ဒူးထောက်ဂါရဝပြုခြင်း
Vol. 17 Ch. 227
အခန်း (၂၂၇) ဒူးထောက်ဂါရဝပြုခြင်း
ကျန်းလန် သူနေထိုင်ရာ ခြံဝန်းသို့ ပြန်လာခဲ့သည်။
ထို့နောက် ခြံဝန်းထဲတွင် ခဏမျှထိုင်ရင်း ဆက်လက်ကျင့်ကြံရန် အစီအစဉ်များ စဉ်းစားနေ၏။ အချိန် (၂)ရက်အတွင်း အဋ္ဌမမင်းသားကိုလည်း အခြေအနေသွားရောက်စစ်ဆေးကြည့်သင့်သည်။
နဂါးမျိုးနွယ်များနှင့် ခွန်လွန်တောင်က တိုက်ပွဲဖြစ်ပွားသည်အထိ အခြေအနေများ တင်းမာကြမည် မဟုတ်လေရာ စိန်ခေါ်ပွဲနှင့်ပတ်သက်သည့် နောက်ဆက်တွဲကိစ္စများကတော့ စိုးရိမ်စရာ မရှိပေ။
နတ်မိစ္ဆာများနှင့် နတ်လူသားမျိုးနွယ်များကလည်း လောလောဆယ်တွင် လှုပ်ရှားကြဦးမည် မဟုတ်ပေ။
ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်ချိန်တွင်သာ အနည်းငယ် ဂရုစိုက်ရန်ရှိပြီး ကျန်အချိန်များတွင် အန္တရယ် သိပ်မရှိနိုင်ပေ။
လောလောဆယ်တော့ ခွန်လွန်တောင်တွင် သူ့အကြောင်း လူပြောသူပြောများနေေပေလိမ့်မည်။
ဤသည်က သူ့အပေါ် သက်ရောက်မှုအနည်းငယ်ရှိနိုင်သော်လည်း နဝမတောင်ထွတ်တွင် ဂူအောင်းကျင့်ကြံနေသရွေ့ ပြဿနာမရှိနိုင်ပေ။
အချိန်ကြာသွားသည်နှင့် အခြားသူများ သူ့အကြောင်းကို တဖြည်းဖြည်း မေ့သွားကြပေလိမ့်မည်။
စိန်ခေါ်ပွဲတွင် သူအနိုင်ရသည်မှာ နောက်ကွယ်မှ လျှို့ဝှက်အကြောင်းတစ်ခုကြောင့်ဟု ပြောဆိုကြပေလိမ့်မည်။ သို့မဟုတ် သူက ကံစွပ်ပြီးအနိုင်ရသွားသည်ဟု မှတ်ချက်ပြုကောင်း ပြုကြမည်။
မည်သို့ပင်ဖြစ်စေ သူမည်မျှတန်ခိုးစွမ်းအားမြင့်မားကြောင့် ချဲ့ကားပြောဆိုသည့်စကားများ ပြန့်ပွားခြင်းမရှိသရွေ့ အဆင်ပြေလေသည်။
ထို့နောက် ကျန်းလန် မျက်လုံးများကို မှိတ်လိုက်ပြီး စတင်ကျင့်ကြံလိုက်သည်။
အဋ္ဌမတောင်ထွတ်တွင် နဂါးသုတ်သင်ဓားသိုင်းလေ့ကျင့်ရင်း ဉာဏ်အလင်းပွင့်ကာ မိုးနဲ့မြေတာအိုတရားကို နားလည်သွားခဲ့သည်။
တာအိုကိုနားလည်သွားပြီးနောက် သူ၏ ကျင့်ကြံခြင်းအဆင့်က မည်သို့ထူခြားလာမည်လဲ သိချင်မိသည်။
ကျန်းလန် မျက်လုံးများကို မှိတ်လိုက်သည်နှင့် သူ့စိတ်အာရုံထဲတွင် ရေစီးဆင်းသံတစ်သံကို ကြားလိုက်ရသည်။ ရေများက သူ့သွေးကြောများထဲတွင် စမ်းချောင်းလေးတစ်ခုပမာ စီးဆင်းသွား၏။
ရေများက သူ့သွေးကြောစုံချက် နေရာတိုင်းသို့ ရောက်ရှိသွားပြီး သူ၏ သွေးကြောများ ပိုမိုသန်မာအားကောင်းလာသည်။
ဤသည်က တာအိုမှပေးအပ်သည့် စွမ်းအားအာဟာရဖြည့်ခြင်းပင် ဖြစ်၏။
တာအိုမှ စွမ်းအးအာဟာရဖြည့်ခြင်း ပြီးဆုံးသွားသည့်အခါ သူ၏ သွေးကြောဆုံချက်များတွင် အလင်းရောင်များ တောက်ပလာသည်။
ကျန်းလန် မျက်လုံးများ ဖွင့်ကြည့်လိုက်သည့်အခါ နံနက်စောစော အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကျန်းလန်၏ မျက်ဝန်းများထဲတွင် အံ့အားသင့်နေသည့် အငွေ့အသက်များ ယှက်သန်းလို့နေသည်။
"ဒါက တာအိုနားလည်ခြင်းလက်ဖက်ခြောက်ကြောင့် ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေကို လျှင်မြန်သွားစေတာပဲ"
ထိုအချက်ကို သူ ယခုမှ သိရှိခဲ့ရခြင်း ဖြစ်သည်။
ကျင့်စဉ်လမ်းတွင် ချီစွမ်းအားသန့်စင်ခြင်းအဆင့်မှ အစစ်အမှန်အင်မော်တယ်အဆင့်ထိ သူ့ကန့်သတ်ချက်နှင့်သူ ရှိလေသည်။
ကြီးမားသည့် အခွင့်အလမ်းကောင်းများသာ မရရှိဘူးဆိုလျှင် သာမန်ဖြင့် ကန့်သတ်ချက်များကို ကျော်ဖြတ်ရန် မဖြစ်နိုင်ပေ။
ဥပမာ - လူသားကျင့်ကြံသူတစ်ယောက်နေဖြင့် နှစ်ပေါင်း (၃၀၀)အတွင်းတွင်သာ မရှိမှုအာကာသအဆင့်ကို တက်ရောက်နိုင်သည်ဆိုသည့် ကန့်သတ်ချက်မျိုး ဖြစ်၏။
ကျန်းလန်ကတော့ စနစ်ပိုင်ရှင်ဖြစ်သည့်အတွက် စနစ်မှ များစွာသောအခွင့်အရေးများ ရရှိခဲ့ပြီး ကန့်သတ်ချက်များကို ကျော်လွှားနိုင်ခဲ့သည်။
အခြားသူများဆိုလျှင်တာ့ မိုးပျံအောင်တော်နေပါစေ အချိန်ကြာရှည်စွာ သည်းခံ၍ကျင့်ကြံရမည် ဖြစ်၏။
လူသားအင်မော်တယ်အဆင့်မှ အစစ်အမှန်အင်မော်တယ်အဆင့်သို့ တက်ရောက်ခြင်းက အချိန်ကာလတစ်ခုနှင့် စိတ်စွမ်းအားကို ထိန်းချုပ်နိုင်ခြင်းများ လိုအပ်သည်။
လူသားများအနေဖြင့် မည်မျှပင် ပြင်းပြင်းထန်ထန် ကျင့်ကြံပါစေ မွေးရာပါအင်မော်တယ်များထက် သာလွန်ရန်မှာ ခက်ခဲသည်။
သို့သော် အစစ်အမှန်အင်မော်တယ် ဖြစ်လာလျှင်တော့ အရာအားလုံးက ပြောင်းလဲသွားပေလိမ့်မည်။
တာအိုက အရာအားလုံး၏ အခြေခံ ဖြစ်၏။
ကျင့်ကြံသူတစ်ယောက်၏ ရင်တွင်းမှ တာအိုတရား နက်ရှိုင်းလာလေ တိုးတက်မှုက လျှင်မြန်လာလေပဲ ဖြစ်သည်။
လူသားကျင့်ကြံသူများအနေဖြင့် မွေးရာပါအင်မော်တယ်များနှင့် ပါရမီထူးခြားသည့်မျိုးနွယ်များကို ကျော်ဖြတ်နိုင်ရန်မှာ အစစ်အမှန်အင်မော်တယ်အဆင့် အောင်မြင်ပြီးမှသာ ဖြစ်နိုင်၏။
ယခု ကျန်းလန်က အစစ်အမှန်အင်မော်တယ်အဆင့် ရောက်ရှိခဲ့ပြီ ဖြစ်သည်။ သို့သော် နောက်ထပ်အဆင့်တက်ရန်အတွက် မိုးနဲ့မြေတာအိုတရားကို နားလည်ရန် လိုအပ်သည်။
မဟုတ်ပါက အစစ်အမှန်အင်မော်တယ်အဆင့်တွင် သူက ရပ်တန့်နေပြီး အခြားသူများက သူ့ကို အမီလိုက်လာပေလိမ့်မည်။
ထိုသို့တွေးမိသည့်အခါ စိတ်အာရုံထဲတွင် အန္တရယ်အငွေ့အသက်များ ရလိုက်မိသည်။ သူ မြန်နိုင်သမျှမြန်မြန် ကိုယ်ပိုင်လမ်းစဉ်ရှာဖွေပြီး အဆင့်တက်နိုင်အောင် ကြိုးစားရပေမည်။
သို့သော် ကျန်းလန် အလျှင်လိုခြင်း မရှိပါပေ။
အချို့ကိစ္စများက အလျှင်လို၍ မရပေ။ စိတ်တည်တည်ငြိမ်ငြိမ်ဖြင့် ဖြည်းဖြည်းမှန်မှန် ကြိုးစားရမည် ဖြစ်သည်။
ထို့နောက် ကျန်းလန်က နာမ်ဝိညာဉ်ရောင်ပြန်ပညာကျမ်းစာအုပ်ကို ထုတ်ယူလိုက်ပြီး ဖတ်ရှုလိုက်သည်။ သူ၏ လက်ရှိအခြေအနေက ယခင်ကနှင့်မတူလေတော့ရာ ထိုပညာကို ပိုမိုနားလည်နိုင်စွမ်း ရှိလာနိုင်သည်။
ဟုတ်ပေ၏။ စာအုပ်ကိုဖတ်လုက်သည်နှင့် ယခင်ကနှင့်မတူသည့် နက်ရှိုင်းသည့် နားလည်မှုတစ်ခုကို သိမြင်လာရသည်။ တာအို၏ လွှမ်းမိုးမှုကြောင့်လား ၊ သို့မဟုတ် အခြားသောအခြေအနေတစ်ခုခုကြောင့်လားမပြောတတ်ပေ။
အချိန်အတန်ကြာ စာအုပ်ကိုဖတ်ရှုပြီးနောက် သူနားလည်ထားသည့်အကြောင်းအရာများကို ပိုမိုနားလည်ရန်အတွက် တောင်ခြေသေရည်ဆိုင်ရှိ နာမ်ဝိညာဉ်သေရည်ဆိုင်ကို သွားရောက်လေ့လာရန် ဆုံးဖြတ်လိုက်သည်။
***
လုန်ယွိ တတိယတောင်ထွတ်သို့ ရောက်လာလေသည်။
ယနေ့နံနက်မှာပင် သူမ၏မောင်လေးဖြစ်သူ လုန်မန်က သူမကို ထပ်မံတွေ့ဆုံချင်သည်ဟု အကြောင်းကြားလာသည်။
လုန်မန်၏ တောင်းဆိုမှုက သူမကို များစွာ အံ့အားသင့်သွားစေသည်။
စိန်ခေါ်ပွဲတွင် သူမက ကျန်းလန်ဘက်မှ ရပ်တည်ခဲ့သည့်အတွက် မောင်ငယ်က သူမကို အပြစ်တင်မလို့များလား။
လုန်ယွိက မျက်ခုံးများကို အသာတွန့်ချိုးထားရင်း တတိယတောင်ထွတ် ခန်းမဆောင်ထဲတွင် မတ်တတ်ရပ်နေလေသည်။
ယခု သူမပုံစံက ရှောင်ယွိကဲ့သို့ ငယ်ရွယ်သည့်ပုံစံမျိုး မဟုတ်တော့ဘဲ လုန်ယွိကဲ့သို့ အရွယ်ရောက်ပြီးသူတစ်ယောက်ပုံစံ ဖြစ်လေသည်။
သူမကို ရှောင်ယွိပုံစံဖြင့် တွေ့မြင်ဖူးသူ အလွန်နည်းပါးသည်။ သူမက အခြားသူများဖြင့်ဆိုလျှင် လုန်ယွိ ပုံစံဖြင့်ပင် နေထိုင်လေ့ရှိပြီး အမြဲလိုလို အေးစက်နေတတ်သူပင်။
ခဏကြာသည့်အခါ အဋ္ဌမမင်းသား ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာ၏။
သူက အင်မော်တယ်အဖြစ် မွေးဖွားလာသူ ဖြစ်လေရာ ဦးခေါင်းအနောက်ဘက်တွင် ဘိုးဘေးများ၏ ချစ်ခြင်းမေတ္တာဖြင့် ချီးမြှောက်ထားသည့် ရောင်ခြည်စက်ဝန်းက တောက်ပနေသည်။
သူမ...
သူမတွင်တော့ ဘာမှမရှိပေ။
သူမငယ်စဉ်ကပင် ခွန်လွန်တောင်သို့ အပို့ခံလိုက်ရပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ခဲ့ရသည်။
နဂါးမျိုးနွယ်များက သူမလိုအပ်သည့် ရင်းမြစ်ပစ္စည်းများအားလုံး ထောက်ပံ့ပေးခဲ့၍သာ တော်တော့သည်ဟု ဆိုရမည်။ မဟုတ်ပါက သူမကိုယ်သူမ စွန့်ပစ်ခံထားရသူတစ်ယောက်ပမာ ခံစားရမည် ဖြစ်သည်။
လုန်မန်ရောက်လာသည်နှင့် လုန်ယွိက တိုးလျသည့်အသံဖြင့် မေးလိုက်သည်။
"ဘာအကြောင်းများ ရှိလို့လဲ..."
သူမ၏အသံက တည်ငြိမ်သော်လည်း အေးစက်ခြင်း မရှိပေ။
လုန်မန်က သူမမောင်လေးဖြစ်လေရာ အခြားသူများကို ဆက်ဆံသကဲ့သို့ အေးစက်နေရန် မသင့်တော်ဘူး မဟုတ်လား။ သူမအနေဖြင့် မောင်ငယ်ဖြစ်သူကို ပိုမိုကောင်းမွန်စွာ ဆက်ဆံသင့်လေသည်။
လုန်မန်က တည်ကြည်သည့်မျက်နှာထားဖြင့် လုန်ယွိအနားသို့ချဉ်းကပ်လာပြီး သူမရှေ့တွင် ဒူးထောက်ချလိုက်သည်။
"ကျွန်တော် အစ်မကို ဂါရဝပြုပါတယ်…"
"............."
လုန်မန်၏ ထူးခြားသည့်အပြုအမူကြောင့် လုန်ယွိမှာ သတိလက်လွတ်ဖြင့် နောက်သို့ အနည်းငယ် ဆုတ်မိသွားသည်။
သူမမောင်လေး၏ အပြုအမူကို သူမ နားမလည်နိုင်ခဲ့ပေ။
သူမနှင့် မျိုးဆက်တူသည့် နဂါးကျင့်ကြံသူများထဲတွင် သူမကို ဒူးထောက်ဂါရဝပြုသူ အလွန်နည်းပါးသည်။ သို့မဟုတ် လုန်မန်က ထူးထူးခြားခြား ဟန်ဆောင်နေခြင်းလား။
ထို့ပြင် မောင်ငယ်က အင်မော်တယ်အဖြစ်မွေးဖွားလာသူဖြစ်လေရာ ဘယ်လိုကြောင့် လွယ်လွယ်နှင့် ဒူးထောက်ရပါသနည်း။
"အမြန်ထပါ..."
လုန်ယွိက ပြောလိုက်သည်။
အခြားသူများသာတွေ့သွားလျှင် လုန်မန်ကို အထင်သေးသွားကြမည် ဖြစ်သည်။
မျိုးနွယ်တူနဂါးများသာ ဤမြင်ကွင်းကို တွေ့မြင်သွားလျှင် ပြဿနာ ပိုမိုကြီးထွားသွားမည် ဖြစ်သည်။
သူတို့ (၂)ယောက်လုံး အပြစ်ပေးခံရရုံသာမက အနာဂတ်တွင် သူတို့ (၂)ယောက်လုံးကို ဝိုင်းပယ်ခြင်းပင် ခံရနိုင်ခြေ ရှိ၏။
လန်မန်က မတ်တတ်ရပ်လိုက်ပြီး လုန်ယွိကို အလေးအနက်ကြည့်လိုက်သည်။
"အစ်မ... ကျွန်တော်တစ်ခုလောက် မေးလို့ရမလား..."
"ဘာများလဲ..."
သူ့မောင်လေးနှင့် သိပ်အချိန်ကြာကြာတွေ့ဆုံ၍မဖြစ်ကြောင်း လုန်ယွိ ခံစားလိုက်ရသည်။
လုန်မန်က နူးညံ့သည့်လေသံဖြင့်...
"အစ်မနဲ့ ယောက်ဖ ဆက်ဆံရေးအဆင်ပြေရဲ့လား"
"............"
ဘာ ဆက်ဆံရေးကို ပြောတာလဲ။
လုန်ယွိ စဉ်းစားလိုက်သည်။
ကျန်းလန်နှင့်အတူတူရှိနေလျှင် သူမ ပျော်ရွှင်မှုကို ခံစားရလေ့ရှိသည်။ ဤသည်က သူတို့ (၂)ယောက ်ရင်းနှီးသည့်ဆက်ဆံရေးရှိသည်ဟု ဆိုနိုင်ပါမည်လား။
***
လုန်မန် တတိယတောင်ထွတ်မှ ထွက်ခွာလာခဲ့လေသည်။
စိတ်အနည်းငယ် တည်ငြိမ်စေရန်အတွက် သေရည်သောက်လျှင်ကောင်းမည်လားဟု တွေးမိသည်။
မနေ့ညက စိန်ခေါ်ပွဲရှုံးနိမ့်ရမှုနှင့်ပတ်သက်ပြီး အကြီးအကဲများက သူ့ကို စစ်ဆေးမေးမြန်းကြသည်။ သူကလည်း မကွယ်ဝှက်ဘဲ သူခံစားရသည်များကို ပြောပြခဲ့သည်။
သူ ခံစားခဲ့ရသည်က အန္တရယ်အငွေ့အသက် ဖြစ်သည်။
တစ်ဖက်လူက သူ့ကို သတ်ပစ်လိုလျှင် ချက်ချင်းသတ်ပစ်နိုင်သည်ဆိုသည့် ကြောက်မက်ဖွယ်ရာ အန္တရယ်အငွေ့အသက်မျိုး သူ ခံစားခဲ့ရသည်။
သူက အကြီးအကဲများကို ထိုအကြောင်းကိုသာ ပြောပြခဲ့လေသည်။
ပင်ကိုယ်စိတ်ဖြင့် အလိုလိုကြောက်ရွံ့နေမိသည့် ကြောက်မက်ဖွယ်ရာ လက်သီးချက်အကြောင်းကိုတော့ ပြောမပြခဲ့ပေ။ သူ့အနေဖြင့် ထိုစိတ်ကို ဖျောက်ဖျက်ပစ်ရမည် ဖြစ်သည်။
နဂါးသုတ်သင်ဓားကလည်း ထူးခြားပြီး စွမ်းအားကြီးမားသည်မှာ အမှန်ပင် ဖြစ်သည်။
သူ့ဖြေရှင်းချက်ကို နားထောင်ပြီးနောက် အကြီးအကဲများက ဘာကြောင့်မှန်းမသိ သူ့ကို အပြစ်မပေးခဲ့ကြပေ။
နဂါးမျိုးနွယ်များ၏ အကြံအစည်များမှာ သူ့ကြောင့် ပျက်စီးခဲ့ရခြင်း ဖြစ်သည်။ အဘယ့်ကြောင့် သူ့ကို လွယ်လွယ်နှင့် ခွင့်လွှတ်ခဲ့ရပါသနည်း။
သို့သော် သူ ထိုကိစ္စကို စိတ်ထဲမထားပေ။
သူ စိတ်ထဲထားနေသည်က ကျန်းလန်ကို သူ အဘယ့်ကြောင့် ကြောက်ရွံ့နေရပါသနည်းဆိုသည့်အချက်ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းကို သူ သေသေချာချာ စဉ်းစားနေမိ၏။
ကျန်းလန်အကြောင်းစဉ်းစားလိုက်တိုင်း သွေးနီရောင်နဂါးကို လက်သီးတစ်ချက်တည်းဖြင့် ထိုးခွင်းလိုက်သည့်မြင်ကွင်းကို သူ မြင်ယောင်နေမိသည်။
ထိုသူက နဝမတောင်ထွတ်မှ သူ့ယောက်ဖလောင်းက ထိုသူနှင့် တစ်ခုခု ပတ်သက်ဆက်စပ်နေသည်လား။
ဆက်စပ်နေဟန်တော့ မရှိပေ။
သို့သော်…
ဆက်စပ်နေခဲ့ပါလျှင်…
နောက်ဆုံးတော့ သူ အစ်မဖြစ်သူနှင့် ထပ်မံသွားရောက်တွေ့ဆုံပြီး ဂါရဝပြုရန် ဆုံးဖြတ်လိုက်သည်။ သူက အစ်မဖြစ်သူနှင့် အဆင်ပြေသည့် မောင်ငယ်တစ်ယောက် ဖြစ်လိုသည်။
အစ်မဖြစ်သူက ခွန်လွန်တောင်မှ ကျောက်စိမ်းရေကန်နတ်ဘုရားမ ဖြစ်နေခြင်းမှာ အလွန်ကောင်းသည့်အချက်ဖြစ်ကြောင်း လုန်မန် ရုတ်ချည်းပင် သဘောပေါက်နားလည်မိသည်။
ခွန်လွန်တောင်သို့ ရောက်သေနည့် နဂါးမျိုးနွယ်တစ်ယောက်အနေဖြင့် အန္တရယ်ကင်းသည် ခံစားရသည် မဟုတ်ပါလား။
သူက အစ်မဖြစ်သူကို သွားရောက်ဂါရဝပြုရင်း ယောက်ဖနှင့်ဆက်ဆံရေး မည်သို့ရှိသည်ကို မေးမြန်းကြည့်ခဲ့သော်လည်း အစ်မဖြစ်သူက ပြောမပြခဲ့ပေ။
"ယောက်ဖနဲ့အဆင်ပြေအောင် သေရည်လေးဘာလေး အတူတူသောက်ဖို့ သွားခေါ်ရင်ကောင်းမယ်… ဒါပေမဲ့ သူက လိုက်ပါ့မလား"
လုန်မန် စိတ်ထဲမှ တွေးတောနေ၏။
ဘာ့ကြောင့်မှန်းမသိ သူ့ယောက်ဖက အလွန်အန္တရယ်များသည်ဟု ခံစားနေရသည်။
နဝမတောင်ထွတ်မှ တောင်သခင်၏ တန်ခိုးစွမ်းအားများနှင့် သွေးနီရောင်နဂါးကို လက်သီးတစ်ချက်တည်းဖြင့် ထိုးခွင်းလိုက်သူ၏ တန်ခိုးစွမ်းအားများက သူ့အပေါ် သက်ရောက်မှုရှိနေခြင်းလည်း ဖြစ်နိုင်သည်။
သို့ပေသိ သေသေချာချာ တွေးကြည့်တော့ ထိုသို့လည်း မဟုတ်ပြန်ပေ။
သူ့ယောက်ဖက အစကတည်းက အလွန်အန္တရယ်များသူတစ်ယောက် ဖြစ်ဟန်တူသည်။
သို့ရာတွင် သူ၏ မွေးရာပါအင်မော်တယ် ပင်ကိုယ်သိစိတ်က ကျန်းလန်နှင့်ပတ်သက်ပြီး အသေးစိတ် အတိအကျ ဖော်ပြနိုင်ခြင်း မရှိခဲ့ပေ။
လုန်မန် ခေါင်းခါယမ်းလိုက်ပြီး နဝမတောင်ထွတ်သို့ ဦးတည်ထွက်ခွာလာခဲ့သည်။ သူ ယောက်ဖနှင့် ရင်းနှီးခွင့်ရနိုင်မလား တွေးနေမိသည်။
ယောက်ဖနှင့်တွေ့ဆုံပြီး အနည်းငယ်ရင်းနှီးခွင့်ရလျှင် သူ ယောက်ဖကို အဘယ့်ကြောင့် ကြောက်ရွံ့နေရပါသည်ဆိုသည့် အကြောင်းရင်းကို ရှာဖွေရန် အခွင့်အရေး ရနိုင်မည် ဖြစ်၏။
သို့သော် သူ နဝမတောင်ထွတ်သို့ ရောက်ခါနီးတွင် ရုတ်တရက် သူ့နောက်တွင် လူတစ်ယောက် ရောက်နေကြောင်း အာရုံခံလိုက်မိသည်။
လုန်မန် ချက်ချင်းပင် လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားရသည်။
သူ့နောက်တွင် လူတစ်ယောက် ရပ်နေပြီး ခံစားချက်ကင်းမဲ့သည့် မျက်နှာထားဖြင့် သူ့ကို ကြည့်နေ၏။ ထိုသူသည်ကား သူ ကြောက်ရွံ့နေမိသည့် ကျန်းလန်ပင် ဖြစ်သည်။
သူက ကျန်းလန်အကြောင်းတွေးနေစဉ် ထိုသူက သူ့အနောက်တွင် ရုတ်တရက်ပေါ်လာလေရာ လုန်မန်မှာ ချက်ချင်းပင် ထိတ်လန့်သွားရတော့သည်။
ထိုစဉ်မှာပင် ကျန်းလန်ထံမှ စကားသံထွက်ပေါ်လာ၏။
"မင်း ကျုပ်ကို ကြောက်နေတာလား"