အခန်း (၁၁၃)
Vol. 10 Ch. 113
တောင်သူဦးကြီးသည် မြည်းလှည်းကို မောင်းနှင်ရင်း ဖေးကျန့် နှင့် စကားစမြည် ပြောနေသည်။
"လူလေး၊ စစ်တပ်ကို အလည်လာတာလား"
ဝန်ထုပ်ဝန်ပိုးများ မရှိတော့သဖြင့် ဖေးကျန့် သည် ပိုမိုပေါ့ပါးစွာ လမ်းလျှောက်နိုင်ပြီး စကားပြောချင်စိတ် ပိုရှိလာသည်။
"အဲ့လိုသဘောမျိုးပါပဲ ဦးလေး။ ကျွန်တော့်အဖေက စစ်ထဲမှာ အမှုထမ်းနေတာ၊ ကျွန်တော်က သူ့နောက်လိုက်လာတာပါ"
တောင်သူဦးကြီးက ဖေးကျန့်ကို အပေါ်အောက် ကြည့်လိုက်သည်။
"မင်းက ဆယ့်ရှစ်၊ ဆယ့်ကိုးနှစ်လောက် ရှိနေပြီ။ မင်းအဖေက အသက်ဘယ်လောက်ရှိပြီလဲ။ သူ စစ်တပ်ထဲမှာ ဆက်နေနိုင်သေးလို့လား"
ဖေးကျန့် က ပြုံးလိုက်ပြီး မိသားစုလိုက်ပါခွင့်ရသော စစ်သားများသည် အတော်လေး အသက်ကြီးကြပြီဖြစ်ကြောင်း မပြောခဲ့ပေ။
"ကျွန်တော့်အဖေက... အခြေအနေ ကောင်းနေတုန်းပါပဲ"
ရုတ်တရက် ဖေးကျန့်သည် အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူ့အသက်ကြောင့် သူ့အဖေကို ပို၍ အသက်ကြီးသည်ဟု ထင်ရစေကြောင်း သူ သဘောပေါက်သွားသည်။ ကျစ်။
သို့သော်လည်း သူ့အဖေက လုနန်နှင့် လက်ထပ်လိုက်သဖြင့် အနည်းငယ်တော့ မျှတသွားသည်။ အနည်းဆုံးတော့ လူတွေက လုနန်၏ နုပျိုမှုကို မြင်ပြီး သူမ၏ ယောင်္ကျားသည်လည်း ငယ်ရွယ်သည်ဟု မသိစိတ်က တွေးထင်ကြလိမ့်မည်။
မြည်းလှည်းနောက်ပိုင်းတွင် ကျန်းကျောက်တိက ဟူမုန့် ကို စပ်စုစွာ မေးလိုက်သည်။
"သူက မြို့တော်ကလား။ နင် သူ့ကို သိလို့လား"
ဟူမုန့်က ဂုဏ်ယူဝံ့ကြွားစွာဖြင့် တိုးတိုးလေးပြောလိုက်ပြီး သူမ၏ မျက်နှာအမူအရာသည် ကျေနပ်အားရမှုဖြင့် ပြည့်နှက်နေသည်။
"သူလား။ နင် သူ့ကို သိမှာမဟုတ်ဘူး။ သူက ငါ့ညီအစ်မဝမ်းကွဲရဲ့ ငယ်သူငယ်ချင်း၊ သူ့နာမည်က ဖေးကျန့်"
ကျန်းကျောက်တိက မျက်နှာနီမြန်းစွာဖြင့် ပြောလိုက်သည်။
"သူက တကယ်ကို တက်ကြွတဲ့ပုံပဲ၊ ရှန့်စုန့်လီ ထက်တောင် ပိုချောသေးတယ်"
"နင့်ညီအစ်မဝမ်းကွဲလား။ နင် ခဏခဏပြောတဲ့ ဝင်းကြီးထဲမှာ နေတဲ့တစ်ယောက်လား။ သူနဲ့ နင့်ညီအစ်မဝမ်းကွဲက အတူတူကြီးပြင်းလာကြတာဆိုတော့ သူလည်း ဝင်းထဲမှာ နေမှာပေါ့နော်"
အခြား ပညာတတ်လူငယ်မလေးက ပြောလိုက်သည်။
"ဒါပေမဲ့ သူက ခုနက ဆွေမျိုးတွေဆီ အလည်လာတယ်လို့ ပြောသွားတယ် မဟုတ်လား။ သူ့အဖေက တောင်တန်းတွေထဲမှာ တပ်စွဲထားတဲ့ စစ်တပ်မှာ အမှုထမ်းနေတယ်လို့တောင် ပြောသေးတယ်။ သူ့မိသားစုနောက်ခံက ဘယ်လောက်ကောင်းနိုင်မှာမို့လို့လဲ"
ဟူမုန့်က မထီမဲ့မြင်ပြုဟန်ပြလိုက်သည်။ "နင်က ဘာသိလို့လဲ။ သူ့အဖေက အရင်က စစ်ဦးစီးချုပ်ဖြစ်ခဲ့တာ။ ဒီကို ပြောင်းရွှေ့ခံလိုက်ရတာ ဖြစ်မှာပေါ့"
"ဂုဏ်ယူစရာ ဘာရှိလို့လဲ။ သူက နင့်ကို အဖက်တောင်မလုပ်ဘူး။ နင် တကယ်တော်ရင် သူ့ကို နင့်အပေါ် နွေးနွေးထွေးထွေးဆက်ဆံခိုင်းကြည့်ပါလား" အခြားပညာတတ်လူငယ်က ဟူမုန့်၏ အားရကျေနပ်နေသော အမူအရာကို လှောင်ပြောင်လိုက်သည်။
"ပြီးတော့ သူက နင့်ညီအစ်မဝမ်းကွဲရဲ့ ငယ်သူငယ်ချင်း၊ နင့်ငယ်သူငယ်ချင်းမှ မဟုတ်တာ။ ဘာတွေ ပျော်နေစရာရှိလို့လဲ။ နင် သူ့ကို သဘောကျနေတာတော့ မဟုတ်ပါဘူးနော်။ အရင်က ရှန့်စုန့်လီ၊ အခုတော့ ဖေးကျန့်။ ဟူမုန့်၊ နင်က တော်တော်ဟုတ်နေပါလား။ ရှန့်စုန့်လီသာ သိသွားရင် နင် သူ့ရှေ့မှာ ဘယ်လို မျက်နှာပြမလဲ မသိဘူး"
ပညာတတ်လူငယ်စခန်းမှ လူတိုင်းသည် ဟူမုန့်က ရှန့်စုန့်လီ ကို ကြိုက်သည်ကို သိကြသော်လည်း သူကမူ သူမ၏ ခံစားချက်များကို တုံ့ပြန်ခြင်းမရှိပေ။ သူ့ကို ကြိုက်သော အခြားမိန်းကလေးများသည်လည်း ဟူမုန့် သူ့နောက်သို့ လိုက်နေသည်ကို မကြည့်နိုင်ကြဘဲ အခွင့်အရေးရတိုင်း သူမကို စနောက်ကြသည်။
ဟူမုန့် က အော်ဟစ်ကာ ထိုအမျိုးသမီး ပညာတတ်လူငယ်ထံသို့ ပြေးဝင်သွားပြီး ရန်ဖြစ်တော့သည်။
"နင် အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့။ ငါ နင့်ပါးစပ်ကို ဆွဲဖြဲပစ်မယ်"
ဟူမုန့် သည် ရှန့်စုန့်လီကိုသာ ကြိုက်ခဲ့ဖူးသည်။ ဖေးကျန့် အပေါ်တွင် သူမမှာမည်သည့်ခံစားချက်မှ မရှိပေ။ သူမသည် သူ့အကြောင်းကို ရင်းနှီးသောလေသံဖြင့် ပြောဆိုခြင်းမှာ ကြွားဝါချင်စိတ်သက်သက်ကြောင့်သာဖြစ်ပြီး ယခုကဲ့သို့ အပုပ်ချခံရသောအခါ အလွန်အမင်း ဒေါသထွက်သွားသည်။
အနီးအနားမှ လူများက ရန်ပွဲကို ဖြန်ဖြေရန် အမြန်ဝင်ရောက်လာကြသည်။
"တော်ကြတော့။ တော်ကြတော့။ ဆက်ဖြစ်နေရင် လှည်းမှောက်တော့မယ်"
မြည်းလှည်းသည် တဂျိမ်းဂျိမ်းမြည်သွားရာ တောင်သူဦးကြီးနှင့် ဖေးကျန့် တို့၏ အာရုံကို ဖမ်းစားမိပြီး သူတို့ နောက်သို့ လှည့်ကြည့်လိုက်ကြသည်။ တောင်သူဦးကြီးက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"မင်းတို့ ကလေးတွေ၊ ရန်မဖြစ်ကြနဲ့တော့"
ဖေးကျန့် - "..."
ကြိုးပမ်းမှုအချို့အပြီးတွင် သူတို့သည် ရန်ဖြစ်နေသော မိန်းကလေးနှစ်ဦးကို ခွဲထုတ်နိုင်ခဲ့သော်လည်း မြည်းလှည်းပေါ်မှ အငွေ့အသက်သည် တင်းမာသွားသည်။
ရွှီယွဲ့ဟွားနှင့် ရွှီယောက်တို့ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့သည် ညီအစ်မများ မဟုတ်ကြသော်လည်း တစ်ယောက်ကိုတစ်ယောက် နားလည်မှုမှာ ကြောက်စရာကောင်းလောက်အောင် နက်ရှိုင်းလှသည်။
ရွှီယောက်သည် ရွှီယွဲ့ဟွားသည် တောင်ပေါ်ရွာတွင် နေထိုင်ပြီး တောင်သူတစ်ယောက်နှင့် လက်ထပ်ကာ တစ်သက်လုံး တောင်သူမအဖြစ် နေထိုင်လိုစိတ်မရှိသည်ကို သိသည်။ သို့သော် သူမအတွက် ရွေးချယ်စရာများမှာ အလွန်နည်းပါးလှသည်။ အမျိုးသား ပညာတတ်လူငယ်များမှလွဲ၍ ယွီရွှေတပ်ဖွဲ့နှင့် မနီးမဝေးတွင် တပ်စွဲထားသော စစ်သားများ ရှိကြသည်။
ရွှီယွဲ့ဟွားသည် ရွှီယောက်က သူမကို မုန်းသည်ကို သိသည်။ အကြောင်းမှာ မိသားစုထဲမှ လူတိုင်းက သူမကို ဘက်လိုက်ကြပြီး ရွှီယောက်ကို အထင်သေးကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ရွှီယွဲ့ဟွားလိုချင်သမျှ အရာတိုင်းသည် ရွှီယောက်က ကိုယ့်အတွက်ကိုယ် လုယူချင်သောအရာများ ဖြစ်နေသည်။
ရွှီယွဲ့ဟွား၏ အဘွားကြီးဖြစ်သူ ရွှီခိုင်ရှသည် စစ်နယ်မြေ၏ ထောက်ပံ့ရေးအရာရှိချုပ်နှင့် လက်ထပ်ခဲ့ပြီး ရွှီယွဲ့ဟွားသည် သူမ၏ အဘွားကြီးက ရွှီ မိသားစုကို ကြီးပွားအောင် ကူညီပေးခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။ ဤသည်က စစ်သားတစ်ယောက်နှင့် လက်ထပ်ရန် သူမ၏ ကိုယ်ပိုင်အတွေးများကို ဖြစ်ပေါ်စေခဲ့သည်။ ကံမကောင်းစွာဖြင့် သူမသည် သူမကို ကျေနပ်စေမည့် အမျိုးသားတစ်ယောက်ကို မတွေ့သေးပေ။
သို့သော် ဖေးကျန့် ပေါ်လာသည့်အချိန်မှစ၍ ရွှီယွဲ့ဟွား၏ မျက်နှာအမူအရာသည် ရှင်းလင်းစွာ ပြောင်းလဲသွားခဲ့သည်။ ဟူမုန့် က ဖေးကျန့်၏ မိသားစုနောက်ခံအကြောင်း ပြောဆိုသောအခါ ရွှီယွဲ့ဟွား၏ ရည်မှန်းချက်ကို ဖုံးကွယ်ရန် ခက်ခဲလုနီးပါးဖြစ်နေသည်။
ရွှီယောက်သည် ရွှီယွဲ့ဟွားကို တစ်ချက်ကြည့်ရုံဖြင့် အတွင်းစိတ်ကို သိမြင်သွားသည်။ ရွှီယွဲ့ဟွား သတိပြုမိချိန်တွင် သူမ၏ အတွေးများကို ဖုံးကွယ်ရန် နောက်ကျသွားပြီဖြစ်သည်။ သူမသည် မသိစိတ်ဖြင့် ရွှီယောက်ကို ကြည့်လိုက်ရာ ရွှီယောက်သည် သူမ၏ မျက်လုံးများမှတစ်ဆင့် သူမ၏ ယှဉ်ပြိုင်လိုသော ဆန္ဒကို ရှင်းလင်းစွာ ဖော်ပြနေသည်။
သူတို့ ယွီရွှေတပ်ဖွဲ့၏ ဝင်ပေါက်သို့ ရောက်သောအခါ လယ်သမားဦးကြီးသည် ပညာတတ်လူငယ်များကို ချပေးခဲ့ပြီး ဖေးကျန့် ကို စစ်တပ်သို့ လိုက်ပို့ပေးမည်ဟု ကြင်နာစွာ ကမ်းလှမ်းခဲ့သည်။ ဖေးကျန့် က သူ့ကို အကြိမ်ကြိမ် ကျေးဇူးတင်စကားဆိုခဲ့သည်။
အမျိုးသမီး ပညာတတ်လူငယ်များသည် တောင်သူဦးကြီးနှင့် ဖေးကျန့် တို့ ထွက်သွားသည်ကို ဘေးတွင်ရပ်ကြည့်နေကြသည်။ ကျန်းကျောက်တိက နှုတ်ခမ်းသပ်ကာ ထပ်ပြောလိုက်သည်။
"သူက တကယ်ကို တက်ကြွတဲ့ပုံပဲ။ သူ့မှာ ရည်းစားရှိမလား မသိဘူး"
ဟူမုန့် က မျက်လုံးလှန်လိုက်သည်။ "အိပ်မက်မက်မနေနဲ့။ သူ့အမေက ငါ့အဒေါ်နဲ့ သူငယ်ချင်းကောင်းတွေ၊ ပြီးတော့ သူက ငါ့ညီအစ်မဝမ်းကွဲနဲ့ ကြီးပြင်းလာတာ။ နင် သူ့နောက်လိုက်ဖို့ အလှည့်မဟုတ်ဘူး"
"စကားမစပ်၊ ဖေးကျန့် ကျင်းချန့် ကို ရောက်လာတာကို သူသိလားမသိလား မေးဖို့ ငါ့ညီအစ်မဝမ်းကွဲဆီကို အခုပဲ စာရေးပို့လိုက်တော့မယ်"
လယ်သမားဦးကြီးသည် မြည်းလှည်းဖြင့် နောက်ထပ် မိုင်အနည်းငယ် ဆက်သွားပြီးနောက် စစ်တပ်မှ တပ်ဆင်ထားသော စစ်ဆေးရေးဂိတ်သို့ ရောက်ရှိလာသည်။ ထိုနေရာမှ ကျော်လွန်၍ မည်သည့်အရပ်သားကိုမှ ဖြတ်သန်းခွင့်မပြုသောကြောင့် တောင်သူဦးကြီးသည် ဖေးကျန့် ကို ချပေးပြီး လှည့်ပြန်သွားသည်။
ကားတစ်စီးသည် လမ်းဘေးတွင် ရပ်ထားပြီး ဖေးကျန့် က ထိုနေရာသို့ လျှောက်သွားကာ ပြတင်းပေါက်ကို ခေါက်လိုက်သည်။ ယာဉ်မောင်းက ပြတင်းပေါက်ကို လျှော့ချပေးလိုက်ပြီး ဖေးကျန့် က မေးလိုက်သည်။
"ရဲဘော်၊ ဖေးကျန့် ဆိုတဲ့လူကို လာကြိုတာလား"
"မင်းက သူလား။ လက်ထောက်တပ်ရင်းမှူး ဖေးရဲ့ သား ဖေးကျန့် လား"
ဖေးကျန့် က ပျော်ရွှင်စွာ ပြန်ဖြေသည်။ "ဟုတ်ပါတယ်၊ ကျွန်တော်ပါပဲ"
ယာဉ်မောင်းသည်လည်း စစ်သားတစ်ဦးဖြစ်ပြီး ကားထဲမှ ထွက်လာကာ ဖေးကျန့် ၏ ခရီးဆောင်အိတ်များကို တင်ပေးသည်။
"တက်လေ၊ ငါတို့ ညစာစားချိန်အမီ ပြန်ရောက်နိုင်တယ်"
ဖေး မိသားစုသည် ညစာကို စောစောစားကြသည်။ လုနန်သည် ရှောင်ရှကို နို့တိုက်ပြီးနောက် လေတက်အောင် ချီထားသည်။ ရှောင်ရှသည် သူ့အမေချီရန် ငိုယိုပူဆာနေပြီး အန်တီဝူက လက်လွှဲယူရန် ကြိုးစားသောအခါ ကျယ်လောင်စွာ ငိုတော့သည်။ အခြားနည်းလမ်း မရှိသောကြောင့် လုနန်ကိုယ်တိုင် ချီထားရသည်။
ကုရှောင်ဟွိုက်သည် သူ့အမေချီထားသော သူ့ ညီမလေးကို ကြည့်နေသည်။ ယနေ့တွင် သူ့အမေသည် သူ့ကို နှစ်ကြိမ်သာချီပြီး သူ့ညီမလေးကိုမူ ငါးကြိမ်ချီခဲ့သည်။ ကုရှောင်ဟွိုက်ူည် အလွန်ထက်မြတ်သော ကလေးဖြစ်ပြီး ဂဏန်းများနှင့်ပတ်သက်၍ အလွန်အကင်းပါးသည်။ သူသည် သူ့ညီမလေးကို ချီပြီးနောက် သူ့အမေ သူ့ကို ချီမည့်အချိန်ကို စောင့်နေဆဲဖြစ်သည်။
သို့သော် သူ့ညီမလေးက ငိုလို့မပြီးနိုင်၊ တော်တော်လေး စိတ်ရှုပ်စရာကောင်းလှသည်။
သူ့အလှည့်မရောက်မီ အချိန်အနည်းငယ် ကြာဦးမည်ဟု ထင်ရသည်။ ကုရှောင်ဟွိုက်သည် ရှောင်ပိုင်ကို တံခါးဝသို့ ခေါ်သွားသည်။ ရှောင်ပိုင်သည် ခွေးကြီးတစ်ကောင်ဖြစ်နေပြီဖြစ်ပြီး ကုရှောင်ဟွိုက်အတွက် သူ့ကို သယ်ရန် အနည်းငယ် မလွယ်ကူတော့ပေ။ သို့သော်လည်း ရှောင်ပိုင်သည် သစ္စာရှိသော ခွေးဖြစ်ပြီး ကုရှောင်ဟွိုက် သွားလေရာသို့ လိုက်ပါတတ်သည်။
ကုရှောင်ဟွိုက်သည် တံခါးဝတွင် ထိုင်ကာ သူ၏ မေးစေ့ကို လက်သေးသေးလေးများပေါ်တွင် တင်ထားရင်း စကားမပြောနိုင်သည့်အတွက် တုံးလှသည်ဟု တွေးကာ ငိုနေသော သူ့ညီမလေးကို ကြည့်နေသည်။
သူ သူ့အစ်ကိုကို လွမ်းနေသည်။ အကယ်၍ သူ့အစ်ကိုသာ ဒီမှာရှိလျှင် သူ့ကို လေယာဉ်ပျံကစားရန် မြှောက်တင်ပေးမည်မှာ သေချာသည်၊ မုန့်ခိုးစားရန် ခေါ်သွားမည်ဖြစ်ပြီး သူနှင့်အတူ ဘောလုံးကစားပေးလိမ့်မည်...
ထိုအချိန်တွင် ကုရှောင်ဟွိုက်၏ ရှေ့တွင် ခြေထောက်ကြီးတစ်စုံ ပေါ်လာသည်။
"ညီလေး၊ ဘာလို့ တံခါးဝမှာ တစ်ယောက်တည်း ထိုင်နေတာလဲ"
စနောက်သော အသံတစ်ခု အပေါ်မှ ထွက်ပေါ်လာသည်။ ကုရှောင်ဟွိုက် မော့ကြည့်လိုက်ရာ သူ၏ ပါးစပ်သည် အနည်းငယ်ဟသွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ သူ၏ ဖောင်းအိနေသော မျက်နှာလေးက ဖေးကျန့် ကို ယားကျိကျိဖြစ်သွားစေသည်။ သူက ထိုကလေးငယ်၏ ပါးကို ဆွဲရန် လက်လှမ်းလိုက်သည်။
ဖေးကျန့်က ကုရှောင်ဟွိုက် ကို မြှောက်တင်လိုက်ရင်း ရယ်မောလိုက်သည်။
"ရက်အနည်းငယ်လေးနဲ့ မင်းအစ်ကိုကို မေ့သွားပြီလား"
ကုရှောင်ဟွိုက်၏ အမြင်အာရုံသည် ကျယ်ပြန့်သွားပြီး သူက ပျော်ရွှင်စွာ အော်လိုက်သည်။
"အစ်ကို"
ရှောင်ပိုင်သည် ဖေးကျန့် ၏ ပတ်လည်တွင် ပတ်ပြေးနေသည်။
ဖေးကျန့် က ကုရှောင်ဟွိုက်ကို မြှောက်တင်ရင်း ပြောလိုက်သည်။
"ဟေး၊ ကလေးလိမ္မာလေး။ အနည်းဆုံးတော့ မင်းမှာ အသိတရားရှိသေးသားပဲ။ ငါ မင်းကို အလကား ချစ်ခဲ့ရတာ မဟုတ်ဘူးပေါ့"
"လအနည်းငယ်လေး ခွဲနေရုံနဲ့ ငါတို့ညီလေးက ပိုလေးလာပါလား။ နောက်နှစ် နည်းနည်းကြာရင် မင်းကို ငါ ချီနိုင်တော့မှာ မဟုတ်ဘူး"
ကုရှောင်ဟွိုက်က ဖေးကျန့်၏ လည်ပင်းကို တင်းကျပ်စွာ ဖက်ထားသည်။
"ကျွန်တော် မလေးပါဘူး အစ်ကို၊ ကျွန်တော့်ကို ချီ"
"အိမ်ထဲဝင်ကြရအောင်"
ဖေးကျန့် က ရှောင်ဟွိုက်ကို လက်တစ်ဖက်ဖြင့် ချီထားရင်း အခြားလက်တစ်ဖက်ဖြင့် တံခါးကို တွန်းဖွင့်လိုက်သည်။
သူတို့ ဝင်သည်နှင့် အန်တီဝူက ဖေးကျန့် ကို ပထမဆုံး မြင်လိုက်သည်။ သူမသည် အလွန်အံ့အားသင့်သွားပြီး ဆိုဖာပေါ်မှ အမြန်ထလိုက်သည်။
"ရှောင်ကျန့်!?"
ဖေးကျန့် က အားမနာဘဲ ကုရှောင်ဟွိုက်နှင့် သူ၏ ခရီးဆောင်အိတ်များကို ချထားလိုက်ပြီးနောက် ထမင်းစားပွဲသို့ သွားကာ ရေတစ်ခွက်ငှဲ့ပြီး မော့သောက်လိုက်သည်။ သောက်ပြီးနောက် သူက အန်တီဝူကို သနားစရာမျက်နှာဖြင့် ကြည့်ကာ ပြောလိုက်သည်။
"အဘွား ဝူ၊ ကျွန်တော် ဗိုက်ဆာတယ်။ စားစရာ ဘာရှိလဲ"
"ရှိတာပေါ့။ ထိုင်နေ၊ ငါ ချက်ချင်းယူလာခဲ့မယ်"
အန်တီဝူက မီးဖိုချောင်ထဲသို့ ဝင်သွားရင်း ပြန်ဖြေသည်။
မကြာမီ သူမသည် ဖက်ထုပ်တစ်ပန်းကန်နှင့် ရှာလကာရည်တို့ဖြင့် ပြန်လာပြီး ဖေးကျန့် ကို တူတစ်စုံ ကမ်းပေးလိုက်သည်။
ဖေးကျန့် သည် ကုရှောင်ဟွိုက်ကို ထိုင်ခုံတစ်ခုပေါ်တွင် တင်ပေးပြီး အိမ်ကို လှည့်ပတ်ကြည့်ကာ အံ့ဩတကြီးဖြစ်သွားသည်။ အိမ်၏ အပြင်အဆင်နှင့် နေရာချထားမှု အားလုံးကို လုနန်က တာဝန်ယူထားသည်ဟု သူ အခိုင်အမာ ယုံကြည်သည်။ အမှန်စင်စစ် ကျက်သရေရှိသော အမျိုးသမီးငယ် လုနန်၏ သိမ်မွေ့သော အရသာနှင့် ထိုက်တန်လှသည်။ ဤသို့ လှပသပ်ရပ်သော နေရာတွင် မည်သူက မနေချင်ဘဲ ရှိမည်နည်း။
"ဒီနေ့ ဝက်သားအစာသွတ်ထားတဲ့ ဖက်ထုပ်လုပ်ထားတယ်၊ အဘွားကိုယ်တိုင် အစာသွတ်တာကို ပြင်ဆင်ထားတာ။ မင်း ကံကောင်းတာပဲ"
အန်တီဝူက မီးဖိုချောင်ထဲမှ အော်ပြောလိုက်သည်။
ဖေးကျန့် က အန်တီဝူထံမှ တူကို ယူကာ ဖက်ထုပ်တစ်လုံးကို ညှပ်ယူပြီး အားရပါးရ ကိုက်လိုက်သည်။
"အရသာရှိလိုက်တာ။ အဘွား ဝူလို ဘယ်သူမှ မချက်တတ်ဘူး။ ပေကျင်းမှာတုန်းက အဘွားချက်တာကို စားချင်လို့ ဘယ်လောက်တောင် အိပ်မက်မက်ခဲ့ရလဲဆိုတာ အဘွားမသိဘူး"
"ဒါဆို များများစားလေ" အန်တီဝူက ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်သည်။
"မင်း လျှာဖျားလေးက သိပ်ချိုတာပဲ ကြည့်စမ်း။ နှစ်သစ်ကူးပွဲတော် ကျင်းပဖို့ လာတာလား၊ ဒါမှမဟုတ် ဒီတစ်ခါ မပြန်တော့ဘူးလား"
ဖေးကျန့် က နောက်ထပ် ဖက်ထုပ်တစ်လုံးကို ပါးစပ်ထဲထည့်ကာ ပြန်ဖြေသည်။
"မပြန်တော့ဘူး။ ကျွန်တော် ကျောင်းပြီးသွားပြီ"
"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်"
အန်တီဝူ က ဝမ်းသာအားရဖြင့် သုံးကြိမ်တိုင်တိုင် ပြောလိုက်ပြီး ဖေးကျန့် ကို ဂုဏ်ယူစွာ ကြည့်လိုက်သည်။
"ရှောင်ဟွိုက်က မင်းအကြောင်းကို နေ့တိုင်းပြောနေတာ။ သူ မုန့်စားရင်တောင် မင်းအတွက် ချန်ထားပေးတယ်။ အခု မင်းတို့ ညီအစ်ကိုနှစ်ယောက် ပြန်ဆုံကြပြီပေါ့"
ရှောင်ဟွိုက်သည် သူ့ထိုင်ခုံပေါ်တွင် လိမ္မာစွာ ထိုင်နေသည်။ သူ့နာမည်ကို ပြောသည်ကို ကြားသောအခါ သူက ခေါင်းစောင်းကာ ပြောလိုက်သည်။
"ရှောင်ဟွိုက်က အစ်ကို့ကို လွမ်းလို့ အစ်ကို့အတွက် မုန့်ချန်ထားပေးချင်တာ"
ဖေးကျန့် က ကုရှောင်ဟွိုက်၏ ခေါင်းလေးကို ပုတ်ကာ သူ့ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
"ငါ မင်းအတွက် လက်ဆောင်ယူလာတယ်။ နောက်မှ ပေးမယ်"
ကလေးငယ်က လိမ္မာစွာ ခေါင်းညိတ်ပြသည်။
"စကားမစပ် အဘွား ဝူ၊ ကျွန်တော့်အဖေနဲ့ လုနန်တို့ရော ဘယ်မှာလဲ။ ပြီးတော့ တတိယတစ်ယောက်ကော။ သူတို့ အပြင်ထွက်သွားကြလား" ဖေးကျန့်က စပ်စုလိုက်သည်။
အန်တီဝူက လက်ခါပြလိုက်သည်။ "မင်းအဖေက တာဝန်နဲ့သွားနေတယ်၊ အိမ်မှာမရှိဘူး။ နန်နန်က အပေါ်ထပ်မှာ ရှောင်ရှကို အိပ်အောင်သိပ်နေတယ်။ ကလေး အိပ်သွားရင် သူဆင်းလာလိမ့်မယ်"
"အိုး၊ ဟုတ်သားပဲ"
အန်တီဝူက ရုတ်တရက် သူမ၏ ပေါင်ကို ပုတ်လိုက်သည်။ "နန်နန် က မင်းနဲ့ ရှောင်ဟွိုက် အတွက် အခန်းတစ်ခန်း ပြင်ဆင်ထားတယ်။ မင်း ရောက်လာရင် မင်းတို့နှစ်ယောက် အတူတူနေလို့ရတယ်လို့ သူပြောတယ်။ မင်း သဘောကျမှာ သေချာတယ်။ ငါ လိုက်ပြရမလား"
ဖေးကျန့် က သံသယဖြင့် မေးသည်။ "သူက တကယ်ပဲ အဲ့လောက် စိတ်ကောင်းရှိလို့လား"
လာပြန်ပြီ၊ ပြိုင်ဘက်နှစ်ယောက်။ သူတို့ စုမိကြတိုင်း စကားများကြသည်။ တောင်ပိုင်းသို့ ပြောင်းရွှေ့လာပြီး ရက်အတော်ကြာသည်အထိ လုနန်သည် ဖေးကျန့် အကြောင်းကို မပြောဘဲ မနေနိုင်ခဲ့ပေ။
"ဒီကလေးတော့" အန်တီဝူက ဖေးကျန့် ကြောင့် မျက်ဖြူလှန်လိုက်သည်။
"မင်းမရှိတုန်းက ရှောင်ဟွိုက်က မင်းကို လွမ်းရုံတင်မကဘူး၊ နန်နန်ကလည်း မင်းအကြောင်းကို ပြောသေးတယ်။ သူ သစ်သီးစားရင် မင်းကို သတိရတယ်၊ ပြီးတော့ ဥယျာဉ်ရှင်းတုန်းကလည်း သူ မင်းကို သတိရနေတာ..."
ဖေးကျန့် က ယုံမည်မဟုတ်ပေ။ သူသည် အရာအားလုံးကို ထွင်းဖောက်မြင်နိုင်ပြီး ပခုံးတွန့်လိုက်သည်။
"သူက အချဉ်သီးစားတဲ့အခါမှ ကျွန်တော့်ကို သတိရတာ ဖြစ်မှာပေါ့။ ကျွန်တော်ရှိနေရင် အချဉ်စားပေးမယ့်လူတစ်ယောက် ရှိရမှာလေ၊ ဟုတ်တယ်မလား။ အဲ့ဒီအခါကျမှ သူက အချိုစားလို့ရမှာပေါ့"
"ဥယျာဉ်ရှင်းတာက... ဆိုတော့ သူက အလုပ်ကြမ်းလုပ်ပေးမယ့်လူ လိုနေတာပေါ့ ဟွန့်"
အန်တီဝူ - "..." ဒီကောင်လေး။ ဘာလို့ မလိုအပ်တဲ့နေရာတွေမှာ ပါးနပ်နေရတာလဲ။
အန်တီဝူ၏ အကြံအစည် ပေါ်သွား၍ တုန်လှုပ်နေသော မျက်နှာအမူအရာကို မြင်သောအခါ ဖေးကျန့်က အသက်ပြင်းပြင်းရှူကာ အော်လိုက်သည်။ "ဒါက တကယ်အမှန်ပဲလား"
အန်တီဝူ - "..."
"ဟားဟား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဓိပ္ပာယ်မရှိတာ။ သေချာပေါက် မဟုတ်ဘူးပေါ့ဟဲ့"
အန်တီဝူက အနေရခက်စွာ ရှင်းပြသော်လည်း သူမ၏ ယခင်မျက်နှာအမူအရာမှာ အလွန်သိသာထင်ရှားနေပြီး ဖေးကျန့် က သူမကို မယုံတော့ပေ။
"ဖေးကျန့်?"
လုနန်သည် လှေကားထိပ်တွင် ရပ်နေပြီး အတော်လေး အံ့အားသင့်နေပုံရသည်။
"ဘယ်လိုဖြစ်ပြီး ဒီလောက်မြန်မြန် ရောက်လာတာလဲ။ မင်းဆီက စာတောင် ခုလေးတင်ပဲ ရတာ၊ မင်းက ရောက်နေပြီ။ မင်း မနက်ဖြန် ဒါမှမဟုတ် သန်ဘက်ခါမှ ရောက်မယ်လို့ ငါထင်ထားတာ"
ဖေးကျန့် က စိတ်ပျက်စွာဖြင့် လုနန်ကို စိတ်ဆိုးမာန်ဆိုး စိုက်ကြည့်လိုက်သည်။
လုနန် - ? ?
သူမသည် ရှင်းပြချက်တောင်းရန် အန်တီဝူ ဘက်သို့ လှည့်လိုက်သည်။
**
စာရေးသူတွင် ပြောစရာရှိသည် -
ဖေးကျန့် - နားထောင်ပေးပါ၊ ကျေးဇူးတင်ပါတယ်။
ဖေးကျန့်၏ CP အကြောင်း မေးကြသူများရှိပါတယ်။ ရှင်းရှင်းလင်းလင်းပြောရလျှင် ဖေးကျန့်ရဲ့ စရိုက်က ဒီဘဝတွင် ပြောင်းလဲသွားပြီဖြစ်ပြီး သူ့ကို ကယ်တင်ပေးမယ့် အခြားသူများကို မလိုအပ်တော့ပါဘူး။ စာရေးသူက သူ့အတွက် CP တစ်ခု စီစဉ်ပေးဖို့ အစီအစဉ်မရှိပါ။ ဇာတ်လိုက်မနှင့် ဇာတ်ပို့မ ပေါ်လာခြင်းသည် ဇာတ်လမ်းဇာတ်ကွက်အတိုင်း လိုက်နာရန်ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက စာအုပ်ထဲ ကူးပြောင်းတဲ့ ဝတ္ထုအမျိုးအစားမို့ ဖေးကျန့်ကလည်း မူလ ဇာတ်လိုက် ဖြစ်နေခဲ့လို့ပါ။
လုနန်ရဲ့ အခြားကလေးများနဲ့ ပတ်သက်လို့ကတော့ စာရေးသူက သူတို့ CP အကြောင်းကို ရေးသားမည်မဟုတ်ပါ။ ဒီစာအုပ်ရဲ့ စာရေးသူက ဖေးကျီအန်းနှင့် လုနန်တို့ ဇာတ်လမ်းကိုပဲ အသေးစိတ်ရေးသားမှာဖြစ်ပြီး ဒုတိယ CP ရှိမည်မဟုတ်ပါ။