပဲ"
"ဒါဆို မင်း ဘယ်လိုလုပ်ဖို့စီစဉ်ထားလဲ။ ငါ အဓိကဇာတ်ဆောင်ဝမ်မြောင်ရဲ့နေရာကို ဝမ်ကျီးဟန်အဖြစ် ဆုံးဖြတ်ထားပြီးပြီ။ ကြေးလည်းသတ်မှတ်ပြီးသွားပြီ"
"မင်း ဘယ်လောက်ပြင်ဆင်ထားတာလဲ"
ကျန်းမုန့်လောင် မေးကြည့်လိုက်သည်။ ဤမျိုးဆက်ထဲရှိ ထိပ်တန်းလူသစ်သုံးယောက်ထဲက တစ်ယောက်ဖြစ်သော ဝမ်ကျီးဟန်ကို သူသိသည်။ ထိုလူသည် အမျိုးသားအဖွဲ့တစ်ခုတွင် ပွဲဦးထွက်ခဲ့ပြီး ယခုမူ ရုပ်ရှင်လောကနှင့် ရုပ်မြင်သံကြားလောကသို့ ကူးပြောင်းလာနေပြီဖြစ်၏။
သူ့လုပ်ဆောင်ချက်ကိုလည်း ကျန်းမုန့်လောင် ကြည့်ပြီးလေပြီ။ ထိုအရာမှာ ပြောပြ၍ပင်မတတ်သာဟု ဆိုရပေလိမ့်မည်။
"သန်းလေးဆယ်"
"သောက်ကျိုးနည်း သူနဲ့တန်လို့လား"
ကျန်းမုန့်လောင် ပြောလိုက်လေသည်။
"သူက အလွန်ဆုံးရှိလှ ဇာတ်ပို့နေရာလောက်နဲ့ပဲ လိုက်ဖက်တာ။ သူ့ကို ထရီဆိုလာရန်နေရာမှာ သရုပ်ဆောင်ခိုင်းရင်ရော ဘယ်လိုသဘောရလဲ"
"ဟားဟားဟား မင်းက တစ်ခုခုတော့တစ်ခုခုပဲ"
ဝမ်လင်ခမျာ ရုတ်ခြည်းဆွံ့အသွားရသည်။
"သူနဲ့အချိန်ညှိရတာ ဘယ်လောက်ခက်ခဲလဲဆိုတာသိလား။ ငါ့မှာ သူ့ကို ငါတို့အဖွဲ့ထဲရောက်လာအောင် မနည်းကြိုးစားထားရတာ။ ရုပ်ရှင်စာချုပ်တောင် ချုပ်ပြီးသွားပြီ။ ငါတို့သာ စာချုပ်ကိုဖောက်ဖျက်လိုက်ရင် လျော်ကြေးငွေက ဆယ်သန်းတောင်ပေးရမှာ"
"ဒါဆိုလည်း ပေးလိုက်ပေါ့"
ကျန်းမုန့်လောင်ကလည်း ခမ်းနားထည်ဝါစွာ ဆိုလိုက်လေသည်။
"ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်သွားအောင်လုပ်လို့မဖြစ်ဘူး။ အဲ့ဒီနေရာမှာ တကယ့်ဝါရင့်သရုပ်ဆောင်တစ်ယောက်ဆိုရင် ငါ သန်းတစ်ရာတောင်ပေးနိုင်တယ်။ သရုပ်မဆောင်တတ်တဲ့လူတွေကို သရုပ်ဆောင်လို့တောင် မခေါ်ထိုက်ဘူး။ သူတို့က ဒီအတိုင်း ဖျော်ဖြေရေးသမားသက်သက်ပဲ။ လေးသိန်းလောက်ဆိုရင်တောင် များလှပြီ"
"လေးသိန်းတဲ့လား။ မင်း တကယ်ကြီး ဒီလိုပြောလိုက်တာပေါ့။ သူက တီဗီစီးရီးတစ်ပိုင်းစာလောက်လေးနဲ့တောင် ဒီထက်ပိုရတယ်ကွ"
"သရုပ်ဆောင်ချင်ရင်လည်း သရုပ်ဆောင်ပေါ့။ အဲ့လိုမှမဟုတ်ရင်လည်း လစ်လိုက်။ သူ့ကို ထရီဆိုလာရန်နေရာမှာပဲ ထားလိုက်။ သူ ပြကွက်အပိုသရုပ်ဆောင်ချင်သေးရင်တောင် ငါ စဉ်းစားရဦးမယ်"
"ကောင်းပြီလေ။ မင်းက ဘော့စ်ဆိုတော့ မင်းမှာပဲ အာဏာရှိပါတယ်။ ဒါဆို သရုပ်ဆောင်တွေနဲ့ပတ်သက်ပြီး..."
"ငါ့မှာ အကြံတစ်ခုရှိတယ်"
ကျန်းမုန့်လောင်က ဝမ်လင်၏တက်ဘလက်ကို ဆွဲလုလိုက်ပြီး အဓိကဇာတ်ဆောင်များ၏ နာမည်များနှင့် ထိုဇာတ်ကောင်နှင့်လိုက်ဖက်ညီသော သရုပ်ဆောင်များကို ချရေးနေလေတော့သည်။
"သူတို့တွေလား"
ဝမ်လင်ခမျာ မည်သို့စပြောရမလဲဆိုသည်ကိုပင် မသိတော့ချေ။
"လောင်ကျန်း.. သူတို့တွေက ရှားပါးတဲ့သရုပ်ဆောင်ကောင်းတွေဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ တော်တော်များများက အခု အနုပညာလုပ်ငန်းမလုပ်ကြတော့ဘူး။ တချို့ဆိုရင် ဂိမ်းကြော်ငြာတွေပဲ လုပ်နိုင်တော့တဲ့အဆင့်အထိ ကျဆင်းကုန်ပြီ။ သူတို့ရဲ့အခကြေးငွေကလည်း အခုဆိုရင် တော်တော်ဈေးပေါနေပြီ။ မင်းက ငါတို့ရိုက်ကူးရေးအဖွဲ့အတွက် ငွေချွေတာပေးချင်နေတာလား ဟမ်"
"ဘယ်သူက ငွေချွေတာမဲ့အကြောင်း ပြောမိလို့လဲ"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"ငါ ဒီမှာစာရင်းပြုစုထားတဲ့လူတွေရဲ့အခကြေးငွေက သန်းနှစ်ဆယ်ထက် မနည်းဘူးကွ"
"သောက်ကျိုးနည်း"
ဝမ်လင်က ရေတွက်ကြည့်လိုက်သည်။ စာရင်းထဲတွင် လူအယောက်တစ်ဒါဇင်ကျော် ရှိနေလေရာ သူတို့၏ငှားရမ်းကြေးကတင် သန်းနှစ်ရာကျော်သွားပေလိမ့်မည်။
"သောက်ကျိုးနည်းပဲ။ သူတို့တွေက အရင်တုန်းကလို နာမည်မကြီးတော့ပေမဲ့ သူတို့ရဲ့သရုပ်ဆောင်စွမ်းရည်က ဒီငှားရမ်းကြေးနဲ့တော့ တန်တယ်"
ကျန်းမုန့်လောင်က ပြောလိုက်ချေသည်။
"ဒီနေ့ကစပြီး ငါက ဖျော်ဖြေရေးလောကရဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မရှင်ဖြစ်လာတော့မှာ"
"ကိုယ့်လူရေ.. မင်းက ကိစ္စတွေကို မွှေနှောက်ပစ်တော့မှာပေါ့"
ဝမ်လင်က ပြောလိုက်လေသည်။
"ဒီလိုသာဆိုရင် မင်း လူစိတ်ဝင်စားအောင် လုပ်နိုင်မှာမဟုတ်ဘူး"
"ငါ အဲ့ဒါနဲ့ပတ်သက်ပြီး တွေးကြည့်ပြီးပြီ"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"Carnot SFXအသင်းကို မင်းသိလား"
"ကမ္ဘာ့အံ့ဖွယ်အကောင်းဆုံးSFXအသင်းကိုပြောတာလား"
ဝမ်လင်က ထိုသို့မေးလိုက်သည်။
ဤSFXအသင်းကလည်း ဒဏ္ဍာရီဆန်လှပေသည်။ သူတို့၏အဖွဲ့ဝင်များမှာ ကမ္ဘာအနှံ့မှလာကြသူများဖြစ်ပြီး တစ်ယောက်ချင်းစီကလည်း တစ်မျိုးစီထူးချွန်ကြသည်။ သူတို့ထုတ်လုပ်သမျှလက်ရာတိုင်းသည် ဂန္ဒဝင်လက်ရာများဖြစ်၏။ သို့သော် သူတို့သည် ရုပ်ရှင်စာချုပ်များနှင့်ပတ်သက်လာလျှင် တောင်းဆိုချက်အလွန်မြင့်မားလှသည်ဖြစ်ရာ သူတို့ စတင်တည်ထောင်စဉ်ကတည်းက ပရောဂျက်သုံးခုသာ လက်ခံထားခဲ့ဖူးသည်။
သို့သော် ထိုပရောဂျက်သုံးခုထဲရှိ အဆိုးဝါးဆုံးတင်ဆက်မှုကပင် အမေရိကန်ဒေါ်လာငါးဘီလီယံရရှိခဲ့သည်။
"မင်း သူတို့ကိုဖိတ်ထားတာလား"
ဝမ်လင်က ဆိုလိုက်၏။
"ဖိတ်ထားတာမဟုတ်ဘူး"
ကျန်းမုန့်လောင်က ခေါင်းခါယမ်းပြလိုက်ပေသည်။
"တစ်ဖွဲ့လုံးကို ငါဝယ်ပစ်လိုက်တာ"
......