← Chapters

ကျုပ်ရဲ့ကနဦးရင်းနှီးမြှုပ်နှံငွေကို မင်းရဲ့အဘိုးက ပေးခဲ့တာပါ

Vol. 7 Ch. 96

ကျုပ်ရဲ့ကနဦးရင်းနှီးမြှုပ်နှံငွေကို မင်းရဲ့အဘိုးက ပေးခဲ့တာပါ

Vol. 7 Ch. 96

"ဟင်"

ကျန်းမုန့်လောင်သည် ရုတ်တရက်ဆန်သော ဤဖိတ်ခေါ်မှုနှင့် ရင်ဆိုင်လိုက်ရချိန်ဝယ် အံ့သြသွားရသောကြောင့် ချက်ချင်းမတုံ့ပြန်နိုင်လိုက်ပေ။

"ဘာတွေဖြစ်နေတာလဲ"

ပိုလာဒီသည် ယခုလေးတင် လူတိုင်းက သူ့အပေါ်အကြွေးတင်နေသည့်အလား မာနထောင်လွှားပြနေခဲ့သော်လည်း ယခုမူ သူ့အကြည့်ထဲတွင် စိတ်လှုပ်ရှားမှုတစ်ခုတည်းသာမက အရူးအမူးဖြစ်နေသောအရိပ်အယောင်တစ်ခုပါ ကိန်းအောင်းနေချေသည်။

"မင်းတို့ အချင်းချင်းသိကြတာလား"

ဝမ်လင်နှင့် ကျန်းမုန့်လောင်တို့ခမျာ ပဟေဋ္ဌိဖြစ်နေလေဟန်အကြည့်များဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။

ကျန်းမုန့်လောင်၏ အသားတင်ပိုင်ဆိုင်မှုနှင့် ချမ်းသာကြွယ်ဝမှုများကို ထည့်သွင်းစဉ်းစားလိုက်ပါလျှင် ကျန်းမုန့်လောင်၏ မိသားစုအကြီးအကဲများက ပိုလာဒီနှင့် သိနေနိုင်သည်ဟူသောအချက်မှာ ဖြစ်နိုင်ခြေရှိသော ခန့်မှန်းချက်တစ်ခုဖြစ်၏။

"ငါ သူနဲ့ အခုမှ ပထမဆုံးအကြိမ်တွေ့ဖူးတာလို့ပြောရင် မင်းယုံမှာလား"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ပိုလာဒီက အသက်ခြောက်ဆယ်ခုနစ်ဆယ်လောက်ရှိနေပြီ။ သူက မင်းရဲ့အဘိုးတို့မျိုးဆက်လောက်တုန်းက ဖြစ်မယ်ထင်တယ်။ မင်းငယ်ငယ်တုန်းက ဘာမှနားမလည်သေးတဲ့အချိန်မှာ သူ မင်းကိုတွေ့ခဲ့ဖူးတာလည်း ဖြစ်နိုင်တာပဲ"

ဤဖြစ်ရပ်အပြောင်းအလဲကြောင့် ပိုလာဒီထံသို့ ရောက်ရှိနေသော အာရုံစိုက်မှုများက ကျန်းမုန့်လောင်ဆီသို့ လျင်မြန်စွာ ပြောင်းရွှေ့သွားခဲ့သည်။

ပိုလာဒီ၏ ဟွာရှားဘာသာစကားစွမ်းရည်က အလွန်ညံ့ဖျင်းသော်ငြား ယခုလေးတင် သူပြောလိုက်သောစကားကိုမူ သူတို့ ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။ ပိုလာဒီက ဤလူငယ်လေးကို နေ့လယ်စာစားဖို့ ဖိတ်ခေါ်နေသတဲ့လား။

ဤသည်မှာ မည်သို့သောပြကွက်မျိုးလေလဲ။ ပိုလာဒီနှင့် ထမင်းလက်ဆုံစားဖို့အတွက် တစ်စုံတစ်ယောက်က ပိုက်ဆံပေးထားပြီးပြီမဟုတ်လား။ သိုဖြစ်လေရာ တခြားလူတစ်ယောက်ကို ဘာလို့များ ရုတ်တရက်ကြီးထမင်းစားဖိတ်နေရလေသလဲ။

"ဒီလူငယ်လေးက ဘယ်သူလဲ"

"သူ့ကိုတော့မသိဘူး။ ဒါပေမဲ့ ဒီနေ့ ဒီနေရာကိုလာနိုင်တယ်ဆိုမှတော့ သူ့မိသားစုက နောက်ခံတောင့်တယ်ဆိုတဲ့သဘောပဲ"

"သူ့ဘေးမှာထိုင်နေတဲ့လူကို ငါသိတယ်။ ဝမ်တာ့အုပ်စုရဲ့သား ဝမ်လင်တဲ့"

"ဒါဆို သူကလည်း ဒီအသိုင်းအဝိုင်းထဲကပဲဖြစ်မယ်။ ကြည့်ရတာ သူတို့မိဘတွေအချင်းချင်း သိကြတဲ့ပုံပဲ"

"ငါ ဒီလူငယ်လေးကိုမှတ်မိတယ်။ အဲ့ဒါက ကျန်းမုန့်လောင်မဟုတ်ဘူးလား"

"ကျန်းမုန့်လောင်က ဘယ်သူလဲ"

"မင်း ကျန်းမုန့်လောင်ကို မသိဘူးပေါ့။ အဲ့ဒါနဲ့များ မင်းက အင်တာနက်အသိုင်းအဝိုင်းမှာ လူတွင်ကျယ်ပါလို့ ပြောရဲသေးတယ်ပေါ့။ သိပ်မကြာခင်တုန်းက သူက ဝေးပေါ်ကိုဝယ်ပစ်လိုက်ပြီး ပိုင်တုနဲ့ထန်ရွှင်းကို အညံ့ခံလာအောင် လုပ်ပစ်ခဲ့တာကွ။ အဲ့ဒါ သူပဲ"

"သူလား။ ငါက သူ့ကို ကူစူးမြို့ကလို့ထင်နေတာ"

...

တစ်စုံတစ်ယောက်က ကျန်းမုန့်လောင်ကို မှတ်မိသွားပြီး သူနှင့်ပတ်သက်သော သတင်းများကလည်း အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။ ကျန်းမုန့်လောင်ကို မမြင်ဖူးသူများ ရှိနိုင်သော်လည်း သူ့အကြောင်းကို မကြားဖူးသူကတော့ ရှားလှသည်။ မကြာသေးခင်ကပင် သူသည် ဝေးပေါ်၏ ရေပန်းစားမှုကဏ္ဍတစ်ခုလုံးကို ဝယ်ယူထားသည့်အလား ရေပန်းစားမှုကဏ္ဍကို လွှမ်းမိုးထားခဲ့ပေသည်။

ပိုဆိုးသည်မှာ သူသည် ဝေးပေါ်ကို တစ်ဦးတည်းမူပိုင်အဖြစ် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဤသည်မှာလည်း မိန်းကလေးတစ်ယောက်ကြောင့် ဖြစ်လေသည်။ ဤကိစ္စမျိုးမှာ မည်သူမဆို လုပ်နိုင်စွမ်းရှိသော အရာတစ်ခုမဟုတ်ပေ။

ဤပေါက်ကွဲဖွယ်သတင်းကြောင့် မီဒီယာများ၏ ကင်မရာများက ကျန်းမုန့်လောင်ဆီသို့ ရုတ်တရက်လှည့်သွားခဲ့သည်။ တကယ်တမ်းတွင် လူတော်တော်များများသည် ကျန်းမုန့်လောင်ကို တွေ့ဆုံမေးမြန်းလိုကြသော်လည်း သူက ဆက်သွယ်ရခက်ခဲသူဖြစ်နေချေသည်။ မမြင်ရသောလက်တစ်စုံက သူ့ခြေရာလက်ရာများအားလုံးကို ဖျက်ပစ်နေသကဲ့သို့ပင်။ တွေ့ဆုံမေးမြန်းဖို့ဝေးစွ။ သူဘယ်မှာရှိသလဲဆိုသည်ကိုပင် မည်သူမှ မသိကြပေ။

ယခုလောလောဆယ်တွင်မူ ကျန်းမုန့်လောင်သည် အာရုံစိုက်မှုဗဟိုချက်ဖြစ်နေလေပြီ။

သူ့သတင်းများ အနည်းငယ်မှေးမှိန်လာပြီး လူတိုင်း၏ အာရုံစိုက်မှုကလည်း ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အသစ်ဆီသို့ ပြောင်းရွှေ့သွားချိန်တွင် ကျန်းမုန့်လောင်က တစ်ဖန်ပြန်လည်ပေါ်ထွက်လာပြီး ဤလူချမ်းသာကလည်း သူ့ကိုဤနေရာမှာတင် နေ့လယ်စာစားဖို့ ဖိတ်ခေါ်နေပေသည်။

"မစ္စတာပိုလာဒီ.. ကျွန်တော်တို့ သဘောတူထားပြီးသားမဟုတ်လား။ ဒါကဘာလဲဗျ..."

စုန့်မင်ရှန်း၏မျက်နှာသည် ရုတ်တရက်ဆိုသလို အေးဆေးတည်ငြိမ်မှုကို ထိန်းမထားနိုင်တော့ပေ။ သူသည် ယနေ့အဖို့ အဓိကဇာတ်ဆောင်မဟုတ်လျှင်တောင် အဓိကဇာတ်ပို့ဇာတ်ကောင်တစ်ယောက်ဖြစ်သည်။ သို့သော် ရုတ်တရက်ဆိုသလို မီဒီယာများ၏ကင်မရာများက သူနှင့်ခပ်ဝေးဝေးကို ရွှေ့သွားခဲ့သည်။ ဤညစာက အချည်းနှီးဖြစ်သွားလေပြီလား။

ပိုလာဒီသည် သူ့ဘေးရှိ ဘာသာပြန်သူ၏နားနားသို့ကပ်၍ စကားအနည်းငယ်တီးတိုးပြောလိုက်ပြီးနောက်တွင်မူ စုန့်မင်ရှန်းကို လုံးဝအရေးမလုပ်တော့ပေ။

"မစ္စတာစုန့်.. ကျွန်တော်တို့ တကယ်စိတ်မကောင်းပါဘူး။ ဒါပေမဲ့ မစ္စတာပိုလာဒီက ဒီနေ့ အရမ်းအရေးကြီးတဲ့လူတစ်ယောက်ကို တွေ့လိုက်ရတဲ့အတွက် ခင်ဗျားနဲ့အတူ နေ့လယ်စာစားဖို့ မဖြစ်နိုင်တော့ပါဘူးတဲ့။ ဒီနေ့လယ်စာအတွက်လည်း ကုန်ကျစရိတ်ကို နှစ်ဆပြန်လျော်ပေးပါ့မယ်။ နောက်တစ်ခါကျရင် ခင်ဗျားနဲ့အတူ ညစာစားနိုင်မဲ့ အခွင့်အရေးမျိုးထပ်ကြုံရဖို့ မျှော်လင့်ပါတယ်"

ဘာသာပြန်သူက ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။

"ဘာ"

စုန့်မင်ရှန်း၏ မျက်နှာထက်တွင် မယုံကြည်နိုင်လေဟန် အမူအရာတို့ အထင်းသားပင်။ မီဒီယာများက ဤနေ့လယ်စာနှင့်ပတ်သက်ပြီး တစ်ပတ်လောက် သတင်းရေးနေခဲ့ကြသည်။ သူ့ကုမ္ပဏီကလည်း မားကတ်တင်းအစီအစဉ်အတွက် အဆင်သင့်ဖြစ်နေလေပြီ။ သို့သော် ယခုတော့ လူတစ်ယောက်အတွက်နှင့် နေ့လယ်စာစားဖို့ လက်လွှတ်ရတော့မည်တဲ့လား။

သတိပြုရမည့်အချက်မှာ ဤနေ့လယ်စာစားပွဲသည် အမေရိကန်ဒေါ်လာ၁၂သန်း ကုန်ကျထားသည်။ သူက နှစ်ဆပြန်လျော်ပေးပြီး ကျန်းမုန့်လောင်နှင့်အတူ ညစာစားဖို့ နောက်ထပ်အမေရိကန်ဒေါ်လာ၁၂သန်းကိုပင် ပေးဖို့ ဆန္ဒရှိနေပေသည်။ ဘာတွေဖြစ်နေလေသလဲ။

စုန့်မင်ရှန်းလည်း ကျန်းမုန့်လောင်အကြောင်းကို ကြားဖူးနားဝရှိထားသည်။ ထိုလူသည် ဝေးပေါ်ကို တစ်ရက်အတွင်း ဝယ်နိုင်စွမ်းရှိသည်ဖြစ်ရာ ထိုလူ၏ငွေကြေးအင်အားသည် သူ့ထက်သာလွန်လှပေသည်။ ကျန်းမုန့်လောင်ကဲ့သို့ နောက်ခံအင်အားအလွန်တောင့်တင်းသူများသာ ဤကဲ့သို့သောအရာမျိုးကို လုပ်နိုင်သည်ဟု သူနားလည်ထားသည်။

သို့သော် သူ့စိတ်ထဲတွင်မူ ဤလူငယ်လေးသည် အနည်းငယ်မယုံနိုင်စရာကောင်းသော်လည်း ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ပိုလာဒီနှင့်တော့ နှိုင်းယှဉ်၍မရနိုင်ပေ။

ထို့အပြင် ကျန်းမုန့်လောင်က ပိုလာဒီထက် ပိုချမ်းသာနေခဲ့လျှင်တောင် သူသည် ဒုတိယမျိုးဆက်လူချမ်းသာတစ်ယောက်မျှသာဖြစ်ပြီး ပိုလာဒီက သူ့ကို ညစာစားဖို့ ဖိတ်ခေါ်ရလောက်အောင်အထိ အရေးပါနေမည်မဟုတ်ပေ။

သို့သော် သူမသိထားသည့်ကိစ္စမှာ ကျန်းမုန့်လောင်ဟာ သာမန်ဒုတိယမျိုးဆက်လူချမ်းသာတစ်ယောက်မဟုတ်ပေ။ တိတိကျကျပြောရလျှင် သူသည် ဒုတိယမျိုးဆက်လူချမ်းသာတစ်ယောက် လုံးဝမဟုတ်ပေ။ သူသည် ရာစုနှစ်ပေါင်းများစွာတိုင်အောင် ချမ်းသာလာခဲ့သော လူချမ်းသာမျိုးဆက်ဖြစ်၏။

စုန့်မင်ရှန်းခမျာ စိတ်ထဲတွင် အမျက်ဒေါသတထောင်းထောင်း ထွက်နေသော်လည်း ဒေါသထွက်ပြရဲခြင်းမရှိပေ။ မည်သို့ပင်ဖြစ်စေ သူ့ကုမ္ပဏီက အမေရိကန်တွင် စာရင်းသွင်းထားပြီး ပိုလာဒီကလည်း အမေရိကန်နိုင်ငံသားဖြစ်နေလေသည်။ သူပိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစုကလည်း သူ့ကုမ္ပဏီတွင် စတော့ရှယ်ယာအနည်းငယ်ကို ပိုင်ဆိုင်ထားသည်။

အကယ်၍ သူသာ ဤစတော့ရှယ်ယာနတ်ဘုရားအသစ်ကို ဆန့်ကျင်မိပါက သူ့ကုမ္ပဏီသည်လည်း တစ်ချက်မျှပင် နာလန်ထူနိုင်မည်မဟုတ်ပေ။

ဤနေ့လယ်စာစားပွဲကို အင်တာနက်တစ်ခွင်၌ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်၏။ အဓိကဇာတ်ဆောင် အပြောင်းအလဲဖြစ်သွားသော်လည်း မီဒီယာများ၏ အလုပ်ကိုမူ ထိခိုက်မှုမရှိပေ။ သူတို့၏တာဝန်မှာ ဝက်ဝက်ကွဲနာမည်ကြီးသတင်းများကို ရှာဖွေရန်ဖြစ်လေရာ ပိုလာဒီရုတ်တရက်စိတ်ပြောင်းသွားခြင်းမှာ မူလက အစီအစဉ်ချထားသော နေ့လယ်စာစားပွဲထက်ပင် ပို၍စိတ်လှုပ်ရှားဖွယ်ကောင်းနေသေးသည်။

"ဒီမှာဘာတွေဖြစ်နေတာလဲ"

"ထင်ထားတဲ့အတိုင်း ကျန်းမုန့်လောင်ရှိတဲ့နေရာတိုင်း သတင်းထူးကြီးပေါ်တာပဲဟေ့"

"ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ကတောင် သူ့ကို နေ့လယ်စာစားဖို့ ဖိတ်တယ်တဲ့လား။ ကျန်းမုန့်လောင်ရဲ့မိသားစုက မစ္စတာပိုလာဒီရဲ့ရှယ်ယာရှင်တစ်ယောက်ယောက်များ ဖြစ်နေမလား"

"ဖြစ်နိုင်လောက်တယ်။ အဲ့လိုမှမဟုတ်ရင် သူက ဝေးပေါ်ကို ဒီလောက်လွယ်လွယ်ကူကူနဲ့ ဘယ်လိုလုပ်ဝယ်နိုင်မှာလဲ။ ပြီးတော့ ထိပ်သီးအင်တာနက်ကုမ္ပဏီကြီးနှစ်ခုကိုရော ဘယ်လိုလုပ်ပြီးဖိအားပေးနိုင်ခဲ့မှာလဲ။ နောက်ကွယ်မှာ ပိုလာဒီအုပ်စုရဲ့ရင်းနှီးငွေတွေသာ ရှိနေတာဆိုရင် အဓိပ္ပာယ်ရှိတာပေါ့"

"မဟုတ်ဘူးနော်။ အဲ့ဒါမဟုတ်သေးဘူး။ သူသာ ရှယ်ယာရှင်တစ်ယောက်ရဲ့သားဆိုရင် ဒီလိုစိတ်နေစိတ်ထားမျိုးပြမှာမဟုတ်ဘူးလေ။ ကြည့်ပါလား။ ဟိုကဖြင့် သူ့ကိုယ်သူနှိမ့်ချပြီးဆက်ဆံနေတာကို"

အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော ကြည့်ရှုသူများမှာ လုံးဝစိတ်ရှုပ်ထွေးသွားရသည်။ ဒါတွေက ဘာတွေဖြစ်နေတာလဲ။

"ခင်ဗျား ကျွန်တော့်ကိုသိလို့လား"

အဆုံးတွင်မူ ကျန်းမုန့်လောင်က ပိုလာဒီကို စကားပြောလိုက်လေပြီ။

"မင်းက မစ္စတာကျန်းလား"

ပိုလာဒီက သူ့မိခင်ဘာသာစကားကိုမသုံးဘဲ ဟွာရှားဘာသာစကားဖြင့် ကျန်းမုန့်လောင်ကို ဂရုတစိုက်ဆက်သွယ်ပြောဆိုနေပေသည်။

"ကျွန်တော့်မျိုးရိုးနာမည်က ကျန်းပါ။ ဒါပေမဲ့ ကျွန်တော် ခင်ဗျားနဲ့ အရင်ကမတွေ့ဖူးဘူးထင်တာပဲ"

ကျန်းမုန့်လောင်ကလည်း ဤကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ကို အနည်းငယ်မျှပင် မျက်နှာသာမပေးချေ။

"ဒါဆို မမှားနိုင်ပါဘူး။ မင်းရဲ့အဘိုးက မစ္စတာကျန်းမိုလား"

"ကြည့်ရတာ ခင်ဗျားက ကျွန်တော့်အဘိုးကိုသိတဲ့ပုံပဲ"

အဆုံးမှာတော့ ကျန်းမုန့်လောင် သဘောပေါက်လိုက်ပြီဖြစ်၏။ သို့သော် သူ့ပုံစံကိုကြည့်ရသည်မှာ ကိစ္စများက ဤမျှရိုးရှင်းပုံမပေါ်ပေ။

"ကောင်းတယ်။ နောက်ဆုံးတော့ မင်းနဲ့တွေ့ရပြီပဲ"

ပွဲကြည့်ပရိသတ်ပေါင်းများစွာ ထိတ်လန့်နေသည့်ကြားမှာ ပိုလာဒီသည် အကြာကြီးပျောက်ဆုံးသွားခဲ့သော ဆွေမျိုးရင်းချာတစ်ယောက်ကို ပြန်တွေ့လိုက်ရသည့်အလား မျက်ရည်ဝဲနေလေတော့သည်။

"ခင်ဗျား ကျွန်တော်နဲ့အတူ နေ့လယ်စာစားချင်တယ်လို့ပြောလိုက်တာလား"

ကျန်းမုန့်လောင်က မေးလိုက်လေသည်။

"ဟုတ်ပါတယ် မစ္စတာကျန်း"

ပိုလာဒီကမူ စိတ်လှုပ်ရှားမှုတို့ လွန်ကဲနေဆဲသာ။

"အဲ့ဒါက ကျုပ်ဘဝမှာ အကြီးမားဆုံးဆန္ဒနဲ့အိပ်မက်တစ်ခုပါပဲ။ မင်းဘက်ကသာ ဆန္ဒရှိမယ်ဆိုရင် မင်းကို ဖိတ်ကြားဖို့အတွက် အမေရိကန်ဒေါ်လာသန်းတစ်ရာသုံးနိုင်ပါတယ်"

"ဝိုး"

သူ့စကားဆုံးသည်နှင့် စားသောက်ဆိုင်တစ်ခုလုံးတွင် အံ့အားသင့်ဟန်ရေရွတ်သံများ ပေါက်ကွဲထွက်လာလေသည်။

၁၂သန်းကပင် အလွန်များနေလေပြီ။ သို့သော် ပိုလာဒီက ကျန်းမုန့်လောင်နှင့် နေ့လယ်စာစားခွင့်ရဖို့အတွက် ဒေါ်လာသန်းတစ်ရာကိုပင် သုံးပစ်ရန် ဆန္ဒရှိနေသည်တဲ့။ ဤကမ္ဘာကြီးက ရူးသွပ်လွန်းလှသည်။

ပိုလာဒီသည် အသစ်စက်စက်စတော့ရှယ်ယာနတ်ဘုရားလည်းဖြစ်၊ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်လည်း ဖြစ်သည်။ သူ့ဆီက တစ်စုံတစ်ခုသင်ယူလေ့လာနိုင်မည်ဟူသော မျှော်လင့်ချက်မျိုးကြောင့် သူနှင့်အတူ နေ့လယ်စာစားရဖို့အတွက် လူအမြောက်အများတန်းစီနေကြပေလိမ့်မည်။ သို့သော် ကျန်းမုန့်လောင်ကဲ့သို့သော လူငယ်လေးတစ်ယောက်က သူ့ကို ဘာများသင်ပြပေးနိုင်မည်တဲ့လဲ။

"ခဏနေပါဦး။ စိတ်အေးအေးထားပါဦး"

ပိုလာဒီ၏မျက်ရည်များနှင့် နှာရည်များက ကျန်းမုန့်လောင်၏အဝတ်အစားပေါ်ကိုပင် ကျလုမတတ်ဖြစ်နေလေပြီ။

"အရင်ဆုံး ရှင်းရှင်းလင်းလင်းပြောပြပါဦး။ ခင်ဗျားက ဘာလုပ်ချင်လို့လဲ။ ကျွန်တော်က လူတိုင်းနဲ့ ကြုံသလိုနေ့လယ်စာအတူမစားတတ်ဘူး"

"သောက်ကျိုးနည်း အဲ့ဒါမှ ငါတို့ဘော့စ်ကျန်းကွ။ အမြဲတမ်းဈေးကြီးပြတာလေ"

"ကမ္ဘာ့အချမ်းသာဆုံးလူနဲ့ နေ့လယ်စာစားတာကတောင် သူ့အတွက် ကြုံသလိုတဲ့လား။ ငါ့စိတ်တွေတော့ ချာချာလည်ကုန်ပြီဟေ့"

"ချာတိတ်ရေ.. မင်းတို့ခေါင်းထဲ မေးခွန်းတွေနဲ့ပြည့်နေပြီလား"

...

"မစ္စတာကျန်း..မင်းကတော့ ဒီအကြောင်း သိပ်မသိလောက်ပေမဲ့ ကျုပ်ရဲ့ကနဦးရင်းနှီးမြှုပ်နှံငွေကို မင်းရဲ့အဘိုးက ပေးခဲ့တာပါ။ မစ္စတာကျန်းမိုအတွက်တော့ ဒီငွေပမာဏက ဒေဝါလီခံလိုက်ရတဲ့ ဆင်းရဲသားတစ်ယောက်ကို ကူညီတဲ့အနေနဲ့ပေးလိုက်တဲ့ သာမန်လုပ်ရပ်တစ်ခုပဲပေါ့။ သူ့ရဲ့လမ်းညွှန်မှုနဲ့ ဒီငွေကြေးတွေကြောင့်ပဲ ကျုပ် အခုလိုပြန်ရပ်တည်နိုင်ခဲ့တာလေ"

ပိုလာဒီခမျာ အလွန်စိတ်လှုပ်ရှားလွန်းသောကြောင့် စကားပြောရင်းဖြင့် မိခင်ဘာသာစကားကိုပင် လွှတ်ခနဲပြောလိုက်မိသည်။

"တစ်ဆိတ်လောက်.. ကျွန်တော်က အင်္ဂလိပ်အကြားစွမ်းရည်စာမေးပွဲမှာ အမှတ်၉၀ပဲရထားတာ။ သူ ဘာပြောလိုက်လဲဆိုတာကို တစ်ယောက်ယောက် ကျွန်တော့်ကို ဘာသာပြန်ပေးလို့ရမလား"

ကျန်းမုန့်လောင်က ဝမ်လင်ကို အကူအညီတောင်းဟန်အမူအရာဖြင့် တစ်ချက်လှည့်ကြည့်လိုက်သည်။

"သောက်ကျိုးနည်း..လူတွေအများကြီးကြည့်နေတဲ့ကြားက အရမ်းရှက်ဖို့ကောင်းတာပဲ"

"သူ..သူပြောလိုက်တာက သူ့ရဲ့ကနဦးရင်းနှီးမြှုပ်နှံငွေကို.. မင်းရဲ့အဘိုးက ပေးခဲ့တာတဲ့..."

.......

All Chapters