ရုပ်ရှင်စတားတစ်ယောက်က အရန်ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ချင်တယ်တဲ့
Vol. 7 Ch. 102
"ဘာ? ဒီတစ်ခေါက်သုံးမဲ့ အထူးeffectအဖွဲ့က ကာနော့effectအဖွဲ့တဲ့လား"
ဝမ်ကျီးဟန်ခမျာ ထိုသတင်းကိုကြားလိုက်ရပြီးနောက် တုန်လှုပ်သွားရပြီး စိတ်နှင့်ကိုယ်မကပ်တော့ပေ။
သူ့သရုပ်ဆောင်စွမ်းရည်က ညံ့ဖျင်းသော်လည်း သရုပ်ဆောင်တစ်ယောက်အနေနှင့် ကာနော့Effectအဖွဲ့ကို မသိသူဟူ၍မရှိပေ။ အနည်းငယ်ချဲ့ကားပြောရလျှင် ဤအဖွဲ့သည် နတ်ဘုရားကိုယ်တိုင်ဖန်တီးထားသည့် အထူးeffectအဖွဲ့တစ်ခုပင်။
ဤအဖွဲ့သာ ပါဝင်လာပါက ရုံတင်ငွေအမေရိကန်ဒေါ်လာသုံးဘီလီယံရရန်အတွက်ပင် အာမခံနိုင်သည်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ဝမ်ကျီးဟန်၏ တုန်ယင်နေသော နှုတ်ခမ်းများမှာ သူ ယခု ဘယ်လောက်နောင်တရနေကြောင်း ထင်ဟပ်နေချေသည်။ အကယ်၍ သူသာ အစကတည်းက အခကြေးငွေလျှော့တောင်းခဲ့လျှင် ဝမ်လင်ကလည်း သူတို့နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို ဖျက်သိမ်းခဲ့မည်မဟုတ်သလို သူသည်လည်း ဤပရောဂျက်ဖြင့် အသက်အငယ်ဆုံးအကောင်းဆုံးသရုပ်ဆောင်ဆုကိုပင် ရရှိနိုင်ခြေရှိလာပေလိမ့်မည်။
"ကျီးဟန် ငါတို့အခုဘာလုပ်ကြမလဲ။ ငါတို့ကဖြင့် သူတို့နဲ့ပြဿနာတက်ပြီးသွားပြီ။ ဒါက..."
ဝမ်ကျီးဟန်၏ မန်နေဂျာက စိတ်ပျက်အားငယ်မှုကြောင့် မျက်နှာဖြူဖပ်ဖြူရော်ဖြစ်နေရှာသည်။ ကျန်းမုန့်လောင်အနေနှင့် ကာနော့Effectအဖွဲ့ကို ဆွဲဆောင်ပြီး ဝယ်ပစ်လိုက်နိုင်လိမ့်မည်ဟု သူတို့ လုံးဝထင်မထားချေ။
"မဖြစ်ဘူး။ ငါ ဒီအခွင့်အရေးကိုလက်လွှတ်ခံလို့မဖြစ်ဘူး"
ဝမ်ကျီးဟန်က ပြောလိုက်လေသည်။
"ငါတို့ အခုလေးတင်ထုတ်ပြန်လိုက်တဲ့ထုတ်ပြန်ချက်ကို ပြန်ရုပ်သိမ်းလိုက်။ နားလည်မှုလွဲတာပါလို့ပြောလိုက်။ ငါ ဥက္ကဋ္ဌဝမ်ကို တိုက်ရိုက်ဖုန်းဆက်လိုက်မယ်"
နာမည်ကြီးစတားတစ်ယောက်အဖို့တော့ လူကြိုက်များရေပန်းစားမှုမှာ အကန့်အသတ်ရှိသည်။ အကြောင်းမှာမူ ဖျော်ဖြေရေးလောကထဲရှိ ပြောင်းလဲမှုနှုန်းက အလွန်လျင်မြန်လှပြီး ပရိသတ်များ၏အကြိုက်ကလည်း အလွန်လျင်မြန်စွာ ပြောင်းလဲနေသောကြောင့်ပင်။ ထူးချွန်သော အောင်မြင်မှုများ မရှိထားပါက ဝမ်ကျီးဟန်ကိုယ်တိုင်ပင်လျှင် နှစ်အနည်းငယ်အတွင်း နာမည်ကျသွားမည့်အရေးကို မရှောင်ရှားနိုင်ပေ။
ဖျော်ဖြေရေးလောကထဲတွင် အမြဲတည်မြဲနေသူဟူ၍ ရှိပါလေသလား။ ရှိပေသည်။ သို့သော် ရုပ်ရည်နှင့် ပါရမီနှစ်ခုစလုံးရှိရန် လိုအပ်သည်။ အချို့က သရုပ်ဆောင်လောကမှ ပျောက်ကွယ်သွားပြီး နောက်ပိုင်းတွင် အင်တာနက်အသုံးပြုသူများထံမှ အမျိုးသားအိုင်ဒေါလ်များအဖြစ် သတ်မှတ်ခံနေရဆဲပင်။
နာမည်ကြီးသီချင်းအနည်းငယ်မှလွဲလျှင် ဝမ်ကျီးဟန်မှာ ထူးချွန်ပြောင်မြောက်သောလက်ရာများ မရှိချေ။ သူပါဝင်သရုပ်ဆောင်ထားသော တီဗီဇာတ်လမ်းတွဲများနှင့် ရုပ်ရှင်များကို သူ့ပရိသတ်များ၏ ထောက်ခံအားပေးမှုကြောင့်သာ ကြည့်ရှုနေကြခြင်းဖြစ်ပြီး သူ့အနေနှင့် ရုပ်ရှင်လောကထဲမှာ အထင်ကရလက်ရာတစ်ခု လိုအပ်နေလေသည်။
သူသာ "Three-Body"တွင် ဇာတ်ကောင်တစ်နေရာ ရလိုက်ပါက သူ့ပရိသတ်အင်အားတောင့်တင်းမှုနှင့် စတူဒီယို၏ လုပ်ဆောင်ချက်များကြောင့် ဖျော်ဖြေရေးလောကထဲတွင် သူ့အဆင့်အတန်းကို ကဏ္ဍသစ်တစ်ရပ်ဖွင့်လှစ်ကာ အဆင့်မြှင့်တင်နိုင်မည်ဟု သူယုံကြည်သည်။
ထိုသို့သော အခြေအနေမျိုးတွင် သိက္ခာထိန်းနေခြင်းကား အဓိပ္ပာယ်မရှိပေ။ အဓိကဇာတ်ကောင်နေရာတစ်ခုကို ရရှိဖို့သာ အရေးကြီးသည်။
အင်တာနက်အသုံးပြုသူများ၏ အနံ့ခံအာရုံနှင့် ကောလာဟလဖြန့်ဝေနိုင်စွမ်းမှာ အတန်ငယ်ကြောက်စရာကောင်းလှပေသည်။ ဝမ်ကျီးဟန်၏စတူဒီယိုဘက်က လွန်ခဲ့သည့်မိနစ်အနည်းငယ်ကမှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ကို ပြန်ရုပ်သိမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်း ရှာဖွေမှုအမြင့်ဆုံးစာရင်းထဲသို့ ဝင်ရောက်သွားသည်။
"ဘာဖြစ်တာလဲ။ ထုတ်ပြန်ချက်ကို ဘာလို့ရုပ်သိမ်းလိုက်တာလဲ"
"ဟားဟားဟား.. 'Three-Body'ဇာတ်ကားကို ကျန်းမုန့်လောင်က ရင်းနှီးမြှုပ်နှံထားပြီး ကာနော့Effectအဖွဲ့ကိုပါ ဝယ်ယူထားတယ်လေ။ ဒီရုပ်ရှင်က အောင်မြင်ဖို့သေချာနေပြီ။ အဲ့ဒါကြောင့် ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်တဲ့လူက ငတုံးဖြစ်သွားမှာပေါ့။ ဟုတ်တယ်မလား"
"ငါခန့်မှန်းကြည့်သလောက်ဆိုရင် မကြာခင် သူတို့ဘက်က ဒါတွေအားလုံးက နားလည်မှုလွဲတာပါဆိုပြီး ပြောလိမ့်မယ်။ ဒါမှမဟုတ် တစ်စုံတစ်ယောက်အပေါ် အပြစ်ပုံချချင်ပုံချလိုက်လိမ့်မယ်"
"ဝမ်တာ့ရုပ်ရှင်နဲ့ ပူးပေါင်းဆောင်ရွက်မှုမှန်သမျှကို ငြင်းဆန်မယ်လို့ပြောခဲ့တာ ဘယ်သူပါလိမ့်နော်။ ဘော်ဒါတို့ရေ.. သူ့နာမည်ကို အတူအော်လိုက်ကြစို့ဟေ့"
"ဝမ်ကျင်းကျယ်ရဲ့အမှန်တရားဥပဒေက နောက်ကျကောင်းနောက်ကျနိုင်ပေမဲ့ ပျောက်ကွယ်သွားတယ်ရယ်လို့မရှိဘူး"
...
ပွဲကြည့်ရခြင်းကို နှစ်သက်သူများက ပွဲကြီးမကြီး စိတ်မဝင်စားပေ။ နှစ်ဖက်စလုံးမှ သဘောထားများကို အခြေခံကြည့်လိုက်လျှင် သူတို့ ဘာတွေးနေသလဲဆိုသည်ကို ခန့်မှန်းကြည့်ရန် မခက်ခဲလှပေ။ ဝမ်ကျီးဟန်က ထိုကဲ့သို့သော အခွင့်အရေးကြီးတစ်ခုကို လက်လွှတ်မခံနိုင်သည်မှာ အသိသာချည်းပင်။
သေချာပေါက်ပင်။ မိနစ်အနည်းငယ်အကြာတွင် သူ့စတူဒီယိုဘက်က အစောပိုင်းတုန်းကထုတ်ပြန်ချက်မှာ နှစ်ဦးနှစ်ဖက်ဆက်သွယ်ရာတွင် နားလည်မှုလွဲမှားခြင်းတချို့ရှိခဲ့ကြောင်း သတင်းစကားထုတ်ပြန်ခဲ့သည်။ ထို့ပြင် ဝမ်ကျီးဟန်သည် သုံးရက်အတွင်း "Three-Body"ဇာတ်ကား၏ အဓိကဇာတ်ကောင်နေရာအတွက် လူရွေးပွဲဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ပြီး သူ့ပရိသတ်များအနေနှင့်လည်း အပြည့်အဝထောက်ခံပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
"ဟမ့်"
ဝမ်လင်သည် ဝေးပေါ်တွင်တင်ထားသောစာကို ကြည့်ပြီး ဆက်တိုက်သရော်လိုက်မိသည်။
သူ ဝမ်ကျီးဟန်ကို ကနဦးဖိတ်ခေါ်ခဲ့သည့်အချိန်တုန်းက အဓိကဇာတ်ကောင်နေရာကို သူ့အတွက် သီးသန့်ချန်လှပ်ထားပေးခဲ့သည့်အပြင် လစာသန်းသုံးဆယ်ပေး၍ ကမ်းလှမ်းခဲ့သည်။ အမှန်အတိုင်းပြောရလျှင် ထိုလစာကပင် အတော်များနေလေပြီ။
သို့သော် ဝမ်ကျီးဟန်ကမူ ကျေးဇူးမသိတတ်ပါဘဲ မောက်မောက်မာမာဆက်ဆံခဲ့သည်။ လစာကို သန်းငါးဆယ်အထိ တောင်းဆိုခဲ့သည့်အပြင် ဇာတ်ပို့များမှာ ထိပ်တန်းအဆင့် နာမည်ကြီးသရုပ်ဆောင်များဖြစ်ရမည်ဟူသော မယဉ်ကျေးသည့် တောင်းဆိုမှုများစွာလည်း ပြုလုပ်ခဲ့သည်။
ရုပ်ရှင်၏ရုံတင်ငွေနှင့် ပရိသတ်အာရုံစိုက်မှုရစေရန်အတွက် ဝမ်လင်က လေးလေးနက်နက်စေ့စပ်ညှိနှိုင်းခဲ့ပြီး လစာကိုလည်း သန်းလေးဆယ်အထိ လျှော့ချနိုင်ခဲ့သည်။ ထို့ပြင် လွန်ကဲလှသော တောင်းဆိုမှုများအားလုံးနီးပါးကိုလည်း လိုက်လျောပေးခဲ့သည်။
ဝမ်လင့်အနေနှင့် ထိုကဲ့သို့သော အရှက်ကွဲမှုမျိုးကို ဘယ်တုန်းကမှ မကြုံခဲ့ဖူးပေ။ သို့သော် သူ့မှာ ရွေးချယ်စရာမရှိတော့ပေ။ သူ့အနေနှင့် ဤလက်ရာကို ဖန်တီးရန်အတွက် ဤထိပ်တန်းအဆင့်နာမည်ကြီးစတားထံမှ အကူအညီလိုအပ်နေခဲ့သည်သာ။
သို့သော် ကျန်းမုန့်လောင် ပါဝင်ပတ်သက်လာသောအခါ အရာရာပြောင်းလဲသွားခဲ့သည်။ ရိုက်ကူးရေးဘတ်ဂျက်လား။ လိုအပ်သလောက် ပေးမတဲ့လေ။ အထူးeffectအဖွဲ့တဲ့လား။ ကမ္ဘာ့ထိပ်တန်းအဆင့်ပင်။ ဇာတ်ညွှန်းတဲ့လား။
ကျန်းမုန့်လောင်က နိုင်ငံတွင်းရှိ အတော်ဆုံးဇာတ်ညွှန်းရေးဆရာများကိုပင် ဖိတ်ခေါ်ထားသည်။ တစ်ယောက်တည်းမဟုတ်ပါဘဲ တစ်ဖွဲ့လုံးကို ဖိတ်ခေါ်ထားခြင်းပင်။
ဒါရိုက်တာတဲ့လား။ ပြည်တွင်းပြည်ပမှ ထိပ်တန်းဒါရိုက်တာများအားလုံးကို ထုတ်လုပ်ရေးအဖွဲ့တွင် ပါဝင်ရန် ဖိတ်ခေါ်ထားသည်။
ထိုကဲ့သို့သော အင်အားကောင်းလွန်းလှသည့် ဖွဲ့စည်းမှုမျိုးဖြင့်သာဆိုလျှင် ဝက်တစ်ကောင်ပင် စတားတစ်ယောက်ဖြစ်လာနိုင်ပေသည်။
အရေးအကြီးဆုံးအချက်မှာ ကျန်းမုန့်လောင်သည် ဤရုပ်ရှင်မှတစ်ဆင့် ငွေရှာနိုင်၊မရှာနိုင်ဆိုသည်ကို ဂရုမစိုက်ချေ။ သူက ရုပ်ရှင်ကောင်းမွန်ရေးကိုသာ ဂရုစိုက်ပေသည်။
ယခုအချိန်တွင် ဝမ်လင် ထည့်သွင်းစဉ်းစားရမည့်အရာမှာ ဤရုပ်ရှင်တွင် သရုပ်ဆောင်ချင်သူ ရှိမရှိဆိုသည့်ကိစ္စမဟုတ်ပါဘဲ ဇာတ်ကောင်များအတွက် မည်သည့်ထိပ်တန်းသရုပ်ဆောင်ကို ရွေးချယ်ရမလဲဆိုသည်ကို စဉ်းစားရပေလိမ့်မည်။
"ဝိုး ဖုန်းဝင်လာပြန်ပြီ"
ဝမ်လင်၏ဖုန်းက ရုတ်တရက်အသံမြည်လာသည်။
"မုန့်လောင်..ဒါဘယ်သူလဲဆိုတာ မှန်းကြည့်ပါ့လား"
"မသိဘူးလေ"
ဘာအလုပ်မှမရှိသဖြင့် ဝမ်လင်၏အိမ်တွင် နေ့လယ်ခင်းလက်ဖက်ရည်လာသောက်နေသည့် ကျန်းမုန့်လောင်က ခွန်းတုံ့ပြန်လိုက်သည်။
"အခုဆိုရင် ဖုန်းဝင်တာ ဘယ်နှခါတောင်ရှိပြီလဲ"
"အခု အခေါက်လေးဆယ်ကျော်လားပဲ။ ထိပ်တန်းသရုပ်ဆောင်မင်းသားတွေနဲ့ မင်းသမီးတွေဆီက ဖုန်းခေါ်ဆိုမှုတွေအများကြီးရတာ ငါ့ဘဝမှာ ဒါပထမဆုံးပဲ။ အခုလေးတင်ပဲ ဟွားကျိုက်၊ ကျားကျားဟွေ့၊ နဂါးညီနောင်နဲ့ ဂျက်လီကတောင် ဇာတ်ကောင်တစ်နေရာလိုချင်တယ်ဆိုပြီး ဖုန်းဆက်ထားသေးတယ်။ ပြီးတော့ ယီဖေး၊ ရူထုံ၊ ချင်းရှ၊ မန်ယွီ၊ ရှုကျန်း.. သူတို့တွေအကုန်လုံးကို ကျေနပ်အောင် ငါ ဘယ်လိုလုပ်ပေးရပါ့"
"အဲဒီလောက်တောင်များလား"
ကျန်းမုန့်လောင် အံ့အားသင့်သွားရသည်။
"မင်းမလာခင်ကတည်းက ဖုန်းခေါ်ဆိုမှုတွေ အခုနှစ်ဆယ်ကျော် ဝင်ထားပြီးပြီ။ စတူဒီယိုဘက်က တရားဝင်ဖုန်းခေါ်တာဆိုပေမဲ့ တကယ်တော့ ထိပ်တန်းသရုပ်ဆောင်မင်းသားတွေ မင်းသမီးတွေကိုယ်တိုင်ပါပဲ။ အခုဆိုရင် နာမည်ကြီးလူငယ်အိုင်ဒေါလ်တွေက ပိုပြီးတော့တောင် ရူးသွပ်လာပြီး တချို့ဆိုရင် လစာမယူဘဲ အလုပ်လုပ်ဖို့တောင် ဆန္ဒရှိနေကြတယ်။ သူတို့တွေရူးကုန်ကြပြီထင်တာပဲ"
"မင်း မညစ်နဲ့နော် နှာဘူးကောင်"
ကျန်းမုန့်လောင်က တိတ်တိတ်လေးရယ်မောလိုက်သည်။
"ဒီမှာ PYငွေပေးချေမှုတွေကို ခွင့်မပြုဘူးနော်"
"ကဲပါကွာ။ မင်းက ငါ့ကို ဒီလိုထင်နေတာလား"
"ဟုတ်တယ်"
ကျန်းမုန့်လောင်က တက်တက်ကြွကြွခေါင်းညိတ်ပြလျက် သဘောတူလိုက်သည်။
"ခွီး.. ငါက အင်တာနက်ဆယ်လီတွေကိုပဲ စိတ်ဝင်စားတာကွ။ အမျိုးသမီးစတားတွေက ငါနဲ့မကိုက်ဘူး"
ဝမ်လင်၏မျက်လုံးများဟာ ရုတ်ခြည်းဆိုသလို ကာမရာဂသောင်းကျန်းလေဟန် အလင်းရောင်များ ဖြာထွက်လာသည်။
"ဒါပေမဲ့ ရုပ်ရှင်ရဲ့အဓိကရင်းနှီးမြှုပ်နှံသူတစ်ယောက်ဖြစ်တဲ့ မင်းအတွက်ကတော့ မင်းအိပ်ခန်းထဲကို ဝင်ချင်နေတဲ့ သရုပ်ဆောင်တွေနဲ့ အင်တာနက်ဆယ်လီတွေ တန်းစီနေလိမ့်မယ်ထင်တယ်"
"မင်းမှားသွားပြီ။ တစ်ယောက်မှမရှိဘူး"
"ဘာလို့လဲဆိုတော့ မင်းက ဆက်သွယ်ရမဲ့နံပါတ်ကိုမှ ပေးမထားတာ"
ဝမ်လင်က ရယ်မောလိုက်သည်။
"နှစ်ရက်လောက်နေရင် ကျန်းနန်မြို့အားကစားရုံကို သွားကြရအောင်။ ငါ့ဟိုတယ်မှာ ယာယီတည်းခိုခန်းတွေ စီစဉ်ထားတယ်လေ။ မင်းအဲဒီမှာနေရဲရင် မင်းအခန်းထဲကို လာလည်သူတွေ စည်ကားသိုက်မြိုက်နေလိမ့်မယ်ဆိုတာ ငါအာမခံတယ်"
"လစ်စမ်းပါ"
ကျန်းမုန့်လောင်က ဝမ်လင်ကို အဝေးတွန်းထုတ်လိုက်သည်။
"ငါက အဏ္ဏဝါဘုရင်မဟုတ်ဘူး"
"တီ တီ"
ဖုန်းက ထပ်မြည်လာပြန်သည်။
ဝမ်လင်ကလည်း ဖုန်းကိုင်လိုက်သည်။
"ဟယ်လို.. ဝမ်လင်ပြောနေတာပါ။ ဘယ်သူပါလဲ။ ရူဖာလား။ ဖုချန်လား"
"ဖူး"
ကျန်းမုန့်လောင် မနေနိုင်တော့ဘဲ ဝါးလုံးကွဲအော်ရယ်လိုက်မိသည်။
ဝမ်လင်ကတော့ တကယ်လွန်သွားပြီ။ ဘယ်သူက ဖုန်းကို ဒီလိုဖြေလို့လဲ...
"ဥက္ကဋ္ဌဝမ်.. ကျွန်တော် ဝမ်ကျီးဟန်ပါ"
ဖုန်းတစ်ဖက်ရှိ ဝမ်ကျီးဟန်မှာ အံ့အားသင့်သွားလေသည်။ ဘာဖြစ်တာလဲဟ။ ဝမ်လင့်ကိုဖုန်းခေါ်ရတာက အခု ဒီလောက်တောင်အဆင့်မြင့်သွားပြီလား။
"အိုး ဘာများလဲ"
ဝမ်လင်၏အသံကား ရုတ်ခြည်းအေးစက်သွားသည်။
"ဥက္ကဋ္ဌဝမ်..ကျွန်တော် သေချာစဉ်းစားကြည့်ပြီးပြီ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျွန်တော်ပြောခဲ့တဲ့လစာက တကယ်ကိုများလွန်းနေတယ်"
ဝမ်ကျီးဟန်၏လေသံဟာ ယခင်လိုမောက်မာမှုများ မရှိတော့ပေ။
"ပြီးခဲ့တဲ့တစ်ခေါက် ခင်ဗျားပြောခဲ့တဲ့ဒေါ်လာသန်းနှစ်ဆယ်နဲ့လည်း ကျွန်တော်အဆင်ပြေပါတယ်။ ကျွန်တော် ဝမ်မြောင်ဇာတ်ကောင်ကို ယူချင်ပါတယ်"
"မင်းကပဲတုံးတာလား။ ငါကပဲတုံးတာလား"
ဝမ်လင် အကျယ်ကြီးအော်ရယ်ပစ်လိုက်သည်။
"ခုနတုန်းကပဲ မင်းရဲ့လက်ထောက်က ငါ့လက်ထောက်နဲ့ စကားပြောနေတာလေ။ ဒေါ်လာသန်းလေးဆယ်က တတိယအဆင့်သရုပ်ဆောင်တွေကိုပဲ ပေးတဲ့ပမာဏပဲဆို။ မင်းကို ငါပြောမယ်။ အခုအချိန်မှာ ထိပ်တန်းအဆင့်သရုပ်ဆောင်ရှစ်ယောက်က ဒီဇာတ်ကောင်နေရာကို ယှဉ်လုနေကြတာ။ သူတို့ဆိုရင် လစာတောင်မလိုချင်ကြဘူးတဲ့"
"ဘာ"
"ပြီးတော့ ခုနကပဲ ကျီဒန်က ငါ့ကိုဖုန်းဆက်တယ်။ သူ ဇာတ်ပို့နေရာမှာ သရုပ်ဆောင်ချင်တယ်တဲ့လေ။ သူက အက်ရှင်ဇာတ်ကွက်လေးတစ်ကွက်ပဲ တောင်းဆိုထားတာ"
"တခြားဇာတ်ကောင်နေရာတွေ ကျန်သေးလား။ ကျွန်တော်လည်း လစာကိုစွန့်လွှတ်နိုင်ပါတယ်"
ဝမ်ကျီးဟန်တစ်ယောက် ချက်ချင်းဆိုသလို စိုးရိမ်ပူပန်သွားလေသည်။
"ရှိတယ်။ အရမ်းအရေးကြီးတဲ့ ဇာတ်ကောင်တစ်ခုပဲ"
ဝမ်လင်က ထိုသို့ပြောလိုက်သည်။
"ကျွန်တော်ယူမယ်။ ကျွန်တော်ယူမယ်"
"ဒါဆိုလည်းကောင်းပြီလေ။ သန်ဘက်ခါကျရင် လူရွေးပွဲဖြေဖို့လာခဲ့လိုက်"
ဝမ်လင်ကလည်း သာမန်ကာလျှံကာဖြင့် ဆိုလိုက်လေသည်။
"ဥက္ကဋ္ဌဝမ်.. ဘယ်ဇာတ်ကောင်လဲဆိုတာ မေးလို့ရမလား"
ဝမ်ကျီးဟန်ကလည်း မျှော်လင့်တကြီးဖြင့် မေးလိုက်လေသည်။
"ထရီဆိုလာရန်"
.....