ကျွန်တော် ကုမ္ပဏီတစ်ခုလုံးမှာရှိတဲ့လူတွေကိုဝယ်လိုက်တာလေ
Vol. 7 Ch. 92
"သန်း..သန်းတစ်ရာလား"
ရဲအရာရှိကြီး၏မျက်လုံးများမှာ မျက်လုံးအိမ်ထဲမှ ကျွတ်ကျတော့မတတ်ပင်။ သူ့ဘဝတွင် ဤမျှများပြားသောပမာဏကို တစ်ခါမှမတွေ့ဖူးပေ။
"ဒီပိုက်ဆံတွေက ဘယ်ကရောက်လာတာလဲ"
ရဲအရာရှိ၏အကြည့်က ဝူယွင်ထံသို့ ကျရောက်လာသည်။
"မန်နေဂျာဝူ.. ကျွန်တော်မှတ်မိတာသာ မမှားဘူးဆိုရင် ခင်ဗျားရဲ့တစ်နှစ်ဝင်ငွေက သုံးသိန်းနဲ့လေးသိန်းကြားပဲရှိတာမလား"
ပုံမှန်အခြေအနေမျိုးမှာဆိုလျှင် သူ့အကောင့်ထဲသို့ ပိုက်ဆံသန်းတစ်ရာဝင်လာသည်ကို တွေ့လိုက်ရပါက ဝူယွင် အိပ်မက်ထဲမှာပင် ရယ်မောနေမိမည်သာ။ သို့သော် ယခုအခိုက်အတန့်လေးမှာမူ သူ့ဖုန်းကိုပင် ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်ချင်မိသည်။
သူ့အကောင့်ထဲသို့ ပိုက်ဆံသန်းတစ်ရာ ဘာလို့ရောက်လာသလဲဆိုသည်ကို သူ ဘယ်လိုသိနိုင်မည်လဲ။ သူလုပ်ခဲ့သည့်ကိစ္စမှာ တစ်ခုတည်းသာရှိသည်။ ထိုအတွက်လည်း သူရရှိခဲ့သည့်အမြတ်ငွေက တစ်သန်းမျှသာရှိ၏။ ထို့ပြင် ဤပရောဂျက် အောင်မြင်ပြီးစီးသွားခဲ့လျှင်ပင် ကုမ္ပဏီ၏အမြတ်ငွေမှာ သန်းတစ်ရာမကျော်ချေ။ သူတို့ ရူးသွားတာများလား။
"သူပဲ။ သူပဲဖြစ်ရမယ်"
ဝူယွင်က ကျန်းမုန့်လောင်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
"ဒီပိုက်ဆံက သူလွှဲလိုက်တာပဲဖြစ်မယ်"
"ခင်ဗျားမှာ သက်သေရှိလား"
ကျန်းမုန့်လောင်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်လေသည်။
"ရဲအရာရှိကြီး.. ဒီအကောင့်က ကျွန်တော့်အကောင့်ဟုတ်မဟုတ် ခင်ဗျားစုံစမ်းကြည့်လို့ရပါတယ်"
"ဟေး.. လျိုရွေ့ ဘဏ်အကောင့်တစ်ခုကို စစ်ဆေးပေးပါဦး"
ရဲအရာရှိဖြစ်သူက သူ့လုပ်ဖော်ကိုင်ဖက်ကို ချက်ချင်းဖုန်းဆက်လိုက်သည်။
သို့သော် ရလဒ်ကား ခပ်မြန်မြန်ထွက်ပေါ်လာသည်။ ဝူယွင့်ဆီကို ပိုက်ဆံလွှဲလိုက်သောအကောင့်က ကျန်းမုန့်လောင်၏အကောင့်မဟုတ်ပါဘဲ လီလီဟုခေါ်သော အိမ်ခြေရာမဲ့အမျိုးသားတစ်ယောက်၏ အကောင့်ဖြစ်ကြောင်း သိလိုက်ရသည်။ ဤသည်မှာ ငွေကြေးခဝါချဖို့အတွက် အသုံးချသည့်အကောင့်တစ်ခုဖြစ်သည်မှာ ရှင်းနေချေသည်။
"အဲ့ဒါ ကျွန်တော့်အကောင့်မဟုတ်ပါဘူးလို့ပြောသားပဲ"
ကျန်းမုန့်လောင်က ပခုံးတွန့်ပြလိုက်သည်။ လျှို့ဝှက်ငွေလွှဲရမည့် နည်းလမ်းများစွာရှိနေသည်ဖြစ်ရာ ကျန်းမုန့်လောင်အနေနှင့် သူ့အဆက်အသွယ်များကို အသာလေးဖုန်းဆက်လိုက်လို့ရသည်။
"ကဲ အခု ဒီကိစ္စကိုရှင်းပြပါတော့ မန်နေဂျာဝူ"
"ကျုပ်..ကျုပ်.."
ဤတစ်ခေါက်တွင်မူ သူ့ခန္ဓာကိုယ်အနှံ့မှာ ပါးစပ်ပေါက်များစွာရှိနေလျှင်တောင် အကြောင်းပြချက်တစ်ခုမျှ ထွက်မလာတော့ပေ။ ဤပိုက်ဆံများ ဘယ်ကရောက်လာသလဲဆိုသည်ကို သူ တကယ်မသိချေ။
"သန်းတစ်ရာဆိုတာက ပမာဏအများကြီးပဲနော်။ ကျွန်တော်ကတော့ ခင်ဗျားများ နိုင်ငံတော်အဆင့်လျှို့ဝှက်ချက်တစ်ခုခုကိုများ ဖော်ထုတ်ခဲ့လို့ တစ်ဖက်လူက ဒီလောက်ပမာဏအများကြီးပေးတာလားဆိုပြီး သံသယဖြစ်မိနေပြီ"
ကျန်းမုန့်လောင်က ထေ့ငေါ့ဟန်ဖြင့် ပြောလာလေသည်။
"မင်း.. မင်း ပေါက်ကရတွေလာပြောနေတာပဲ"
"ဒါဆိုလည်း ခင်ဗျားမှာသတ္တိရှိရင် ကျွန်တော့်ကိုတရားစွဲလိုက်လေ"
ကျန်းမုန့်လောင်က ရယ်မောလိုက်ချေသည်။
"ဒါမှမဟုတ် ဒီပိုက်ဆံတွေ ဘယ်ကရောက်လာလဲဆိုတာကို အရင်ရှင်းပြလိုက်တာ ပိုကောင်းမယ်။ ရှင်းပြလို့မရနိုင်တဲ့ပိုင်ဆိုင်မှုသန်းတစ်ရာဆိုတာက ခင်ဗျား ရှစ်နှစ်ဆယ်နှစ်လောက်ရှာရင်တောင် လောက်မှာမဟုတ်ဘူးမလား"
ကျန်းမုန့်လောင်၏ ပြဿနာမှုကြောင့် ဝူယွင်သည် အလွန်ဒေါသထွက်လွန်း၍ ဆွေ့ဆွေ့ခုန်နေပါသော်လည်း ကူကယ်ရာမဲ့နေရပြန်သည်။
ထိုအခိုက်အတန့်ဝယ် ရဲအရာရှိကြီး၏ဖုန်းက ထမြည်လာသည်။
"လျူရွေ့လား။ ဘာဖြစ်လို့လဲ။ အခုပေးလိုက်တဲ့အကောင့်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်တစ်ခုခုရလာလို့လား"
"ဘာမှမသိရပါဘူး"
ထိုအရာရှိက ပြောလိုက်သည်။
"ကျွန်တော် အဲ့ဒီအကောင့်ရဲ့ ငွေကြေးချိတ်ဆက်မှုကြီးကို ခြေရာခံဖို့အတွက် လူတစ်ယောက်က်ုခိုင်းခဲ့ပါတယ်။ လမ်းကြောင်းက ဆိုက်ဘေးရီးယားဘက်ကို ရောက်သွားပါတယ်။ ဆက်စုံစမ်းနေမယ်ဆိုရင်တောင် ဘာမှရှာတွေ့မှာမဟုတ်ပါဘူး"
"ဆိုက်ဘေးရီးယား..."
ဤအကောင့်က ကျန်းမုန့်လောင်နှင့် ပတ်သက်မှုရှိကြောင်း သက်သေမပြနိုင်သော်လည်း ဤပိုက်ဆံသည် ကျန်းမုန့်လောင်နှင့် ပတ်သက်နေရမည်ဖြစ်ကြောင်း သူ့ဘက်က ရာနှုန်းပြည့်သေချာသည်။
"ဒီတော့ မင်းက ငါ့ကို ဘာပြောချင်လို့ဆက်လိုက်တာလဒ"
"အခုလေးတင်.. လူတစ်ယောက် လာဝန်ခံသွားတယ်"
"လာအဖမ်းခံသွားလား။ ဘယ်သူလဲ"
"လျူနင်လို့ခေါ်တဲ့ အမျိုးသားတစ်ယောက်ပဲ။ Rezeအီလက်ထရောနစ်ကုန်သွယ်ရေးမူပိုင်ကုမ္ပဏီတစ်ခုရဲ့ ဈေးကွက်မန်နေဂျာပါ"
"Rezeလား။ ဒီအမှုမှာ ပရောဂျက်ကိုလုသွားတဲ့ကုမ္ပဏီမလား"
"ဟုတ်ပါတယ်။ ပရောဂျက်ကိုရသွားတဲ့ အဲ့ဒီကုမ္ပဏီပါပဲ။ အဲ့ဒီဈေးကွက်မန်နေဂျာက သူ Nasအုပ်စုက ပရောဂျက်မန်နေဂျာနဲ့အတူပူးပေါင်းပြီး ထောက်ပံ့သူဆီက သီးသန့်ခွဲဝေခွင့်ကိုရဖို့ လာဘ်စားခဲ့တယ်တဲ့"
"ဘာ.. အဲ့လိုကိစ္စမျိုးလည်းရှိသေးတာလား။ သူက ကိုယ်တိုင်လာအဖမ်းခံတယ်ပေါ့"
"အဲ့လိုတော့မဟုတ်ပါဘူး။ ကုမ္ပဏီတစ်ခုလုံးက ဒီအမှုမှာပါဝင်လာကြပြီး လျူနင်က တရားမဝင်စီးပွားရေးအပေးအယူကို ပြုလုပ်ခဲ့ပါတယ်ဆိုပြီး တင်ပြခဲ့တယ်တဲ့။ သူတို့က သက်သေတွေအများကြီးကိုတောင် ထုတ်ပြခဲ့ကြတာ။ အဲဒီဖိအားတွေကို ခံနိုင်ရည်မရှိတော့တာနဲ့ လျူနင်ကလည်း အကုန်လုံးကိုဝန်ခံလာတော့တာပေါ့"
"ဒါက ဘယ်လိုလှည့်ကွက်မျိုးလဲဟ။ အဲ့ဒီကုမ္ပဏီက အဆိပ်ပြင်းတာပဲ"
ရဲအရာရှိကြီးခမျာ မထေ့ငေါ့ဘဲမနေနိုင်တော့ပေ။
"ငါသိပြီ။ ငါ ပြန်လာခဲ့မယ်"
"ဝူယွင်.. အခု ခင်ဗျားကို တရားမဝင်စီးပွားပြိုင်မှုနဲ့ပတ်သက်ပြီး သံသယရှိနေလို့။ ကျွန်တော်တို့နဲ့အတူ စခန်းကိုလိုက်လာပေးမှဖြစ်မယ်"
"ဘာ"
"လျူနင်လို့ခေါ်တဲ့ လူတစ်ယောက်က အခုလေးတင် သူ့ကိုယ်သူအပြစ်ဝန်ခံသွားပြီလေ။ ပြီးတော့ ဒီကိစ္စတွေအားလုံးက ခင်ဗျားနဲ့အတူပူးပေါင်းခဲ့တာပါလို့လည်းပြောသွားတယ်"
သူက စွန်းယွီလဲ့ကိုပြောလိုက်လေသည်။
"ကျွန်တော်တောင်းပန်ပါတယ် မစ္စတာစွန်း.. ကြည့်ရတာ ကျွန်တော်တို့ ဒီအမှုကို စေ့စေ့စပ်စပ်မစစ်ဆေးခဲ့ရတဲ့ပုံပဲ။ ခင်ဗျား ထွက်ဆိုချက်ပေးဖို့ ကျွန်တော်တို့နဲ့အတူ စခန်းကိုလိုက်ခဲ့ပေးလို့ရမလား"
"ရပါတယ်"
စွန်းယွီလဲ့ကလည်း ခေါင်းညိတ်ပြလိုက်သည်။ ဝူယွင်၏ကြံရာပါသည် ဘာကြောင့်များ ဤသို့နှယ်အပြစ်ဝန်ခံသွားသလဲဆိုသည်ကို သူ နားမလည်နိုင်ပေ။
...
"ဒါ..ဒါက အပြစ်လာဝန်ခံတဲ့လူတစ်ယောက်တဲ့လား"
ရဲစခန်းသို့ရောက်သွားသောအခါ လော်ဘီထဲသို့ဝင်လိုက်ချိန်ဝယ် လူတိုင်း အံ့သြမှင်တက်သွားရလေသည်။
ကြမ်းပြင်ပေါ်တွင် လူအယောက်ရာဂဏန်းမျှ ဝိုင်းဖွဲ့နေကာ တချို့က နံရံကိုမှီ၍ သီချင်းနားထောင်နေကြပြီး တချို့ကတော့ ဂိမ်းကစားနေကြသည်။ တချို့ကတော့ စကားပြောရင်း ရယ်လိုက်မောလိုက်လုပ်နေကြသည်။ တစ်ယောက်ချင်းစီသည် ပျော်စရာကောင်းသော ပွဲတော်ကြီးတစ်ခုကို ဆင်နွှဲနေရသည့်အလား ပြုံးရွှင်နေကြလေသည်။
"ဒီမှာဘာတွေဖြစ်နေတာလဲ။ ဒီလူတွေက အလုပ်မလုပ်ကြဘူးလား"
စွန်းယွီလဲ့က သူတို့ကိုကြည့်၍ လုံးဝစိတ်ရှုပ်ထွေးသွားရသည်။
"ခင်ဗျားယုံမှာတောင်မဟုတ်ဘူး"
နောက်ထပ်ရဲအရာရှိတစ်ယောက်က ရောက်လာပြီး ပြောပြနေလေတော့သည်။
"ဒီကုမ္ပဏီမှာ သူဌေးဖြစ်သူကိုဖယ်ထားလိုက်ရင် စုစုပေါင်းလူအယောက်၃၄၂ယောက်ရှိတာလေ။ ၃၄၁ယောက်က ကျွန်တော်တို့ဆီကို လျူနင်ရဲ့လာဘ်စားမှုအတွက် သက်သေအထောက်အထားတွေ တစ်ညီတစ်ညွတ်တည်း ပို့ပေးခဲ့တယ်။ စည်းလုံးလွန်းတဲ့ ဒီလိုကုမ္ပဏီမျိုးကို ကျွန်တော်ပထမဆုံးမြင်ဖူးတာပဲ"
"ခင်ဗျားတို့တွေအကုန်လုံးက လျူနင်ကိုစွဲချက်တင်ဖို့ သက်သေခံပေးကြမလို့လား"
ကျန်းမုန့်လောင်နှင့်အတူ ပါလာသော ရဲအရာရှိတစ်ယောက်က မေးလိုက်လေသည်။
"ဟုတ်ပါတယ် အရာရှိကြီး.. လျူနင်က ဒီပရောဂျက်အတွက် ဒီသီးသန့်အေဂျင်စီမူပိုင်ခွင့်ကိုရဖို့ Nasအုပ်စုရဲ့ ပရောဂျက်မန်နေဂျာကို ငါးသိန်းပေးခဲ့ပါတယ်"
"ကျွန်တော်တို့မှာ ကုမ္ပဏီအစည်းအဝေးခန်းထဲက ဗီဒီယိုဖိုင်လည်းရှိပါတယ်။ အဲ့ဒါကို ကျွန်တော်တို့ကုမ္ပဏီထဲက နည်းပညာရှင်ရဲ့ စောင့်ကြည့်မှတ်တမ်းထဲက ယူလာတာပါ"
"အသံကလည်း ကြည်လင်ပြတ်သားနေတာပဲ။ အမြင့်ဆုံးအဆင့်အထိ အဆင့်မြှင့်ထားတာမို့ အသေးစိတ်အားလုံးကို ပြတ်ပြတ်သားသားကြားရပါတယ်"
"ဟုတ်ပါတယ်။ ပြီးတော့ ကိစ္စတွေအားလုံးအနည်ထိုင်သွားပြီး မြေစာပင်လည်း အပြစ်ပေးခံလိုက်ရပြီဆိုရင် နောက်ထပ်ငွေငါးသိန်း ထပ်လွှဲပေးမယ်လို့ ကတိပေးထားကြပါသေးတယ်"
"ကျွန်တော် အဲဒီ့နေ့တုန်းက သန့်စင်ခန်းကိုသွားရင်းနဲ့ မန်နေဂျာဖုန်းပြောနေတာကို ကြားခဲ့ရပါတယ်။ ကျွန်တော် အသံတောင်သွင်းထားပါသေးတယ်"
"မင်း...."
ဤသည်မှာ အလွန်ဖြောင့်မတ်မှန်ကန်သော လုပ်ရပ်တစ်ခုဖြစ်သော်ငြား ဤကိစ္စတွင် သူတို့ကုမ္ပဏီ၏ အကျိုးအမြတ်များ ပါဝင်ပတ်သက်နေသည်။ ဤကိစ္စသာ ဖော်ထုတ်ခံလိုက်ရပါက မည်သူမှ သူတို့ကုမ္ပဏီနှင့် လက်တွဲရဲတော့မည်မဟုတ်။ ကုမ္ပဏီသာ ပြိုလဲသွားလျှင် သူတို့အားလုံးလည်း အလုပ်လက်မဲ့ဖြစ်သွားရပေလိမ့်မည်။ ဤအချက်ကို သူတို့အားလုံး မစဉ်းစားမိကြဘူးလား။
"မင်းတို့တွေအားလုံးက ဒီစျေးကွက်မန်နေဂျာနဲ့ ရန်ငြိုးရှိလို့လား"
"မရှိပါဘူး"
အားလုံးတညီတညွတ်တည်း ခေါင်းခါပြလိုက်ကြသည်။
"ဒါဆိုရင် သူက မင်းတို့ရဲ့အကျိုးအမြတ်တွေကို ဆုံးရှုံးအောင်လုပ်ခဲ့လို့လား"
လူအုပ်ကြီးသည် နောက်တစ်ခါထပ်ပြီးခေါင်းခါပြလိုက်ကြသည်။
"ဒါဆို မင်းတို့.."
"အဲဒီမေးခွန်းကို ကျွန်တော်ဖြေပါရစေ"
ကျန်းမုန့်လောင်က ခပ်ပြုံးပြုံးလေးဖြင့် ရှေ့တိုးလာရင်း ပြောလိုက်သည်။
"ကျွန်တော့်ညီအစ်ကိုက ဒီပရောဂျက်အသင်းထဲမှာ အလုပ်လုပ်တာလေ။ ဒီကိစ္စကို သူလုပ်ခဲ့တာမဟုတ်ဘူးဆိုရင် ဖြစ်နိုင်ခြေအရှိဆုံးကတော့ သူ့ကြီးကြပ်ရေးမှူးပဲပေါ့။ ဒီလိုလုပ်ရပ်မျိုးကိုသာ တစ်ယောက်ယောက်က တကယ်ကျူးလွန်ခဲ့တယ်ဆိုရင် ကျွမ်းကျင်သူတို့ ပါရမီရှင်တို့မဟုတ်သရွေ့ သဲလွန်စတစ်ခုခုတော့ ချန်ထားခဲ့မိမှာပဲ"
"Nasအုပ်စုသာ ပြိုလဲသွားခဲ့ရင် အေဂျင်စီမူပိုင်ခွင့်ကိုရသွားတဲ့ကုမ္ပဏီက အကျိုးအမြတ်အများဆုံးရမှာပဲလေ။ အဲဒါကြောင့် ဝူယွင်နဲ့အတူပေါင်းကြံတဲ့လူက Rezeယဉ်ကျေးမှုနဲ့မီဒီယာကပဲဖြစ်မှာ။ နည်းနည်းလောက်စုံစမ်းလိုက်တာနဲ့ အကုန်ပေါ်မှာပဲမဟုတ်လား"
"ဒါပေမဲ့ အကုန်လုံးက ဘာလို့ရှေ့ထွက်ပြီး သတင်းပေးလာကြတာလဲ။ သူတို့က သူတို့ကုမ္ပဏီကိုတောင် အရေးမလုပ်ဘူးပေါ့"
ဤအချက်ကို လူတိုင်း နားမလည်နိုင်လောက်အောင်ဖြစ်နေသည်။
လူအနည်းငယ်မျှသာ သိထားသောကိစ္စဆိုလျှင် ကုမ္ပဏီအတွင်းမှာသာ သတင်းဖြန့်ကြလိမ့်မည်ဖြစ်၏။ သက်သေထွက်ဆိုပေးရန်အတွက် လူအယောက်တစ်ရာကျော်ရှေ့ထွက်လာခြင်းမှာ အဓိပ္ပာယ်မရှိပေ။
"ဘာတွေများခက်ခဲနေလို့လဲ"
ကျန်းမုန့်လောင်က ရယ်လိုက်ချေသည်။
"အကုန်လုံးက လခစားတွေပဲလေ။ အလုပ်လုပ်နေတယ်ဆိုတာကလည်း ပိုက်ဆံကြောင့်ပဲကိုး။ အလုပ်ပြောင်းတယ်ဆိုတာက အလွယ်ကူဆုံးကိစ္စတစ်ခုပါ"
"ခင်ဗျား ဘာလုပ်လိုက်တာလဲ"
"ဘာရယ်မဟုတ်ပါဘူး။ တစ်ယောက်ကို ပိုက်ဆံ၅သိန်းစီပေးပြီး ကျန်းနန်မြို့က Unicornအုပ်စုရဲ့ဒုရုံးခွဲမှာ အလုပ်လုပ်ရမယ်လို့ကမ်းလှမ်းပြီး ကုမ္ပဏီတစ်ခုလုံးမှာရှိတဲ့လူတွေကိုဝယ်လိုက်တာလေ။ အဲဒီအကြောင်းကို သိထားတဲ့လူတွေက သတင်းပို့ကြတော့တာပေါ့။ မသိထားတဲ့လူတွေကလည်း သက်သေတွေကို စရှာကြတော့တာပဲ။ အဲဒီလိုနဲ့ပဲ ကိစ္စက မြန်မြန်ဖြေရှင်းပြီးသွားတာ"
စွန်းယွီလဲ့ကတော့ လက်မသာထောင်ပြလိုက်တော့သည်။
"မင်းက အရမ်းအံ့သြဖို့ကောင်းတာပဲ။ ငါရှုံးပါတယ်။ တကယ်ကိုပဲ ငွေကစကားပြောတာပဲနော်"
....