တိုက်ရိုက်ငွေလွှဲခြင်း
Vol. 7 Ch. 103
စနေနေ့တွင် ကျန်းနန်မြို့အားကစားရုံမှာ လူပင်လယ်ကြီးတစ်ခုဟုပင် တင်စားရလောက်သည့်ကိစ္စတစ်ခု ဖြစ်ပျက်နေသည်။ ကျန်းမုန့်လောင်က "Three-Body"ဇာတ်ကားအတွက် လူရွေးပွဲများကို ဤနေရာတွင် ကျင်းပပြုလုပ်သွားမည်ဟု ကြေညာပြီးကတည်းက မြို့ထဲရှိလူငယ်များ အရူးအမူးဖြစ်သွားကြသည်။
သို့သော် လာရောက်ကြသူတိုင်းမှာ "Three-Body"ဇာတ်ကားအတွက် လာကြခြင်းမဟုတ်ပေ။ တော်တော်များများက သူတို့ချစ်မြတ်နိုးရပါသော အိုင်ဒေါလ်များကို တွေ့ရန်အတွက် လာရောက်ကြခြင်းဖြစ်သည်။
အတည်မပြုရသေးသော စစ်တမ်းများအရ ယနေ့ လူရွေးပွဲသို့ လာရောက်ကြသူများတွင် နာမည်ကြီးစတားများနှင့် ယခင်က ထိပ်တန်းသရုပ်ဆောင်ဟောင်းများစွာလည်း ပါဝင်သည်ဟုသိရသည်။
ဇာတ်ဟန်ပါပါပြောရလျှင် ယနေ့သည် ရုပ်ရှင်နှင့် ဖျော်ဖြေရေးလောကထဲရှိ လူတစ်ဝက်ခန့် စုဝေးကြမည့်နေ့ပင်။
မနက်အစောပိုင်းတုန်းက စိတ်အားထက်သန်နေသော ပရိသတ်များမှာ ခန်းမဝင်ပေါက်၏အပြင်ဘက်တွင် စုရုံးရောက်ရှိနေကြလေရာ တံခါးလာဖွင့်သော ဝန်ထမ်းများခမျာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားနေသည်ဟုထင်မှတ်မှားသွားပြီး ရဲကို ဖုန်းဆက်ခေါ်မိတော့မတတ်ဖြစ်သွားခဲ့ရသည်။
ဖရိုဖရဲမဖြစ်စေရေးအတွက် ရာနှင့်ချီသော လုံခြုံရေးဝန်ထမ်းများက လုံခြုံရေးကြိုးများ ကာထားပါသော်လည်း ပရိသတ်များ၏ စိတ်အားထက်သန်မှုကိုမူ မငြှိမ်းသတ်နိုင်ခဲ့ပေ။
"သူတို့လာပြီ။ သူတို့လာပြီ"
အဆုံးမှာတော့ အနည်းငယ်ပင်ပန်းနွမ်းလျနေကြသော ပရိသတ်များက အားပေးသံတစ်ခုနှင့်အတူ စိတ်လှုပ်ရှားစွာ ဆူညံလာကြပြန်သည်။
"Rolls Roycesကားတွေအများကြီးပါလား။ ဒါက ထုတ်ပြန်ချက်လေးထုတ်ရုံပဲမဟုတ်ဘူးလား"
"ဘယ်သရုပ်ဆောင်မင်းသားမင်းသမီးတွေပါလိမ့်"
"မင်းတို့ ဘာမှမသိကြဘူးမလား။ ဒီကားတွေက လူရွေးပွဲကိုလာတဲ့ သရုပ်ဆောင်တွေမဟုတ်ဘူး။ ဒီကားတွေက လေဆိပ်ကလူတွေကိုကြိုဖို့ ကျန်းမုန့်လောင်လွှတ်လိုက်တဲ့ကားတွေ"
"သေစမ်း..Rolls Roycesကားတွေအများကြီးပါလားနော်။ သူက အဲ့ဒီကားကုမ္ပဏီကိုပိုင်တာလား ဘာလားပဲ"
"ဒါက.. ကိုယ့်လူရေ မင်းပြောတာမမှားဘူး။ လုံးဝမဖြစ်နိုင်တာတော့မဟုတ်ဘူး"
"အဲ့ဒါ အစ်ကိုလျှပ်စီးအလင်းမလား"
"နှစ်အနည်းငယ်လောက် ဂိမ်းကြော်ငြာတွေရိုက်ပြီး ညီအစ်ကိုတွေကို အနိုင်ယူပြီးနောက် အဆုံးမှာတော့ ရုပ်ရှင်စတားကြီး ပြန်ရောက်လာပြီဟေ့"
"ငါ့ရဲ့နတ်ဘုရားကုထျန်းလော်"
"သူတို့က ငါ့ရုပ်ရည်ကိုတောင် ခြိမ်းခြောက်နိုင်တဲ့ လူနည်းစုတွေထဲကတစ်ယောက်ပဲ"
"အခုခေတ် အမျိုးသားစတားတွေကို ကြည့်လိုက်ဦး။ ယောက်ျားဆန်တဲ့အသွင်အပြင်မျိုး ဘယ်သူ့မှာမှမရှိဘူး။ လုံးဝပဲ။ ဒါကမှ တကယ့်ယောက်ျားအစစ်ရဲ့ပုံစံပဲ"
"အဟင့် ငါ့နတ်ဘုရားမလေး.. ဝိုး အသက်လေးဆယ်ကျော်တာတောင် ငါ့ထက်နုနေသေးတယ်"
"တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်။ ငါက အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ အရည်အချင်းမရှိပါဘူး"
"ဒီလိုစတားတွေ အကုန်စုဝေးနေတာမျိုးက လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုတုန်းကပဲဖြစ်ခဲ့တာမဟုတ်လား"
"တကယ့်ကိုဒါရိုက်တာကျန်းပီသပါပေတယ်။ အရမ်းရက်ရောတာပဲ။ တခြားလူသာဆိုရင် သူတို့တွေရဲ့လစာကိုတတ်နိုင်မှာမဟုတ်ဘူး"
...
လူရွေးပွဲကား အားကစားရုံ၏ အလယ်ဗဟိုတွင် ပြုလုပ်ခဲ့ပြီး ပတ်ပတ်လည်ရှိ ထိုင်ခုံနေရာများကိုလည်း ကြည့်ရှုသူများအတွက် အခမဲ့ဖွင့်လှစ်ပေးထားခဲ့သည်။ လူအယောက်တစ်သိန်းဝင်ဆံ့သော ထိုင်ခုံများသည် မကြာခင်မှာပင် လူပြည့်သွားခဲ့ချေသည်။
"အဲ့ဒါက ဉာဏ်ကြီးရှင်ဒါရိုက်တာကျူးရှောင်းမဟုတ်လား"
"ပြီးတော့ နိုင်ငံတကာနာမည်ကြီးဒါရိုက်တာရောဘတ်လည်းပါတယ်ဟ။ ဒါရိုက်တာကျန်းက သူတို့တွေအားလုံးကို တကယ်ဖိတ်ခေါ်ခဲ့တာပဲ"
"ကျစ် ကျစ် ကျစ်..ဒါက ဖျော်ဖြေရေးလောကရဲ့ စူပါစွမ်းရည်ပြပွဲကြီးပဲ"
ဤဒါရိုက်တာတစ်ယောက်ချင်းစီတိုင်းဟာ ထူးချွန်လှသော အရည်အချင်းများကြောင့် ကမ္ဘာကျော်နေခြင်းဖြစ်ပြီး သရုပ်ဆောင်ရွေးချယ်ရာတွင်လည်း အလွန်အမင်းချင့်ချိန်ရွေးချယ်တတ်ကြသည်။ သူတို့ဟာ ဇာတ်ကောင်နှင့် လုံးဝကိုက်ညီသော သရုပ်ဆောင်များကိုသာ လက်ခံတတ်ကြသည်။
ပထမဆုံး အစစ်ဆေးခံရသူမှာ ကုထျန်းလော်ဖြစ်သည်။ တစ်ခေတ်တစ်ခါတုန်းက သူသရုပ်ဆောင်ခဲ့သော သိုင်းပညာရှင်ဇာတ်ကောင်များက ပရိသတ်များ၏ စိတ်အာရုံကို စင်စစ်ဖမ်းစားနိုင်ခဲ့ပြီး memeအမျိုးမျိုးကိုလည်း ဖန်တီးနိုင်ခဲ့သည်။ ရိုးရိုးရှင်းရှင်းကုထျန်းလော်ဆိုသည်မှာ သူပင်တည်း။
ဤနှစ်များတစ်လျှောက်၌ သူသည် ဆိုးဝါးလှသော ရုပ်ရှင်ဇာတ်ကားများကိုသာ ဆက်တိုက်ရွေးချယ်ခဲ့ပြီး သူ့ဝင်ငွေအများစုကိုလည်း စာသင်ကျောင်းတည်ဆောက်ရေးနှင့် ပရဟိတလုပ်ငန်းများအတွက်သာ အသုံးပြုခဲ့သည်။ ထို့ကြောင့် အင်တာနက်အသုံးပြုသူများက သူ့ကို "နေမင်းကသာ ညစ်နွမ်းစေနိုင်သူ"ဟု ခေါ်ဝေါ်ခဲ့ကြသည်။
"ကြည့်လိုက်။ အဲ့ဒါ သူပဲ။ ကန်တုန်းဂိုဏ်းခေါင်းဆောင်ကို အကွက်သုံးကွက်တည်းနဲ့ အနိုင်ပိုင်းပစ်လိုက်ပြီး ဓားတစ်လက်တပ်ဓားသမား လျူကျင်းကျန့်ကို အကွက်ခြောက်ကွက်နဲ့ အနိုင်ယူခဲ့တဲ့လူပဲ"
"ဒါပေမဲ့ သူက သာမန်လူတစ်ယောက်လို့ပဲ ထင်ရတယ်နော်။ ဘာမှထူးခြားတာမရှိဘူး"
"ဟားဟားဟား..သောက်ကျိုးနည်းကို သာမန်လူပါပဲ။ ငါလည်း အဲ့ဒီလိုသာမန်ဖြစ်ချင်လိုက်တာ"
"ကုအာ မင်းအဆင်ပြေရဲ့လား။ ငါက မင်းအဒေါ်ပါ"
ပွဲကြည့်စင်ပေါ်ရှိ ပရိသတ်များက memeများနှင့် ပျော်ပျော်ရွှင်ရွှင် ကစားနေလေသည်။
တစ်လျှောက်လုံး သူ အရည်အသွေးနိမ့်ရုပ်ရှင်ဇာတ်ကားများကို ရွေးချယ်ခဲ့သော်လည်း ဇာတ်ညွှန်း၊ ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာများကသာ ညံ့ဖျင်းခဲ့သည်။ ကုထျန်းလော်သည် ပရော်ဖက်ရှင်နယ်သရုပ်ဆောင်တစ်ဦးအနေဖြင့် သူ့အနုပညာစွမ်းရည်ကို မြှင့်တင်ရန်အတွက် ဘယ်တုန်းကမှ လက်မလျှော့ခဲ့ဖူးပေ။
အဓိကဇာတ်ကောင်တစ်ဦးဖြစ်သော ဝမ်မြောင်ကို ရွေးချယ်ရာတွင် ကျန်းမုန့်လောင်ပထမဆုံးစဉ်းစားမိသူမှာ သူပင်ဖြစ်၏။
ရက်အနည်းငယ်မျှသာ ပြင်ဆင်လာခဲ့ရသော်လည်း သူ့တင်ဆက်မှုမှာ လပေါင်းများစွာ ပြင်ဆင်ထားသကဲ့သို့ ဖြစ်နေလေသည်။ သူ့သရုပ်ဆောင်ချက်က စိတ်ဝင်စားဖို့ကောင်းလွန်းသဖြင့် ပွဲကြည့်စင်ပေါ်ရှိ ပရိသတ်များပင် တိတ်ဆိတ်သွားခဲ့လေသည်။
"ကောင်းတယ်ဟေ့"
တစ်စုံတစ်ယောက်က လက်ခုပ်တီးလိုက်လေရာ ရုတ်တရက်ဆိုသလို ခန်းမတစ်ခုလုံးတွင် လက်ခုပ်သံများ ညံသွားခဲ့သည်။
"ကျွမ်းကျင်သရုပ်ဆောင်ကတော့ ကျွမ်းကျင်သရုပ်ဆောင်ပါပဲ။ ငါ မင်းရဲ့ဆုံးဖြတ်ချက်ကို လက်ခံတယ် လောင်ကျန်းရေ"
ဝမ်လင်က ဒါရိုက်တာထိုင်ခုံတွင်ထိုင်၍ တင်ဆက်မှုကို ကြည့်ရှုရင်း ကျန်းမုန့်လောင်ကို ပြောလိုက်လေသည်။ ဤဇာတ်ကောင်သည် ကုထျန်းလော်အတွက် သီးသန့်ဖန်တီးထားသကဲ့သို့ ဖြစ်နေသည်ဟုပင် ဆိုရပေမည်။
"ဒါရိုက်တာတို့ ဘယ်လိုထင်လဲဗျ"
ကျန်းမုန့်လောင်သည် ပရော်ဖက်ရှင်နယ်တစ်ယောက်မဟုတ်သောကြောင့် ဒါရိုက်တာများ၏ အကဲဖြတ်ချက်ကသာ အရေးအကြီးဆုံးဖြစ်၏။
"ကျုပ်အထင်တော့ ပြဿနာမရှိပါဘူး။ သူက အရမ်းတော်တယ်"
ကျူးရှောင်းက ပြောသည်။
"သူက ပထမဆုံးဖြေဆိုသူဆိုပေမဲ့ ဒီဇာတ်ကောင်အတွက် သူ့ထက်ပိုသင့်တော်တဲ့ နောက်တစ်ယောက်ကို ရှာတွေ့ဖို့မလွယ်တော့ဘူးလို့ ထင်တယ်"
"ဒါရိုက်တာရောဘတ်ကလည်း သဘောတူပါတယ်"
ရောဘတ်၏ဘာသာပြန်က ပြောလာလေသည်။
"သူသာ ဒီရုပ်ရှင်ထဲမပါရင် ရုပ်ရှင်က အနှစ်သာရကင်းမဲ့သွားလိမ့်မယ်လို့ ထင်တယ်တဲ့"
"အဲ့ဒီလိုဆိုရင် ဝမ်မြောင်ရဲ့ဇာတ်ကောင်နေရာကို သတ်မှတ်လိုက်ကြရအောင်"
ကျန်းမုန့်လောင်က ထိုသို့ပြောလိုက်သည်။ ဒါရိုက်တာနှစ်ယောက်စလုံးဆီက အမြင့်မားဆုံးချီးကျူးမှုများသာရထားလျှင် ဘာမှတွေဝေတုံ့ဆိုင်းနေစရာမလိုတော့ပေ။
"မစ္စတာကု.. ရင်းနှီးမြှုပ်နှံသူမစ္စတာကျန်းနဲ့ မစ္စတာဝမ်တို့က ဒီနားက ဝမ်တာ့ဟိုတယ်မှာ အနားယူဖို့ ဖိတ်ခေါ်ထားပါတယ်"
လူရွေးပွဲဧရိယာထဲမှ ကုထျန်းလော် ထွက်လာလိုက်သည်နှင့်တစ်ပြိုင်နက် မိန်းကလေးတစ်ယောက်က သူ့ကို လှမ်းခေါ်လေသည်။
"ကျွန်တော် လူရွေးပွဲမအောင်ဘူးလား"
ကုထျန်းလော်၏အာရုံကို "အနားယူဖို့" ဆိုသည့်စကားလုံးက ဖမ်းစားသွားခဲ့သည်။ ဤသည်မှာ ယဉ်ကျေးစွာ ငြင်းပယ်လိုက်သော စကားလုံးတစ်ခုဖြစ်ဟန်တူလေသည်။
သူက မဲ့တဲ့တဲ့ပြုံး၍ သက်ပြင်းချလိုက်လေသည်။ သူသည် ယခုအချိန်မှာ အသက်လေးဆယ်ကျော်နေပြီဖြစ်၏။ ခန္ဓာကိုယ်ကလည်း ငယ်ရွယ်စဉ်ကလို လျင်မြန်ဖျတ်လတ်ခြင်းမရှိတော့ချေ။ ဤနှစ်များတစ်လျှောက် ဇာတ်ကောင်ပေါင်းများစွာကို တာဝန်ယူခဲ့ပါသော်လည်း သူ့အခကြေးငွေက နာမည်ကြီးအနုပညာရှင်များ၏ ဆယ်ပုံတစ်ပုံမျှပင် မရှိပေ။
ယခုလိုဝင်ငွေမျိုးက သူ၏ပရဟိတလုပ်ငန်းများကို ဆက်လက်ထောက်ပံ့ပေးဖို့ မလုံလောက်တော့ပေ။ သူ့အနေနှင့် ရင်းနှီးမြှုပ်နှံသူများက အလွန်ချမ်းသာကြွယ်ဝပြီး ရက်ရောလှသည်ဟူသောသတင်းကို ကြားခဲ့သောကြောင့် ကံစမ်းချင်၍ လာကြည့်မိခြင်းပင်။
သူသည် မျက်နှာသစ်လူငယ်မျိုးဆက်သရုပ်ဆောင်များကို ယှဉ်ပြိုင်နိုင်တော့ဟန်မတူပေ။
"မစ္စတာကု..သွားကြည့်ရင်သိရမှာပါ"
မိန်းကလေးကလည်း ခွန်းတုံ့ပြန်လာသည်။
"ကောင်းပြီလေ။ ကျွန်တော် ဒီညတော့အနားယူပြီး မနက်ဖြန်ကျမှ ပြန်လိုက်ပါ့မယ်။ ဒီရုပ်ရှင်အတွက် အခကြေးငွေက နည်းကောင်းနည်းနိုင်ပေမဲ့ စာသင်ကျောင်းဆောင်တချို့ ထပ်ဆောက်ဖို့တော့ လောက်မှာပါ"
ကုထျန်းလော်က မိန်းကလေးဘက်ကိုလှည့်ပြီး ပြောလိုက်သည်။
"ဒါဆို ကျေးဇူးပြုပြီး လမ်းပြပေးပါဦး"
ဟိုတယ်သည် အားကစားရုံ၏ လမ်းတစ်ဖက်တွင်ရှိပြီး ဤနေရာတစ်ဝိုက်တွင် အကြီးဆုံးဟိုတယ်ဖြစ်သည်။ သို့သော် ထူးဆန်းသည့်အချက်မှာ ထိုမိန်းကလေးက သူနှင့် သူ့အေးဂျင့်တစ်ဖြစ်လဲ လက်ထောက်ကို နားနေခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားခြင်းမဟုတ်ဘဲ ညီလာခံခန်းမတစ်ခုဟုထင်ရသည့် နေရာတစ်ခုကို ခေါ်သွားခြင်းပင်။
အထဲတွင် အသက်နှစ်ဆယ်စွန်းစွန်း လူငယ်အမျိုးသားနှစ်ယောက် ထိုင်နေပြီး တစ်ယောက်၏အနောက်မှာမူ လက်ထောက်ဖြစ်ဟန်တူသော သက်တူရွယ်တူမိန်းကလေးတစ်ယောက် မတ်တတ်ရပ်နေလေသည်။
"ခင်ဗျားတို့က..."
ကုထျန်းလော်က အင်တာနက် သိပ်မသုံးပေ။ သူသည် ပရဟိတလုပ်ငန်းနှင့် သရုပ်ဆောင်ခြင်းကလွဲ၍ ဘာမှ သိပ်စိတ်မဝင်စားပေ။
"မစ္စတာကု..ကျွန်တော့်နာမည်က ကျန်းမုန့်လောင်ပါ။ 'Three-Body'ရုပ်ရှင်ရဲ့ ရင်းနှီးမြှုပ်နှံသူပါ။ ဒါကတော့ ဝမ်တာ့ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီရဲ့ဥက္ကဋ္ဌဝမ်လင်ပါ။ ဒီရုပ်ရှင်ကိုရိုက်ကူးဖို့ စီစဉ်နေတဲ့ကုမ္ပဏီပေါ့လေ"
လူငယ်လေးတစ်ယောက်က ထိုသို့ပြောလာချေသည်။
"မင်္ဂလာပါ"
ကုထျန်းလော်ကလည်း နှုတ်ဆက်လိုက်သည်။ ဤမျှအထိ ငယ်ရွယ်လွန်းလှသော ရင်းနှီးမြှုပ်နှံသူများကို မြင်လိုက်ရသဖြင့် သူ အံ့သြသွားလေသည်။
သူတို့က အကောင်းဆုံးအထူးeffectအဖွဲ့ကို ဖိတ်ခေါ်ထားသည့်အပြင် ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာအဖွဲ့ကလည်း ထိပ်တန်းအဆင့်များဖြစ်ကြသည်ဟု သူကြားထားသည်။ ယခုလိုငွေကြေးအင်အားမျိုးကို ပိုင်ဆိုင်ထားသူများက လူငယ်လေးနှစ်ယောက်တဲ့လား။
"မစ္စတာကု.. ကျွန်တော်တို့ရဲ့ရုပ်ရှင်အဖွဲ့မှာ အဓိကဇာတ်ကောင်ဝမ်မြောင်အဖြစ် ပါဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်"
ကျန်းမုန့်လောင်က လေးလေးနက်နက်ဖြင့် ဖိတ်ခေါ်လိုက်သည်။
"အာ"
ကုထျန်းလော် အံ့သြမှင်တက်သွားချေသည်။ သူက ထုတ်ပယ်ခံရမှာ မဟုတ်ဘူးလား။
သူတို့အနေနှင့် သူ့ကို တကယ်သဘောကျသည်ဆိုလျှင်တောင် ဆုံးဖြတ်ချက်ချဖို့အတွက် အချိန်ယူရဦးမည်မဟုတ်လား။ သူက ပထမဆုံးဖြေဆိုသူဖြစ်လေရာ သူ့ထက် ပိုသင့်တော်သူများလည်း ရှိနေဦးမည်သာ။
ကျန်းမုန့်လောင်ဟူသောနာမည်ကို ကြားဖူးထားခြင်းကြောင့်သာမဟုတ်ပါက လိမ်လည်မှုတစ်ခုဟုပင် သူ သံသယဝင်မိမည်ဖြစ်၏။
"ခင်ဗျားတို့ ဒီအတိုင်းဆုံးဖြတ်လိုက်ပြီလား။ ထပ်စဉ်းစားစရာမလိုတော့ဘူးလား"
"ဒါရိုက်တာတွေအားလုံးကလည်း ခင်ဗျားကို အသင့်တော်ဆုံးလို့ ယုံကြည်ထားကြတယ်။ အဲ့ဒါကြောင့် နောက်ထပ်စဉ်းစားနေစရာမလိုပါဘူး။ အခု ခင်ဗျား ဘယ်လိုရွေးချယ်မလဲဆိုတာကိုပဲ ကျွန်တော်တို့ကြားချင်တယ်"
သူတို့က ပြောလာလေသည်။
"လက်ခံတာပေါ့။ ကျွန်တော်လက်ခံတယ်"
ကုထျန်းလော်အနေနှင့် သူ့ဘဝစန်းထချိန်ကို ကျော်လွန်လာခဲ့ပြီဖြစ်ကြောင်း ကောင်းကောင်းသိထားသော်ငြား ဤသည်မှာ အဓိကဇာတ်ဆောင်နေရာတစ်ခုဖြစ်နေလေသည်။ တစ်ဖက်လူက သူ့အခကြေးငွေကို လျှော့ကောင်းလျှော့ပစ်နိုင်သော်ငြား လက်ခံနိုင်စရာမရှိလောက်အောင်တော့ မဖြစ်နိုင်ပေ။ ထိုငွေနှင့်ဆိုလျှင် စာသင်ကျောင်းဆောင်တချို့အတွက် ရင်းနှီးမြှုပ်နှံနိုင်ဦးမည်သာ။
"ဒါဆို ပူးပေါင်းဆောင်ရွက်မှုအတွက် ဝမ်းသာပါတယ်"
ကျန်းမုန့်လောင်က ကုထျန်းလော်နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
"ဟုန်းရီ ငွေချေလိုက်တော့"
"ဟုတ်ကဲ့ပါ မစ္စတာကျန်း"
"မစ္စတာကျန်း..ဈေးနှုန်းကိစ္စက မဆွေးနွေးရသေးဘူးလေ..."
"ကုကျိုက်"
သူ့စကားမဆုံးသေးခင်မှာပင် သူ့လက်ထောက်က သူ့ကိုကြားဖြတ်တားလိုက်ပြီး ဖုန်းစခရင်ကို ပြလိုက်လေသည်။
"သန်း..သန်းတစ်ရာလား"
.....