ကျွန်တော် ခင်ဗျားနဲ့ နေ့လယ်စာစားလို့ရမလား
Vol. 7 Ch. 95
"လူယုတ်မာကောင်... မင်းကတော့ တကယ်ကို အထိန်းအကွပ်မရှိဘူးပဲ"
ဝမ်လင်၏နှုတ်ခမ်းများ မဲ့ရွဲ့သွားရသည်။ ချမ်းသာကြွယ်ဝမှုများကိုသာ ထုတ်ဖော်လိုက်ပါလျှင် ကမ္ဘာ့အချမ်းသာဆုံးလူကလည်း ကျန်းမုန့်လောင်ရှေ့တွင် ဘာမှမပြောပလောက်သည့် လူတစ်ယောက်သာ ဖြစ်သွားပေလိမ့်မည်။
"ပိုလာဒီတဲ့လား။ အဲ့ဒါကဘယ်သူလဲ။ ငါမှတ်မိသလောက်ဆိုရင် Forbesစာရင်းထဲမှာ ကမ္ဘာ့အချမ်းသာဆုံးလူက ဘန်ဇိုမလား။ အွန်လိုင်းစတိုးတွေတည်ထောင်တဲ့လူလေ"
"ဖွီး"
ထိုစကားများကို ကြားလိုက်ရချိန်မှာ ဝမ်လင်က လက်ဖက်ရည်ကိုငုံလိုက်ခါစ ဖြစ်နေသောကြောင့် အကုန်ပန်းထုတ်မိတော့မတတ်ပင်။
အွန်လိုင်းစတိုးလုပ်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ အဲ့ဒါက ကမ္ဘာ့အကြီးဆုံး အွန်လိုင်းစနစ်ရောင်းဝယ်ရေးကုမ္ပဏီဖြစ်ပြီး ဈေးကွက်တန်ဖိုးကလည်း ၁.၅၇ထရီလီယံရှိတဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံးအင်တာနက်ကုမ္ပဏီကြီးတစ်ခုပါ။ မင်းပါးစပ်ထဲရောက်မှပဲ သာမန်အွန်လိုင်းစတိုးတစ်ခု ဖြစ်သွားရတယ်လို့။ အနည်းဆုံးတော့ မင်း လေးစားသမှုလေး မပြနိုင်ဘူးလား။
"မင်းက ဒီရက်ပိုင်း ချိန်းတွေ့ရင်းနဲ့ပဲ အချိန်ကုန်နေတော့ ဒီလိုကိစ္စအကြီးကြီးကို မသိလိုက်ရတာထင်တယ်"
ဝမ်လင်က ပြောလိုက်သည်။
"ပိုလာဒီက ပြီးခဲ့တဲ့အပတ်ကပဲ Forbesစာရင်းရဲ့ထိပ်ဆုံးကိုရောက်နေတာ။ 'အိုမာဟာရဲ့ရင်းနှီးမြှုပ်နှံမှုပညာရှင်'လိုမျိုး စတော့ရှယ်ယာကုန်သွယ်မှုကတစ်ဆင့် ချမ်းသာကြွယ်ဝလာတာ။ မကြာသေးခင်တုန်းက နည်းပညာစတော့ရှယ်ယာတွေ တန်ဖိုးမြင့်တက်လာတော့ သူ့ရဲ့ပိုင်ဆိုင်မှုတန်ဖိုးကလည်း ၁၂၀ဘီလီယံကနေ ၁၈၀ဘီလီယံအထိ တက်သွားတာ။ အဲ့ဒီအွန်လိုင်းစတိုးလုပ်တဲ့လူကို ကပ်သီးလေးကျော်တက်သွားတာလေ"
"အိုး.. ဒါဆို သူက စတော့ရှယ်ယာရှင်တစ်ယောက်ပေါ့"
ကျန်းမုန့်လောင်က ခေါင်းညိတ်လိုက်သည်။
"အဲ့ဒါနဲ့ပဲ သူက ရင်းနှီးမြှုပ်နှံမှုပညာရှင်အသစ်ဖြစ်လာတာပေါ့"
"ဟုတ်တယ်"
ဝမ်လင်က ပြောလိုက်သည်။
"အခုနောက်ပိုင်း သူ့ဆီက ရင်းနှီးမြှုပ်နှံမှုနည်းလမ်းတွေကိုသင်ယူဖို့အတွက် သူနဲ့အတူ ထမင်းလက်ဆုံစားဖို့ ကြိုးစားနေကြတဲ့လူတွေမှ အများကြီးပဲ။ အဲ့ဒါကြောင့်ပဲ သူက နည်းနည်းဘဝင်မြင့်လာတာပေါ့။ 'အိုမာဟာရဲ့ရင်းနှီးမြှုပ်နှံမှုပညာရှင်'လိုမျိုး သူနဲ့အတူ ထမင်းလက်ဆုံစားနိုင်မဲ့ အခွင့်အရေးတွေကို ရောင်းနေတာလေ။ ဒါနဲ့ဆိုရင် ထမင်းလက်ဆုံစားတာ ရှစ်ကြိမ်မြောက်ပဲ"
"အဲ့လိုငတုံးတွေလည်း တကယ်ရှိတာပဲလား"
ကျန်းမုန့်လောင်က စတော့ရှယ်ယာဝယ်ယူခြင်းနှင့် စိမ်းသက်သူတစ်ယောက်မဟုတ်ပေ။ သူများထံမှ အကြိမ်ကြိမ်အမြတ်ထုတ်ခံဖူးသည့် သူသည် သူတစ်နှစ်လောက်စုဆောင်းထားသော ပိုက်ဆံတစ်သောင်းကို စတော့ဈေးကွက်ထဲသို့ ရင်းနှီးမြှုပ်နှံပစ်လိုက်လေရာ လဝက်အတွင်းမှာပင် သုံးထောင်ရှုံးသွားခဲ့သည်။ ထိုအချိန်ကတည်းက သူ၏တုံးအမှုကို နားလည်လိုက်သည်။
"ငတုံးအကြီးစားတွေက ရှိရုံတင်မကဘူး။ တန်းစီနေတာဗျာ"
ဝမ်လင်က အော်ရယ်လိုက်လေသည်။
"ပိုလာဒီက ဟွာရှားမှာ နှစ်ရက်ပဲနေမှာလေ။ သူနဲ့အတူ ထမင်းလက်ဆုံစားနိုင်မဲ့ လူနှစ်ယောက်စာကို ကြမ်းခင်းဈေးအမေရိကန်ဒေါ်လာငါးသန်းနဲ့ လေလံဆွဲခဲ့တာ။ တစ်နေရာချင်းစီအတွက် နောက်ဆုံးအပေးအယူဖြစ်သွားတဲ့ဈေးနှုန်းက အမေရိကန်ဒေါ်လာဆယ်သန်းကျော်တယ်"
"အဲ့လောက်ပိုက်ဆံနဲ့ဆိုရင် နံရိုးဝယ်စားလိုက်တာတို့ အနှိပ်ခံလိုက်တာတို့ကမှ ပိုမကောင်းဘူးလား"
"ဒီလိုပမာဏမျိုးကိုတောင် ရနိုင်တာဆိုတော့ သူ့မှာလည်း ကျွမ်းကျင်မှုတချို့တော့ရှိတာ သေချာတယ်။ မင်းသိလား။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်တုန်းက Warren Buffettနဲ့အတူ ထမင်းလက်ဆုံစားခွင့်ရခဲ့တဲ့လူဆိုရင် သူ့ပိုင်ဆိုင်မှုက ငါးဆလောက်တက်သွားတာတဲ့။ ဒီလူတွေနဲ့စကားပြောပြီး နည်းနာတွေကိုဖလှယ်ရတာက တန်ဖိုးမဖြတ်နိုင်ဘူးကွ"
"တော်လိုက်တော့။ ငါတို့ဟွာရှားလူမျိုးတွေက ပိုက်ဆံမရှာတတ်သလိုလုပ်ပြနေတဲ့ ဖော်လံစားတစ်သိုက်ပါကွာ"
ကျန်းမုန့်လောင်က ထိုင်ချလိုက်ရင်း မှတ်ချက်ပေးလိုက်သည်။
"ဒါနဲ့ သူတို့က ဘယ်မှာစားကြမှာတဲ့လဲ"
"ဒီမှာပဲ"
ဝမ်လင်က ဆယ်မီတာကျော်ရှည်သော အလယ်ရှိစားပွဲကို လက်ညှိုးထိုးပြလိုက်သည်။
"ဒီနေရာရဲ့ပိုင်ရှင်က စီးပွားရေးကိုဘယ်လိုလုပ်ရမလဲဆိုတာ ကောင်းကောင်းသိတယ်လေ။ သူတို့ရဲ့စားပွဲကို ခန်းမအလယ်မှာ ခင်းကျင်းထားတာ။ သူက ဒီနေ့အတွက် ဟင်းလျာတွေကိုလည်း ပုံမှန်ထက် ဈေးသုံးဆတင်ထားတယ်လေ"
"သုံးဆပဲဖြစ်ဖြစ် ဆယ်ဆပဲဖြစ်ဖြစ် လူတွေအများကြီး လာချင်ကြမယ်ဆိုတာ ငါလောင်းရဲတယ်"
"မင်းပြောတာလုံးဝမှန်တယ်။ ငါ့အဖေက ဒီပိုင်ရှင်နဲ့ သိလို့သာမဟုတ်ရင် ဒီနေ့ ငါတို့ ဒီမှာ ထိုင်စားနေနိုင်မှာမဟုတ်ဘူး"
ဝမ်လင်က တိုးတိုးလေးကပ်ပြောလာသည်။
"ဒီနေ့ ဒီနေရာမှာရှိတဲ့စားပွဲတိုင်းမှာ ပိုင်ဆိုင်မှုသန်းတစ်ရာရှိကြတဲ့ စွန့်ဦးလုပ်ငန်းရှင်တွေချည်းပဲ။ သူတို့က လှည့်ကွက်လေးတချို့လုပ်ဖို့ ရောက်လာကြတာ"
"ဟားဟားဟား"
ကျန်းမုန့်လောင်ခမျာ မရယ်ဘဲ မနေနိုင်တော့ပေ။
"အဲ့ဒီပိုလာဒီနဲ့ ဖော်လံဖားတွေက စိတ်ထဲမထားဘူးလား"
"သူတို့ကဖြင့် တစ်ကမ္ဘာလုံးကိုတောင် သိအောင်ပြောချင်နေကြတာ"
ဝမ်လင်က ဆိုလေသည်။
"ပိုလာဒီက သူ့ဂုဏ်သတင်းကို လူသိများအောင်လုပ်ပြီး ဒီပွဲကတစ်ဆင့် တခြားနိုင်ငံတွေမှာပါ လွှမ်းမိုးထားချင်နေတာလေ။ မင်းပြောတဲ့ အဲ့ဒီငတုံးတွေကလည်း ဒီပွဲအရှိန်တက်လာတာနဲ့အမျှ သူ့ဆီက ဒီနေ့ ဘာမှမသင်ယူလိုက်ရရင်တောင် အသာလေးအမြတ်ထုတ်လိုက်လို့ရတာကိုး"
"ဟုတ်တယ်"
ကျန်းမုန့်လောင် ခေါင်းညိတ်လိုက်မိသည်။ တကယ်တမ်းမှာမူ ဤသည်မှာ ဝတ်ကောင်းစားလှဝတ်စားပြင်ဆင်ပြီး ထိုအရင်းရှင်ကြီးများထံမှ အမွှမ်းတင်ခံသည့် အကျိုးစီးပွားဖလှယ်မှုတစ်ခုသာ။
"သူတို့ရောက်လာပြီ"
သူ့မှာ ဖင်ပူအောင်ပင် မထိုင်ရသေးခင်မှာ ပွက်လောရိုက်သံများနှင့်အတူ Rolls-Royceအသစ်စက်စက်တစ်စီးက ဟိုတယ်ဝင်ပေါက်ရှေ့တွင် ထိုးရပ်လိုက်သည်။ အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားသော ဝဖိုင့်ဖိုင့်အမျိုးသားတစ်ယောက်က ကား၏တစ်ဖက်မှ ထွက်လာလေသည်။
ထိုအမျိုးသားမှာ အသက်ခြောက်ဆယ်ဝန်းကျင်ဖြစ်ဟန်တူပြီး ဆံပင်ကဖြူနေကာ အသားအရေက အလွန်စိုလွင်နေချေသည်။ သက်တော်စောင့်များဟု ထင်ရသည့် လူတချို့နှင့်အတူ သတင်းထောက်များကလည်း သူ့ပတ်ပတ်လည်မှာ ဝိုင်းနေကြသည်။ သူတို့၏ ကင်မရာဖလက်ရှ်မီးများက သူ့အပေါ်မှာ မရပ်မနားလင်းလက်နေ၏။
Roll-Royceအနောက်တွင် လိုက်ပါလာသည်မှာ Maybachတစ်စီးဖြစ်ပြီး ထိုကားထဲမှ ဆင်းလာသူဟာ အသက်လေးဆယ်အရွယ် သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ဖြစ်ပြီး သူ့မျက်နှာက ကျန်းမာရေးကောင်းကြောင်း ဖော်ပြနေချေသည်။ ဤသတင်း၏ ဂယက်ရိုက်မှုကြောင့် သူ့ကုမ္ပဏီ၏စတော့ရှယ်ယာများသည် ဤရက်ပိုင်းအတွင်း မြင့်တက်လာပြီး နေ့လယ်စာဖိုးကိုပင် အားလုံးနီးပါးပြန်ရလိုက်သည်။
"မစ္စတာပိုလာဒီ.. နောက်ဆုံးတော့ တွေ့ခွင့်ရပြီပဲ။ ကျွန်တော် ဒီနေ့လေးကို အကြာကြီးစောင့်စားနေခဲ့ရတာ"
သတ်လတ်ပိုင်းအရွယ်အမျိုးသားက ပိုလာဒီနှင့် လက်ဆွဲနှုတ်ဆက်ရင်း ပြောလာသောစကားပင်။
"ခင်ဗျားကို ကျွန်တော်နဲ့အတူ နေ့လယ်စာစားဖို့ ဖိတ်ခေါ်နိုင်တာကို ဂုဏ်ယူမိပါတယ်။ ပြီးတော့ ခဏနေကျရင် ခင်ဗျားရဲ့အကြံပေးစကားလေးတွေနဲ့ ကောင်းချီးပေးဖို့မျှော်လင့်ပါတယ်"
"မစ္စတာစုန့်... ခင်ဗျားကတော့ အရမ်းယဉ်ကျေးလွန်းနေပါပြီ။ ဒီတစ်ခေါက် ဟွာရှားကိုလာရတဲ့ ကျွန်တော့်ရည်ရွယ်ချက်က ဟွာရှားစွန့်ဦးလုပ်ငန်းရှင်တွေနဲ့ ကွန်ယက်ချိတ်ဆက်ဖို့ပါ။ ကျွန်တော်သိထားသမျှကို ရက်ရက်ရောရောမျှဝေပေးမှာပါ"
ပိုလာဒီက ပြုံးပန်းဝေလျက် ပြောလာလေသည်။ သူ့စကားများကို ယုံသင့်၊မယုံသင့်ဆိုသည်ကတော့ တခြားကိစ္စတစ်ခုသက်သက်သာ။
"ဗိုက်ဝသွားတဲ့တပည့်က ဆရာဖြစ်သူကို ငတ်စေတယ်"ဟုသော ဆိုရိုးစကားအတိုင်း အခြားလူများသာ သူ့ငွေရှာနည်းအတတ်ပညာကို ကျွမ်းကျင်သွားပါက ပိုလာဒီလည်း 'ကမ္ဘာ့အချမ်းသာဆုံးလူ'ဟူသည့် ဂုဏ်ပုဒ်ကို မကြာခင် နှုတ်ဆက်လိုက်ရတော့မည်ဖြစ်၏။
သူ ဟွာရှားသို့လာရသည့် ရည်ရွယ်ချက်က အသိသာချည်းပင်။ ပထမအချက်မှာ ကမ္ဘာ့အချမ်းသာဆုံးလူအဖြစ် မကြာသေးခင်ကမှ ပေါ်ထွက်လာသူတစ်ဦးဖြစ်သည့်အတွက် ကမ္ဘာကြီးက သူ့ကို ခပ်မြန်မြန်ကြီးမမေ့သွားအောင် ပြုလုပ်လိုခြင်းဖြစ်ပြီး ဒုတိယတစ်ချက်ကမူ သူ့အမြင်တွင် ဟွာရှားလူမျိုးများသည် ငွေရှာရန် အလွယ်ကူဆုံးသောသူများဖြစ်သောကြောင့်ပင်။
"အဲ့ဒီလူကဘယ်သူလဲ"
ကျန်းမုန့်လောင်က သက်လတ်ပိုင်းအရွယ်အမျိုးသားကြီးကို လက်ညှိုးထိုးပြပြီး မေးလိုက်သည်။
"အဲ့ဒါက ဂုလုအုပ်စုရဲ့ဥက္ကဋ္ဌစုန့်မင်ရှန်းလေ။ စွန့်ဦးရင်းနှီးငွေလုပ်ငန်းလုပ်တဲ့လူပေါ့။ အရင်ကတော့ သိပ်နာမည်မကြီးဘူး။ ဒါပေမဲ့ သူ့ကုမ္ပဏီက လွန်ခဲ့တဲ့နှစ်နှစ်ကပဲ သိသိသာသာတိုးတက်လာခဲ့တာ။ အခုဆိုရင် ဈေးကွက်တန်ဖိုးအမေရိကန်ဒေါ်လာဘီလီယံ၂၀ကျော်နေပြီ။ သူက အခုဆိုရင် တော်တော်အံ့ဖွယ်ကောင်းတဲ့လူတစ်ယောက်ဖြစ်နေပြီလေ"
တစ်စုံတစ်ယောက်က ပြန်ပြောလာလေသည်။
"အိုး..ဘီလီယံနှစ်ဆယ်လား"
ကျန်းမုန့်လောင်က သာမန်ကာလျှံကာ ခွန်းတုံ့ပြန်လိုက်ပြီး သူ့ပန်းကန်ထဲရှိ အသားလွှာကို ဆက်စားနေလိုက်သည်။
"မစ္စတာပိုလာဒီ.. ခင်ဗျား ခရီးရှည်ကြီးနှင်လာရတော့ ဗိုက်ဆာနေလောက်ရောပေါ့။ စလိုက်ကြရအောင်လေ"
စုန့်မင်ရှန်းက အလွန်နှိမ့်ချပုံပေါက်အောင်လုပ်ရင်း ပြောလိုက်သည်။
ပိုလာဒီကတော့ သာမန်မျှသာ တုံ့ပြန်သည်။ သူ့အမြင်မှာ သူသည် ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်သောကြောင့် သူ့ရှေ့တွင် လူအများက ဦးညွှတ်ပြီး ခယနေခြင်းမှာ ပုံမှန်ကိစ္စတစ်ရပ်ဟုသာ သဘောထားသည်။
လူအုပ်ကြီးတစ်စုထံမှ ဝန်းရံခံထားရသည့် ပိုလာဒီနှင့် စုန့်မင်ရှန်းတို့က ဟိုတယ်ထဲသို့ ဝင်လာခဲ့ကြလေရာ အခန်းထဲရှိ မျက်လုံးပေါင်းများစွာက သူတို့ဆီသို့ ဆိုက်ရောက်နေလေတော့သည်။
"မစ္စတာပိုလာဒီ.. အခုလိုလူသိရှင်ကြားနေရာတစ်ခုမှာ ကျွန်တော်နဲ့အတူ နေ့လယ်စာစားရတာကို စိတ်မရှိဘူးမလား"
စုန့်မင်ရှန်းက သတိကြီးကြီးထားလျက် မေးလိုက်သည်။
"ဒါပေါ့ဗျာ"
ပိုလာဒီကမူ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုပင် လုပ်ချင်နေသေးသည်။ သို့မှသာ သူနှင့်အတူ ညစာစားဖို့အတွက် အမေရိကန်ဒေါ်လာ၁၂သန်း အကုန်အကျခံထားသူတစ်ယောက်ရှိကြောင်း ဟွာရှားလူမျိုးအားလုံး သိသွားကြမည်ဖြစ်၏။
"ကောင်းတယ်။ ဒါဆို ထိုင်ပါဦး"
စုန့်မင်းရှန်က ဘေးကပ်ရပ်လိုက်လေသည်။
ပိုလာဒီကလည်း စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူက ထိုနေရာသို့ လျှောက်ဝင်လာရင်း ပတ်ပတ်လည်ရှိ စီးပွားရေးလုပ်ငန်းရှင်များကို ဝေ့ဝဲကြည့်ရှုရင်း အာရုံစိုက်မှုကို ခံစားနေလေရာ သူ့စိတ်ထဲဝယ် အကျေနပ်ကြကျေနပ်နေချေတော့သည်။
"သောက်ကျိုးနည်း.. ဒီလူက ဒီကိုနေ့လယ်စာလာစားတာမဟုတ်ဘူး။ ကြွားဝါပြဖို့အတွက် ခရီးစရိတ်အကုန်ခံပြီး အလည်ရောက်လာတာပဲ"
ဟိတ်ဟန်ပြခြင်းနှင့်ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သော ဝမ်လင်သည် ပိုလာဒီ၏ရည်ရွယ်ချက်ကို ဖောက်ထွင်းမြင်နေရသည်။
"လောင်ကျန်း.. မင်းရဲ့ဘဏ်အကောင့်လက်ကျန်ငွေကို မြန်မြန်ထုတ်ကြွားပြလိုက်စမ်းပါ။ ကမ္ဘာ့အချမ်းသာဆုံးဆိုတဲ့ ဒီလူကို မင်း မိနစ်ပိုင်းအတွင်း အလဲထိုးနိုင်မှာကွ"
"ကြွားပါစေ။ သူက အသက်ခြောက်ဆယ်မတိုင်ခင်ကအထိ ကမ္ဘာ့အချမ်းသာဆုံးလူ ဖြစ်မလာခဲ့ရရှာဘူးလေ။ သုံးရက်သုံးညတိတိ ဟိတ်ဟန်ထုတ်ပြထိုက်ပါတယ်"
ကျန်းမုန့်လောင်က သာမန်ကာလျှံကာမှတ်ချက်ပေးလိုက်သည်။
"ငါ လူမသိသူမသိလေးပဲ နေချင်တယ်။ ငါက တကယ့်အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတာကိုသာ သိသွားကြရင် အပြင်ထွက်တိုင်း မျက်နှာကိုဖုံးထားရတော့မှာ"
"ဟားဟား.. မင်းကများ လူမသိသူမသိနေချင်တယ်လို့ ပြောရဲသေးတယ်ပေါ့။ ဟုတ်မနေဘူးကွ"
သူတို့နှစ်ယောက်သားသည် ရယ်ကာမောကာဖြင့် ဆူညံအောင်လုပ်လိုက်မိကြလေရာ ပိုလာဒီ၏အာရုံစိုက်မှုကို အမှုမဲ့အမှတ်မဲ့ဆွဲဆောင်လိုက်နိုင်လေသည်။
"ဟွာရှားလူမျိုးတွေက တကယ်ကိုယဉ်ကျေးမှုမရှိတာပဲ။ ဧကန္တ..."
သို့သော် သူ့အကြည့်က ကျန်းမုန့်လောင်ဆီသို့ ဆိုက်ရောက်သွားချိန်မှာပင် သူ ကြက်သေသေသွားရသည်။ သူ့ခေါင်းထဲဝယ် ကျန်းမုန့်လောင်နှင့် ဆင်တူလှသည့် ပုံရိပ်တစ်ခုကို မြင်ယောင်လိုက်မိသည်။
သူ ကြက်သီးထသွားရပြီးနောက် ကျန်းမုန့်လောင်၏စားပွဲနားသို့ ခပ်သုတ်သုတ်သွားလိုက်သည်။
"ဆရာ.. ကျွန်တော် ခင်ဗျားနဲ့ နေ့လယ်စာအတူစားလို့ရမလား"
.....