← Chapters

ကျွန်တော် အကောင့်မှားလွှဲမိတာ

Vol. 7 Ch. 93

ကျွန်တော် အကောင့်မှားလွှဲမိတာ

Vol. 7 Ch. 93

"မစ္စတာစွန်း ကျွန်တော်တို့ သက်သေအားလုံး စုဆောင်းပြီးပါပြီ။ ခင်ဗျားရဲ့ကုမ္ပဏီမှာ ဖြစ်ပျက်သွားတဲ့ကိစ္စက ဝူယွင်ကျူးလွန်ခဲ့တာပါ။ သူလည်း ဝန်ခံပြီးပါပြီ။ အစောပိုင်းတုန်းက ဒီကိစ္စကြောင့် ခင်ဗျားနစ်နာခဲ့ရတဲ့အတွက် ကျွန်တော်တို့တကယ်တောင်းပန်ပါတယ်"

စုံစမ်းစစ်ဆေး‌ပြီးနောက် စွန်းယွီလဲ့၏ မှားယွင်းစွပ်စွဲခံရမှုသည် အဆုံးမှာတော့ ဖြေရှင်းနိုင်ခဲ့လေပြီ။ ဝူယွင် ထောင်ဒဏ်ဘယ်လောက်ချခံရမလဲဆိုသည်ကိုတော့ ကျန်းမုန့်လောင် ဂရုမစိုက်ချေ။ သူ့ရှေ့နေနှစ်ယောက်က သူ့အတွက် အကြီးလေးဆုံးပြစ်ဒဏ်ကို ခံယူရစေရန်အတွက် ဥပဒေဘောင်အတွင်းမှ လုပ်ဆောင်ပေးလိမ့်မည်သာ။

"စကားမစပ် မစ္စတာကျန်း.. အဲ့ဒီအမေရိကန်ဒေါ်လာတစ်ဘီလီယံက သူ့အကောင့်ကို ခင်ဗျားလွှဲလိုက်တာ တကယ်မဟုတ်ဘူးပေါ့။ အဲ့လိုဆိုရင် ကျွန်တော်တို့ ဝူယွင်ကို ဆက်ပြီးစစ်ဆေးမေးမြန်းရဦးမယ်"

ရဲအရာရှိကြီးက ရိုးရိုးသားသားပြောလိုက်လေသည်။

ပါဝင်ပတ်သက်နေသည့်ပမာဏက အလွန်များပြားလွန်းသဖြင့် ထိုကိစ္စကိုစုံစမ်းစစ်ဆေးဖို့အတွက် သူတို့ အထူးစုံစမ်းရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းရပေလိမ့်မည်။ သူတို့အနေနှင့် ခေါင်းခြောက်အောင် စဉ်းစားပါသော်လည်း ကုမ္ပဏီ၏ပရောဂျက်မန်နေဂျာတစ်ယောက်က ဒေါ်လာတစ်ဘီလီယံကို မည်သို့နှယ်ရှာနိုင်လိုက်လေသလဲဆိုသည်ကို တွေးမရချေ။

"အိုး..ကျွန်တော် အခုလေးတင်စစ်ကြည့်လိုက်တာ။ အဲ့ဒီပိုက်ဆံတွေက ကျွန်တော့်ပိုက်ဆံတွေ။ ကျွန်တော် မတော်တဆ အကောင့်မှားလွှဲမိတာ"

"ကျွန်တော်သိနေတယ်လေ"

ဤရလဒ်ကား သူတို့အတွက်တော့ အံ့ဩစရာမကောင်းလှပေ။ ကျန်းမုန့်လောင်၏စရိုက်အရဆိုလျှင် ဤသည်မှာ သူလုပ်နိုင်လောက်သော ကိစ္စတစ်ရပ်ပင်။

"အကောင့်မှားပြီးငွေလွှဲမိတာက တရားမဝင်တာတော့ မဟုတ်ပါဘူးနော်"

"ဒါက..ဒါက တရားမဝင်တာတော့မဟုတ်ပါဘူး"

အကောင့်မှားလွှဲမိတာတဲ့လား။ ဘယ်သူက အဲ့ဒါကိုယုံမှာလဲ။ တစ်ဘီလီယံတောင်လေ။ တစ်ရာလည်းမဟုတ်ဘူး။ အဲ့ဒီလောက်များတဲ့ပမာဏကို မလွှဲခင် အထပ်ထပ်အခါခါစစ်ဆေးသင့်တယ်မဟုတ်လား။

သို့သော် သူ့ကို တရားဝင်နည်းလမ်းများအရ စွဲချက်တင်နိုင်သည့် နည်းလမ်းလည်းမရှိပေ။ ကျန်းမုန့်လောင်က အကောင့်နံပါတ်မှားလွှဲမိပါကြောင်း အခိုင်အမာငြင်းချက်ထုတ်နေလေရာ သူတို့က သူ့ကို ဘာများလုပ်နိုင်မည်တဲ့လဲ။

"ဒီပိုက်ဆံတွေနဲ့ပတ်သက်ပြီး.. တောင်းပန်ပါတယ် မစ္စတာကျန်း နိုင်ငံခြားငွေဆိုတော့ ကျွန်တော်တို့အနေနဲ့ သူ့ရဲ့မူလဇစ်မြစ်ကို သိရမှဖြစ်မယ်ဗျ"

"အိုး.. တခြားတော့မဟုတ်ပါဘူး။ အာဖရိကမှာရှိတဲ့ ကျွနတော့်မိုင်းတွင်းကထွက်တဲ့ ဆီတွေကို ဆိုက်ဘေးရီးယားကို ရောင်းထားတာလေ။ ဒီပိုက်ဆံတွေက အဲ့ဒီကရတာပါ။ လိုအပ်ရင် ကျွန်တော် ငွေလွှဲမှတ်တမ်းတွေပြပေးနိုင်ပါတယ်"

"အဟင်း မလိုအပ်တော့ဘူးထင်တယ်"

ရဲအရာရှိကြီးခမျာ တံတွေးမျိုချလိုက်မိသည်။ ကျန်းမုန်လောင်က ဆီမိုင်းတွင်းတစ်ခုကိုပင် ပိုင်ဆိုင်ထားသည်တဲ့။ သူများတကာထက် သာလွန်သောလူဆိုသည်မှာ ယခုလိုမျိုးပင်။

"မစ္စတာကျန်း.. ခင်ဗျား ခုနကပြောတဲ့အလှူငွေဆိုတာ..."

ရဲအရာရှိကြီးမှာ ထိုကိစ္စကို အစဖော်ရန် တွေဝေတွန့်ဆုတ်နေချေသည်။

"အိုး ဟုတ်သားပဲ။ ကျွန်တော်မေ့တော့မလို့"

ကျန်းမုန့်လောင် သူ့နဖူးသူ ရိုက်ချလိုက်သည်။

"ဝူယွင်ရဲ့အကောင့်ထဲမှာ ဒေါ်လာတစ်ဘီလီယံရှိတယ်မလား။ အဲ့ဒါကို ကျွန်တော့်ဆီ ပြန်လွှဲစရာမလိုဘူး။ ခင်ဗျားအကောင့်ထဲကိုသာ လွှဲလိုက်"

"မစ္စတာကျန်း.. ခင်ဗျားပြောထားတာက သန်းငါးဆယ်လေ။ ဒါပေမဲ့ အခု တစ်ဘီလီယံဖြစ်နေတာဆိုတော့ ကျန်တဲ့သန်းငါးဆယ်ကို ဘယ်လိုလုပ်လိုက်ရမလဲ။ ကျွန်တော်တို့ ဘယ်ကိုလွှဲပေးရမလဲ"

"ဟင်.. ကျွန်တော် သန်းငါးဆယ်လို့ပြောလိုက်တာလား။ တစ်ဘီလီယံလို့ပြောလိုက်တယ်ထင်နေတာ"

ကျန်းမုန့်လောင်က စွန်းယွီလဲ့ဘက်သို့ လှည့်လိုက်သည်။

"ယွီလဲ့.. ငါ သန်းငါးဆယ်လို့ပြောလိုက်မိလို့လား"

"မင်း ငါ့ကိုလာနောက်နေတာမလား"

စွန်းယွီလဲ့က ကျန်းမုန့်လောင်ကို စနောက်ကျီစယ်လိုဟန်ဖြင့် လက်သီးနှင့်တစ်ချက်ထိုးလိုက်သည်။

"ဟားဟား မစ္စတာကျန်း.. ခင်ဗျားက ဒီလိုကိစ္စမျိုးကိုလည်းမေ့တတ်တာပဲ"

သန်းငါးဆယ်အလှူငွေကို တစ်ဘီလီယံနှင့် အမှတ်မှားခြင်းမှာ ကျန်မုန့်လောင်တစ်ယောက်တည်းသာ လုပ်နိုင်သော ကိစ္စတစ်ခုပင်။

"ထားလိုက်တော့။ ထားလိုက်တော့။ အဲ့ဒီသန်းငါးဆယ်ကို ပြန်လွှဲပေးစရာမလိုဘူး။ လှည့်ကင်းကားနဲ့ ကိရိယာတန်ဆာပလာနည်းနည်းလောက်ထပ်ဝယ်လိုက်ပါ။ ရဲဌာနကို ကျွန်တော် ထောက်ပံ့ပေးတယ်လို့ သဘောထားလိုက်ပေါ့"

"မစ္စတာကျန်း.. ကျွန်တော် ခင်ဗျားကိုလိုက်ပို့ပေးပါရစေ"

"မလိုပါဘူးဗျာ။ ကျွန်တော်တို့ဘာသာပဲ သွားလိုက်ပါ့မယ်။ ကျန်တာကိုတော့ ကျွန်တော်တို့ရှေ့နေတွေကပဲ ကိုင်တွယ်ပါလိမ့်မယ်"

"ကောင်းကောင်းသွားပါ.."

...

စွန်းယွီလဲ့နှင့် ကျန်းမုန့်လောင်တို့လည်း ထိုနေရာမှ အတူထွက်လာခဲ့လိုက်သည်။

"သွားရအောင်.. ရှုလီနဲ့တခြားလူတွေကို ခေါ်လိုက်လေ။ ငါတို့ ဒီညအောင်ပွဲခံတဲ့အနေနဲ့ ညစာအတူစားရအောင်"

"မုန့်လောင်.. ဒီတစ်ခေါက်တော့ ငါ မင်းကို ကျေးဇူးကြွေးတင်သွားပြီ"

စွန်းယွီလဲ့က အမြဲတစေ ရိုးသားဖြောင့်မတ်သော လူတစ်ယောက်ဖြစ်သည်။ ဤတစ်ခေါက်တွင် သူ့ဂုဏ်သိက္ခာကို အဖတ်ဆည်နိုင်ခဲ့သည်မှာ ကျန်းမုန့်လောင်၏ကျေးဇူးကြောင့်ဆိုသည်ကို သူသိသည်။

"အဖေတစ်ယောက်အနေနဲ့ ကိုယ့်သားကိုယ်စောင့်ရှောက်တာ သဘာဝပါပဲ"

ကျန်းမုန့်လောင်က စနောက်ကျီစယ်လေဟန်ဖြင့် ပြောလိုက်သည်။

...

"ဆစ်.."

ဟော့ပေါ့အိုးက အငွေ့ငွေ့တထောင်းထောင်းထနေချေပြီ။

ဤနေရာမှာ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ တစ်ဖက်ရှိ ရင်ပြင်တစ်ခုမှာ တည်ရှိပြီး ဈေးနှုန်းသင့်တင့်ကာ အလွန်လူကြိုက်များသော နေရာတစ်ခုဖြစ်သည်။ ဤနေရာသည် ကျန်မုန့်လောင်နှင့် သူ့အခန်းဖော်တို့ နှစ်ပေါင်းများစွာကြာအောင် မကြာခဏလာစားတတ်သည့် နေရာပင်။

အိမ်ချက်အရသာကို မမီသော်ငြား ယခုလိုခင်မင်မှုမျိုးကို ငွေနှင့်ဝယ်ယူ၍မရနိုင်ပေ။

"ဒီတော့ မင်းက အဲ့ဒီကုမ္ပဏီကိုဝယ်ပစ်လိုက်ပြီး လောင်စွန်းရဲ့နာမည်အောက်ကို လွှဲပြောင်းပေးလိုက်တာပေါ့"

"ဟုတ်တယ်။ မင်း အဲ့ဒီအချိန်တုန်းက ဖြစ်ပျက်သွားတဲ့ ဝူယွင်ရဲ့မျက်နှာကိုမြင်လိုက်ရမှာ။ မသိရင် သူ့အိမ်ထောင်စုစာရင်းထဲမှာ သူတစ်ယောက်တည်းကျန်ခဲ့သလိုပုံစံမျိုးနဲ့"

"ဟေး မုန့်လောင်.. မင်း ကုမ္ပဏီကို ငါ့နာမည်နဲ့လွှဲပြောင်းလိုက်တာလား။ အဲ့ဒီစာရွက်စာတမ်းတွေကရော အစစ်တွေလား"

"ဒါပေါ့ အစစ်တွေလေ"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"သူတို့သာ တကယ်စစ်ဆေးကြည့်လိုက်လို့ စာရွက်စာတမ်းတွေက အတုဖြစ်နေခဲ့ရင် မင်းတင်မကဘူး။ ငါပါပြဿနာတက်မှာလေ"

"ဒါဆို ငါက တကယ်ကြီး အဲ့ဒီNasအုပ်စုရဲ့ရှယ်ယာတွေကိုပိုင်တာပေါ့"

"ရှယ်ယာစာချုပ်တွေက ငါ့လက်ထောက်ဆီမှာရှိတယ်။ မင်းကြည့်လို့ရအောင် တောင်းပေးရမလား"

ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။

"ထားလိုက်ပါတော့။ ထားလိုက်ပါတော့။ ငါ အဲ့လိုအရာမျိုးကို မကိုင်တွယ်နိုင်ဘူး။ အမေရိကန်ဒေါ်လာတစ်ဘီလီယံအကြောင်းသာ ပြောနေတာ။ ငါသာ အဲ့ဒါကိုကိုင်ထားရရင် လက်တွေတောင်တုန်နေမှာ။ မင်း မြန်မြန်ပြန်ယူလိုက်တာကောင်းမယ်"

စွန်းယွီလဲ့ ထိုသို့ပြောလိုက်သည်။

"ပြန်ယူရမှာလား။ ဘာလို့ပြန်ယူရမှာလဲ"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"ငါကဖြင့် မင်းတို့သုံးယောက်ကို အညီအမျှခွဲပေးဖို့တောင် စီစဉ်နေတာ။ မင်းတို့ အဲ့ဒီကုမ္ပဏီကို စီမံခန့်ခွဲလို့ရတယ်လေ"

"မင်း ဘာပြောလိုက်တယ်"

သူတို့သုံးယောက်သား တစ်ပြိုင်တည်းရေရွတ်လိုက်မိသည်။

"မင်းတို့တွေက အခုထိအလုပ်မရသေးဘူး။ တကယ်လို့ အလုပ်ရသွားခဲ့ရင်တောင် လခစားတွေပဲဖြစ်နေဦးမှာ။ ဘယ်အချိန်အလုပ်ရပြီး ဘယ်အချိန်အထုတ်ခံရမလဲဆိုတာက မင်းတို့သူဌေးတွေပေါ်မှာပဲ မူတည်နေတာ။ ကိုယ်ပိုင်ကုမ္ပဏီတစ်ခုရှိတော့ ပိုမသက်သာဘူးလား"

"ဒါက ဘီလီယံနဲ့ချီပြီးတန်တာနော်။ မင်း နောက်နေတာတော့မဟုတ်ဘူးမလား"

"ဟုတ်တယ်။ ငါတို့က အခုမှ ရုပ်ဝတ္ထုသိပ္ပံဘွဲ့ရခါစပဲရှိသေးတာ။ စမ်းသပ်မှုတွေလုပ်ရရင်တော့ ငါတို့အဆင်ပြေပေမဲ့ ကုမ္ပဏီတစ်ခုကို ကြီးကြပ်ရတာကျတော့ အဓိပ္ပာယ်မရှိဘူးလေကွာ"

"ချမ်းသာတဲ့ဘဝမှာနေထိုင်ဖို့ဆိုတဲ့စကားက ဟာသများမှတ်နေလား"

ကျန်းမုန့်လောင် ဒေါသထွက်သွားလေသည်။

"ငါ့ညီအစ်ကိုတွေက လခစားတွေမဖြစ်ရဘူး။ ကုမ္ပဏီကိစ္စကို စိတ်မပူနဲ့။ မင်းတို့ကိုကူညီပေးမဲ့ ကျွမ်းကျင်မန်နေဂျာတွေရှာပေးမယ်။ မင်းတို့ဘက်က သင်ယူလိုစိတ်ရှိသရွေ့ မြန်မြန်တိုးတက်လာမှာပါ"

"ဒါပေမဲ့..."

"ဘာဒါပေမဲ့မှမရဘူး"

ကျန်းမုန့်လောင်က သူတို့ကို ငြင်းခွင့်မပေးပေ။

"ဒီကိစ္စကို ငါ အပြတ်ပြောလိုက်မယ်။ ပြီးတော့ ကျန်တဲ့ကုမ္ပဏီရှယ်ယာတွေကိုလည်း ငါဝယ်ပြီးပြီ။ အခု ငါတို့တစ်ယောက်ချင်းစီတိုင်း လေးပုံတစ်ပုံပိုင်ထားတယ်။ မင်းတို့ ကောင်းကောင်းမွန်မွန်စီမံကြနော်။ အဆင်မပြေလို့ကတော့ မင်းတို့တစ်သက်လုံး နောင်တရသွားရလိမ့်မယ်"

ကျန်းမုန့်လောင်၏စကားများကို ကြားသောအခါ အကုန်လုံး ရင်ထဲထိရှသွားရသည်။ ယခုလိုအံ့သြဖို့ကောင်းသည့် အခန်းဖော်တစ်ယောက်ကို ပိုင်ဆိုင်ထားခြင်းမှာ ယခင်ဘဝတုန်းက သူတို့ စကြဝဠာကြီးကိုများ ကယ်တင်ထားခဲ့လို့လား။

"ကောင်းပြီလေ။ မင်း အခုလိုပြောနေမှတော့ ငါတို့လည်း ဒီကုမ္ပဏီကို စီမံဖို့အတွက် အကောင်းဆုံးကြိုးစားပါ့မယ်

"အဲ့ဒါမှပေါ့"

ကျန်းမုန့်လောင်လည်း သူ့ခွက်ကိုမြှောက်ပြီး အခြားသူများနှင့် ခွက်ချင်းတိုက်လိုက်သည်။

"မုန့်လောင်.. မွန်ဂိုလီးယားက စားကျက်မြေနဲ့ သိုးတွေတစ်ဝက်လောက်ကို မင်းပိုင်တယ်ဆိုတာက နောက်နေတာမလား"

စွန်းယွီလဲ့သည် အစောပိုင်းက ကျန်းမုန့်လောင်ကြွားဝါခဲ့သော စကားများကို ပြန်အမှတ်ရလိုက်သည်။

"မင်းကတော့ တကယ်ပါပဲ။ မွန်ဂိုလီးယားစားကျက်မြေတစ်ဝက်က ဘယ်လောက်တောင်ကျယ်လိုက်မလဲ"

"ငါနောက်နေတယ်လို့ ဘယ်သူပြောလဲ"

ကျန်းမုန့်လောင်က စားပွဲပေါ်သို့ သူ့ခွက်ကိုပြန်ချလိုက်သည်။

"တစ်ဝက်တော့မဟုတ်ဘူးပေါ့။ ဒါပေမဲ့ စားကျက်မြေသုံးပုံနှစ်ပုံလောက်ကိုတော့ ငါ့မိသားစုက စာချုပ်ချုပ်ထားတာ။ ပြီးတော့ မွန်ဂိုလီးယားမှာရှိတဲ့ကျွဲနွားတိရစ္ဆာန်တွေနဲ့သိုးအများစုကတော့ တကယ့်ကိုငါ့အပိုင်ပဲ"

...

All Chapters