← Chapters

အခန်း (၁၁၆)

Vol. 10 Ch. 116

အခန်း (၁၁၆)

Vol. 10 Ch. 116

"ကျွန်တော်က စပ်စုချင်စိတ်နဲ့ပါ" ဖေးကျန့် ပခုံးတွန့်လိုက်သည်။

"ကျွန်တော်တို့ မြို့တော်မှာတုန်းက စစ်ကျောင်းကနေ အတန်းထဲမှာ အတော်ဆုံးနဲ့ ဘွဲ့ရခဲ့တဲ့ အဖေ့ကို ဘယ်လိုအင်္ဂလိပ်စာအုပ်မျိုးက ခေါင်းစားစေနိုင်လဲဆိုတာ သိချင်လို့ စာကြည့်ခန်းထဲ ခိုးဝင်ကြည့်ဖူးတယ်"

လုနန်၏ နှလုံးခုန်သံ တစ်ချက်ရပ်သွားသည်။ "နင် ဘာကိုဆိုလိုချင်တာလဲ"

"ကျွန်တော့်အဖေက သူ့အတန်းထဲမှာ အတော်ဆုံးပဲ၊ ဆိုလိုတာက သူက ဂျာမန်၊ ရုရှားနဲ့ တခြားဒေသအလိုက် ပြောတဲ့ဘာသာစကားတွေ အများကြီးကို ကျွမ်းကျင်တယ်... အင်္ဂလိပ်စာကို ဘယ်လိုလုပ်နားမလည်ဘဲ နေမှာလဲ"

ထို့နောက် ဖေးကျန့်သည် လုနန်၏ လက်ထဲမှ ကဗျာပါသော စာရွက်ကို ယူကာ ကဗျာရေးသားထားသော စာအုပ်စာမျက်နှာ၏ ဘေးတွင် ယှဉ်ချလိုက်သည်။

ထိုနှစ်ခုစလုံးကို သူမထံသို့ ကမ်းပေးရင်း သူ ပြောလိုက်သည်။

"ခင်ဗျားက ဒီလောက် ဉာဏ်ကောင်းတဲ့သူပဲဟာကို၊ ခုထိ သဘောမပေါက်သေးဘူးလား"

အပြင်ပန်းတွင် ဖေးကျန့်သည် တည်ငြိမ်နေပုံရသော်လည်း၊ အတွင်းစိတ်ထဲတွင်မူ သူ တုန်လှုပ်နေခဲ့သည်။ အကယ်၍ သူ့ဖခင်က သူ့လျှို့ဝှက်အချစ်ဝန်ခံချက်ကို ဖော်ထုတ်ခဲ့ကြောင်း သိသွားပါက၊ ရှက်ရွံ့မှုကြောင့် သူ့အပေါ် ဒေါသထွက်မည်လား။

သူ ကိုယ့်ကိုယ်ကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။ မဟုတ်ဘူး၊ သူ ဒေါသထွက်စရာအကြောင်းမရှိပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူက သူ့ဖခင်၏ ဘဝနောက်ပိုင်းကာလများ ပျော်ရွှင်မှုအတွက် ကူညီပေးနေခြင်းဖြစ်၏။ သူ ကောင်းမှုတစ်ခု ပြုလုပ်နေခြင်းပင်!

သူပြန်လာသည့်အခါ အဘိုးကြီးက သူ့အား ဆုချကောင်း ချပေလိမ့်မည်။

ဖေးကျန့်သည် ထိုသို့တွေးရင်း သူ့ဘာသာသူ ရယ်လိုက်မိသည်။

လုနန် ကြက်သေသေသွားသည်။ ဒါတွေအားလုံးက ဘယ်လောက် စောစောကတည်းက စတင်ခဲ့တာပါလိမ့်။

သူမ၏စိတ်သည် ရှုပ်ထွေးမှုများဖြင့် ချာချာလည်နေခဲ့သည်။ အရာအားလုံးက အဘယ်ကြောင့် ဤမျှ စောစီးစွာ စတင်ခဲ့ရသနည်း။

ဖေးကျန့်၏ မျက်နှာအမူအရာသည် တည်ကြည်သွားပြီး သူ ပြောလိုက်သည်။

"ခင်ဗျားရဲ့ ဖြစ်တည်မှုက အရာအားလုံးကို ဘယ်လောက်တောင် ပြောင်းလဲစေခဲ့လဲဆိုတာ ခင်ဗျား သဘောပေါက်မှာတောင် မဟုတ်ဘူး"

တစ်ခဏမျှ သူသည် လုနန်နှင့် ပထမဆုံးဆုံတွေ့ခဲ့စဥ်က ထက်မြက်ပြီး တံတိုင်းကာတွေနောက်က လူငယ်လေးနှင့် တူနေခဲ့သည်။ ထိုရဲတင်းသော အပြင်ပန်းမှ ပြင်းထန်မှုသည် ကာကွယ်ထားသော ဒိုင်းတစ်ခုမျှသာ ဖြစ်သည်။

သို့သော် ထိုအခြေအနေသည် တစ်ခဏသာ ကြာမြင့်ခဲ့သည်။ မကြာမီပင် ဖေးကျန့် သည် နူးညံ့သွားပြီး ပြုံးလိုက်သည်။ "ဒါပေမဲ့ ခင်ဗျား ခံစားမိလောက်ပြီလို့ ကျွန်တော်ယုံတယ်"

သူမ ခံစားမိခဲ့လား။ လုနန် ဆိတ်ငြိမ်နေခဲ့သည်။

ဟုတ်ပေသည်၊ သူမ ခံစားမိခဲ့သည်။ အလိုလိုက်မှု၊ မျက်နှာသာပေးမှု၊ အလျှော့ပေးမှု…

ထိုအရာအားလုံးမှာ အလွန်ရှုပ်ထွေးလှသဖြင့် သူမ စကားလုံးပင် ရှာမတွေ့နိုင်ခဲ့ပေ။

ကံကောင်းစွာပင် ဖေးကျန့်သည် သူမ စကားပြောရန် မလိုအပ်ခဲ့ပေ။ သူ ပျင်းရိစွာ အကြောဆန့်ရင်း ပြောလိုက်သည်။ "ကျွန်တော် ခင်ဗျားကို အဲ့ဒါပဲပြောချင်တာ။ ကဲ၊ လာ၊ ညစာစားဖို့ အောက်ထပ်ဆင်းရအောင်"

ဘေးမှကြည့်ရှုသူတစ်ဦးအနေဖြင့် ဖေးကျန့်သည် အစပိုင်းတွင် အရာရာကို သဘောပေါက်ရန် နှေးကွေးခဲ့နိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ အမှန်တရားကို ဘယ်လိုလုပ် မမြင်ဘဲ နေနိုင်မည်နည်း။

မည်သူက တုံ့ဆိုင်းနေခဲ့ပြီး မည်သူက လိုက်လံဆွဲဆောင်ခဲ့သနည်း။ မည်သူက ရှာဖွေပြီး မည်သူက နောက်ဆုတ်ခဲ့သနည်း။ ထိုအရာအားလုံးသည် သူ့အတွက် ကြည်လင်ပြတ်သားနေခဲ့သည်။

ပုံမှန်အားဖြင့် သူသည် သူ့ဖခင်နှင့် လုနန် ကြားမှ ဆက်ဆံရေးတွင် ဝင်ရောက် စွက်ဖက်မည် မဟုတ်သော်လည်း၊ ယနေ့ အချိန်အခါက အလွန်ပင် ကွက်တိကျလွန်းနေသည်။ ယခုအချိန်တွင် တစ်စုံတစ်ရာ မပြောလိုက်ပါက နှစ်ပေါင်းများစွာ သူ့အား ပြုစုပျိုးထောင်ခဲ့သော သူ့ဖခင်အပေါ် တရားမမျှတရာ ကျပေလိမ့်မည်။

လုနန် ပြန်မဖြေခဲ့ပေ။ ထိုအစား သူမသည် ပြတင်းပေါက်ဘက်သို့ လှည့်ကာ ဥယျာဉ်ထဲမှာ အထီးကျန်စွာ လေထဲ ယိမ်းနွဲ့နေသော ဒါန်းကို လှမ်းကြည့်နေခဲ့သည်။

"သွားတော့။ ငါ့ကို ခဏလောက် တစ်ယောက်တည်း နေခွင့်ပေး" သူမ တိုးညင်းစွာ ပြောလိုက်သည်။

ဖေးကျန့် စာကြည့်ခန်းမှ တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့သည်။

အမှန်စင်စစ်၊ လုနန်သည် သူမနှင့် ဖေးကျီအန်း ကြားတွင် ဖေးကျီအန်းက အသာစီးရနေပုံပေါက်သည်ကို သိရှိသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့မှဦ အာဏာနှင့် ရာထူးရှိပြီး၊ သူမကမူ သိုဝှက်ထားသော ဒုက္ခများဖြင့် ဝန်ပိနေလျက် ရိုးရှင်းသည့် နောက်ခံမှ လာသူဖြစ်၏။ သို့သော်လည်း တစ်နည်းနည်းဖြင့် အသာစီးရသူမှာ သူမသာဖြစ်နေခဲ့သည်။

သူတို့ စတင်တွေ့ဆုံခဲ့သည့် အချိန်မှစ၍ ဖေးကျီအန်း သည် သူမထံသို့ ခြေလှမ်းပေါင်း ကိုးဆယ့်ကိုးလှမ်း လှမ်းခဲ့ပြီးဖြစ်သည်။ သူမသည် နောက်ဆုံးခြေတစ်လှမ်းကိုသာ လှမ်းရန် လိုအပ်တော့သည်။

ဒါသည် သူတို့ ဆက်ဆံရေး၏ သဘာဝဖြစ်သည် ဟူသောအချက်သည် လုနန်အတွက်ပင် မယုံနိုင်စရာကောင်းလှသည်။

သူမ၏ မိဘများသည် သူမအား အရေးကြီးသော သင်ခန်းစာတစ်ခုကို စောစီးစွာ သင်ကြားပေးခဲ့သည်- ဉာဏ်ကောင်းသောသူသည် သူတို့၏ ပြိုင်ဘက်အား သူတို့၏ အကြံအစည်ကို ဘယ်တော့မှ မဖော်ပြပေ။ ဉာဏ်ကောင်းသောသူသည် အမြဲတမ်း အသာစီးရနေတတ်သည်။ ဤသည်မှာ လုနန် သည် ခေတ်သစ်ကမ္ဘာတွင် သင်ယူခဲ့ရသော ပထမဆုံးနှင့် အသုံးဝင်ဆုံး သင်ခန်းစာ ဖြစ်သည်။

စီးပွားရေးတွင်ဖြစ်စေ၊ အချစ်ရေးတွင်ဖြစ်စေ တူညီသော နိယာမပင် အကျုံးဝင်သည်။

စီးပွားရေးတွင် ထိန်းချုပ်မှုသည် ထင်ရှားသည်။

အချစ်ရေးတွင်မူ ထိန်းချုပ်မှုသည် အကြောဆွဲခြင်း၊ ရယူဖို့ ခက်ခဲသယောင် ပြုမူခြင်းမှ လာသည်။ သူမသည် အခြားတစ်ဖက်သားအား သူမမည်မျှ ဂရုစိုက်သည်ကို အတိအကျ သိခွင့်မပေးသင့်ပေ။

အခြားတစ်ဖက်သားသည် သူမကို အမှန်တကယ် ချစ်မြတ်နိုးသည်ဟု သူမသေချာသည်အထိ သူမ၏ ဖဲချပ်များကို ဘယ်တော့မှ မလှန်ပြသင့်ပေ။

ဖေးကျီအန်းသည် လုနန် အပြည့်အဝ နားမလည်နိုင်သောသူတစ်ဦး ဖြစ်သည်။ အကယ်၍ သူသာ သူမအား ဒီလို အမှန်တကယ် ဆက်ဆံခဲ့ပါက၊ သူမ သူနှင့်အတူ လိုက်ကစားနိုင်ခဲ့မည်ဖြစ်ပြီး၊ နောက်ဆုံးတွင် သူမ၏ နှလုံးသားကို သူ့အား ပေးအပ်ခဲ့မိမည် ဖြစ်သည်။

သို့သော် သူမ၏ နှလုံးသားကို ကာကွယ်ထားခြင်းသည်လည်း ကျိုးကြောင်းဆီလျော်မှုမရှိသော ကိစ္စမဟုတ်ပေ။

သို့သော်လည်း၊ ဤမျှ ထူးချွန်ပြောင်မြောက်လွန်းသော .. ပထမဆုံးတစ်ချက်ကြည့်ရုံဖြင့် သူမကို ရှုပ်ထွေးသွားစေခဲ့သော .. ဖေးကျီအန်းသည် အချစ်နှင့်ပတ်သက်လာသောအခါ ဗျူဟာအားလုံးကို လုံးဝနီးပါး စွန့်လွှတ်ခဲ့သည်။ သူသည် တည်ငြိမ်ပြီး ရိုးသားကာ သူမအား ခြေတစ်လှမ်းချင်း လမ်းညွှန်ခဲ့ပြီး သူ၏ အပြုအမူများနှင့် စကားလုံးများကို အသုံးပြု၍ သူ့အကြံအစည်ကို ပြသကာ သူ့နှလုံးသားကို သူမအား နားလည်စေခဲ့သည်။

သူသည် သူမအား သူ၏ ပင်ကိုစရိုက်ကဲ့သို့ .. အမြဲတမ်း တည်ငြိမ်၍ ဘယ်တော့မှ မလော စိတ်လိုက်မာန်ပပါ မလုပ်သော .. ခိုင်မာပြီး နူးညံ့သိမ်မွေ့သည့် ခံစားချက်ကို ပေးခဲ့သည်။

ဖေးကျီအန်းနှင့်ပတ်သက်၍ အထူးခြားဆုံးအချက်မှာ သူသည် လုနန် မသိချင်ယောင်ဆောင်နေသည်ကို သိနေနိုင်ခြင်းပင်ဖြစ်သည်။ သို့သော် သူသည် သူမကို ထိုသို့နေခွင့်ပေးခဲ့ပြီး ဘယ်တော့မှ ရင်ဆိုင်စေရန် အတင်းအကျပ်မလုပ်ဘဲ သူမအား အသက်သာဆုံးသော စိတ်ပိုင်းဆိုင်ရာ နေရာလွတ်ကို ပေးခဲ့သည်။

လုနန်သည် သူ အလွန်အမင်း ယုံကြည်မှုလွန်ကဲနေခြင်းလား သို့မဟုတ် သူမကို အလွန်အမင်း နားလည်နေခြင်းလား ဆိုသည်ကို မသိခဲ့ပေ။ သို့သော် သူမအတွက်မူ ဒါသည် အံကိုက်ဖြစ်နေခဲ့သည်။

အကယ်၍ စစ်မက်မရှိခဲ့ပါက အရာအားလုံး ငြိမ်းချမ်းနေခဲ့ပါက၊ လုနန်သည် သူမ၏ ခံစားချက်များကို ဝန်ခံရန် အချိန်မည်မျှကြာမည်ကို မသေချာခဲ့ပေ။

သို့သော် ဒါသည် ထိုမျှမဆိုးလှဟုလည်း ဆိုနိုင်သည်။

ဤနှေးကွေးသော အရှိန်နှုန်းဖြင့် ဘဝတွင် လူတစ်ယောက်ကိုသာ ချစ်ရန် အချိန်အလုံအလောက် ရှိသည်။ ပြီးလျှင် သူတို့မှာ အတူအိုမင်းရန်၊ အချိန်ဖြုန်းရန်အတွက် ကမ္ဘာပေါ်ရှိ အချိန်အားလုံးကို ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလား။

သို့သော် ဘဝတွင် အမြဲတမ်း မသေချာမရေရာမှုများ ရှိနေတတ်သည်။ မနေ့ညက လုနန်၏ အိမ်မက်ထဲတွင် ပေါ်လာခဲ့သော သူမ အလွန်ရင်းနှီးပြီး အလွန်အရေးကြီးသည်ဟု ယူဆသော ထိုယောက်ျားကို ဖေးကျီအန်းနှင့်သာ နှိုင်းယှဉ်နိုင်မည်ဖြစ်သည်။

လုနန်သည် ဖေးကျီအန်း၏ တိုက်ရိုက်နှင့် သွယ်ဝိုက်သော အရိပ်အမြွက်များကို မည်မျှပင် လျစ်လျူရှုရန် သို့မဟုတ် ရှောင်ရှားရန် ကြိုးစားခဲ့ပါစေ၊ နောက်ဆုံးတွင် သူသည် သူမ၏ဘဝအတွက် မရှိမဖြစ်သော အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။

သူသည် သူမ ဆုံးရှုံးရန် မတတ်နိုင်သော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ခွဲခွာခြင်းနှင့် ဆုံးရှုံးခြင်းတို့နှင့် ရင်ဆိုင်ရသောအခါမှသာ လူတို့သည် သူတို့၏ နှလုံးသားကို အမှန်တကယ် နားလည်လာကြပုံရသည်။ ဖေးကျီအန်း မရှိသည့်အချိန်တွင် လုနန်သည်လည်း အရေးကြီးသောအရာအချို့ကို သဘောပေါက်လာခဲ့သည်။

ဘဝသည် အလွန်တိုတောင်းလှသည်၊ မနက်ဖြန် သို့မဟုတ် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခုခုက အရင်ရောက်လာမည်ကို သူမတို့ ဘယ်တော့မှ မသိနိုင်ပေ။ ထို့ကြောင့် သူမတို့ထံသို့ လှမ်းနေသော လက်တစ်ဖက်ကို အဘယ်ကြောင့် မဆွဲကိုင်ထားသင့်သနည်း။

ဤအတွေးများ ရှင်းလင်းသွားသည်နှင့် လုနန် သက်ပြင်းရှည်ကြီးကို ချလိုက်မိသည်။

ထိုအခိုက်အတန့်တွင် နေ့အလင်းရောင်သည် အနေတော်ဖြစ်ပြီး နွေးထွေးသော နေ့လည်ခင်း နေရောင်ခြည်သည် ပြတင်းပေါက်မှတစ်ဆင့် ဝင်ရောက်လာကာ အခန်းကို အလင်းရောင်ဖြင့် ဖြည့်ဆည်းပေးနေသည်။

လုနန် အောက်ထပ်သို့ ဆင်းသွားသောအခါ ဖေးကျန့် သည် လက်ဆောင်များ ခွဲဝေပေးနေသည်ကို တွေ့လိုက်ရသည်။ သူသည် မြို့တော်မှ အိတ်ကြီးနှစ်လုံးအပြည့် ပစ္စည်းများဖြင့် ပြန်လာခဲ့ပြီး အများစုမှာ မိသားစုဝင်များအတွက် လက်ဆောင်များဖြစ်သည်- ရှောင်ဟွိုက် အတွက် အရုပ်များနှင့် သရေစာများ၊ အန်တီဝူ အတွက် အားဖြည့်ဆေးနှင့် ဆေးဖက်ဝင်အပင်များ၊ လုနန် အတွက် အလှကုန်နှင့် ကော်ဖီ၊ ဖေးကျီအန်း အတွက် ခါးပတ်အပျော့တစ်စုံတို့ ဖြစ်ကြသည်။

နောက်ဆုံးပစ္စည်းကို မြင်သောအခါ လုနန်သည် နှုတ်ခမ်းမဲ့မိတော့မလို ဖြစ်သွားသည်။ ထိုခါးပတ်သည် ဖေးကျီအန်း သူ့ကို အပြစ်ပေးသည့်အခါ လက်လျှော့ရန် သတိပေးရန် ရည်ရွယ်ထားခြင်းလား။

သူမသည် ဖေးကျန့် မည်မျှ အကင်းပါးသည်ကို စိတ်ထဲမှ ထပ်မံအံ့ဩမိသည်၊ သူသည် မူရင်းဇာတ်လမ်းမှ အမျိုးသားဇာတ်လိုက်တစ်ယောက်၏ နေရာနှင့် ထိုက်တန်လှပေသည်။ သူသည် ထက်မြက်ပြီး အမြင်ကျယ်သည်၊ သူ အလေးအနက်ထားသည့်အခါ အတော်လေး ကြောက်စရာကောင်းနိုင်သည်။

လက်ဆောင်များ ဝေငှပြီးနောက် ဖေးကျန့်သည် ရှောင်ဟွိုက်နှင့် ဆော့ကစားနေပြီး အန်တီဝူ၏ သရေစာများကို အသုံးပြုကာ သူ့အား စနောက်နေသည်။ လုနန် ဆင်းလာသည်ကို မြင်သောအခါ သူသည် အသစ်လုပ်ထားသော သရေစာများကို အမြန်ဖွက်လိုက်ပြီး ရှောင်ဟွိုက် အား သတိပေးလိုက်သည်။

"သတိထား! မင်းအမေလာပြီ။ ငါ့မုန့်တွေကို ကာကွယ်ထား"

လုနန် - “…” နေပါစေတော့၊ ငါ သူ့ကို အထင်ကြီးလွန်းသွားတာပဲ။

နှစ်သစ်ကူးချိန် နီးကပ်လာသော်လည်း ဖေးကျီအန်းမှာ ပြန်မရောက်သေးပေ။ ဖေး မိသားစုသည် ဟာတာတာ ခံစားချက်ဖြင့် နှစ်သစ်ကို ကြိုဆိုခဲ့ကြပြီး ဤခံစားချက်သည် စစ်ခရိုင်မှ အိမ်သို့ပြန်မရောက်နိုင်သေးသော အခြားစစ်သားများ၏ မိသားစုများထံသို့လည်း ကူးစက်ခဲ့ကာ ပွဲတော်၏ ပျော်ရွှင်ဖွယ်ရာ အငွေ့အသက်များထဲတွင် စိုးရိမ်ပူပန်မှုများ ရောယှက်နေခဲ့သည်။

အန်တီဝူသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဘုရားစာရွတ်ဖတ်ခြင်းကို သိသိသာသာ ပိုမိုပြုလုပ်လာခဲ့သည်။

လုနန်သည် ကလေးများက လူကြီးများ၏ စိတ်ခံစားချက်ကြောင့် အလွန်အမင်း ထိခိုက်မသွားစေလိုပေ။ ဒီရှားပါးသော အချိန်ကာလများတွင် နှစ်သစ်ကူးသည် ကလေးများအတွက် အပျော်ရွှင်ဆုံးနှင့် ကြည်နူးစရာအကောင်းဆုံး အချိန်ဖြစ်၏။

ထိုနည်းတူစွာ ဘဝတွင် အခမ်းအနား ဓလေ့ထုံးတမ်း အငွေ့အသက်အချို့ လိုအပ်သည်။ နှစ်သစ်ကူးပွဲတော်ကို ကျင်းပခြင်းသည် တရုတ်လူမျိုးများအတွက် အမျိုးသားရေး ဓလေ့တစ်ခုဖြစ်သည်။ ဒါသည် လုနန်မှ ကလေးများကို တွေ့ကြုံခံစားစေလိုသော ထူးခြားသည့် ရင်ခုန်ကြည်နူးဖွယ် ဓလေ့ထုံးစံတစ်ခု ဖြစ်သည်။

သူတို့သည် နှစ်သစ်ကူးပွဲကို ကောင်းမွန်စွာ ကျင်းပကြမည် ဖြစ်သောကြောင့် မိသားစုတစ်စုလုံး ပါဝင်လှုပ်ရှားကြရသည်။

နှစ်သစ်ကူးမတိုင်မီ ရက်များတွင် အန်တီဝူ၊ လုနန်နှင့် ဖေးကျန့် တို့သည် ဒေသခံ ကုန်ပစ္စည်းထောက်ပံ့ရေးစတိုးဆိုင်နှင့် ဈေးသို့သွားကာ ကြက်၊ ဘဲ၊ ငါး၊ အသား၊ လက်ဖက်ရည်၊ ဝိုင်၊ ဆီ၊ ပဲငံပြာရည်၊ သစ်သီးခြောက်များနှင့် ဗြောက်အိုးများ အပါအဝင် နှစ်သစ်ကူးကုန်ပစ္စည်း အမြောက်အများကို ဝယ်ယူခဲ့ကြသည်။

နှစ်သစ်ကူးပစ္စည်းများ ပြင်ဆင်ပြီးသည်နှင့် လုနန် သည် ဖေးကျန့် နှင့် ရှောင်ဟွိုက်တို့ကို ဦးဆောင်ကာ အိမ်ကို အလှဆင်ခဲ့သည်။ အိမ်သည် မကြာသေးမီကမှ ပြန်လည်မွမ်းမံထားသဖြင့် အနည်းငယ် ရှင်းလင်းလိုက်ရုံဖြင့် သန့်ရှင်းနေပြီးဖြစ်သည်။ အဓိကအချက်မှာ အလှဆင်ရန်ဖြစ်သည်။

ပြတင်းပေါက်အလှဆင်မှုများ၊ မီးပုံးများ၊ တရုတ်ကြိုးထုံးများနှင့် နှစ်သစ်ကူးကဗျာနီများ(နံရံမှာ ကပ်တဲ့ အနီရောင်စာရွက်ပေါ်မှာ ရေးထားတဲ့ ကဗျာတွေကိုပြောတာပါ) အရာအားလုံးသည် နှစ်သစ်ကူးအတွက် တက်ကြွလန်းဆန်းပြီး ပွဲတော်ဆန်နေရမည်ဖြစ်သည်။

ပြတင်းပေါက် အလှဆင်မှုများအတွက် အဓိက ပံ့ပိုးကူညီသူများမှာ အန်တီဝူနှင့် ဖေးကျန့်တို့ ဖြစ်ကြသည်။

အန်တီဝူ၏ စက္ကူပန်းညှပ်ကျွမ်းကျင်မှုသည် ပန်းများ၊ ငှက်များ၊ ငါးများနှင့် အင်းဆက်ပိုးမွှားများကို သက်ဝင်လှုပ်ရှားနေသကဲ့သို့ ဖြစ်စေသည်။ ဖေးကျန့်သည် သူမ၏ လက်မှုပညာကို အလွန်အံ့ဩသွားပြီး သူမထံမှ သင်ယူရန်ပင် ကြိုးစားခဲ့ရ၊ သူမ၏ ဟန်ကို အတော်လေး ကောင်းမွန်စွာ တုပနိုင်ခဲ့သည်။ အနည်းဆုံးတော့ ပြတင်းပေါက်များတွင် ကပ်ထားလျှင် အခြားသူများကို အထင်ကြီးသွားစေနိုင်မည်ဖြစ်သည်။

ဖေးကျန့် မည်မျှ လျင်မြန်စွာ သင်ယူတတ်မြောက်သွားသည်ကို မြင်သောအခါ လုနန် မျက်ဖြူလှန်လိုက်မိသည်။ ထိုအချိန်တွင် ဖေးကျန့်နှင့် အန်တီဝူတို့က သူမကို သတိပြုမိသွားပြီး၊ အန်တီဝူက တခစ်ခစ်ရယ်မောလိုက်ကာ ဖေးကျန့်က မျက်ခုံးပင့်လိုက်ပြီး သူမ၏ တုံ့ပြန်မှုနောက်ကွယ်တွင် ဇာတ်လမ်းတစ်ပုဒ် ရှိနေသည်ကို သိရှိသွားသည်။ ထို့နောက် သူသည် အန်တီဝူကို မေးလိုက်သည်။

"အဘွား ဝူ၊ ဘာရယ်စရာရှိလို့လဲ"

အန်တီဝူ ခေါင်းခါလိုက်ပြီး၊ မိခင်ကောင်းတစ်ယောက်သည် သူမ၏သမီးကို မျက်နှာသာအနည်းငယ် ပေးသင့်သည်ဟု တွေးလိုက်သည်။

ဖေးကျန့်သည် အကြောင်းအရာကို လက်မလျှော့ချင်သဖြင့် မျက်ဖြူလှန်လိုက်သည်။ လုနန် ထွက်သွားပြီးနောက် သူသည် အန်တီဝူဆီသို့ တိုးတိုးလေး ကပ်သွားပြီး မေးလိုက်သည်။

"ပြောပြပါဗျာ.. နော်"

အန်တီဝူ ပြန်ဖြေလိုက်သည်။ "ဘာမှ သိပ်မဟုတ်ပါဘူး။ နန်နန်က စက္ကူပန်းညှပ်မတတ်လို့ပါ"

"ဒါပဲလား" ဖေးကျန့် သူမကို မယုံကြည်ပေ။

အန်တီဝူ ပြုံးလိုက်သော်လည်း ဘာမှမပြောပေ။ သူမသည် လုနန် စက္ကူမညှပ်တတ်သောကြောင့် ရယ်မောနေခြင်းမှာ မှန်သော်လည်း ထိုအကြောင်း နောက်ကွယ်တွင် ရယ်စရာကောင်းသော ဇာတ်လမ်းတစ်ပုဒ်လည်း ရှိနေခဲ့သည်။

လုနန်သည် ဘယ်သန်တစ်ယောက်ဖြစ်သည်။ လူအများစုသည် စာရေးခြင်းနှင့် အစာစားခြင်းအတွက် ညာလက်ကို အသုံးပြုကြသော်လည်း သူမသည် အစပိုင်းတွင် ဘယ်လက်ကိုသာ အသုံးပြုနိုင်ခဲ့သည်။ နောက်ဆုံးတွင် သူမသည် ညာလက်ဖြင့် စာရေးခြင်းနှင့် အစာစားခြင်းကို သင်ယူနိုင်ခဲ့သော်လည်း၊ ကတ်ကြေးကိုင်သည့်အခါကဲ့သို့ပင် အခြားအလုပ်များစွာအတွက်မူ သူမသည် ပင်ကိုအသိစိတ်ဖြင့် ဘယ်လက်ကိုသာ အသုံးပြုနေဆဲဖြစ်သည်။

ဤအချက်ကြောင့် သူမသည် အန်တီဝူနှင့် စက္ကူပန်းညှပ်ခြင်းကို ပထမဆုံးအကြိမ် သင်ယူစဥ်က အခက်အခဲဖြစ်စေခဲ့ပြီး၊ သူမ၏ ညာသန်ဝမ်းကွဲ မောင်နှမများကမူ လျင်မြန်စွာ တတ်မြောက်သွားကြသည်။ ငယ်ရွယ်သော လုနန်သည် ထိုထိုးနှက်ချက်ကို မခံနိုင်ခဲ့ပေ။

နောက်ဆုံးတော့ သူမသည် မိသားစုထဲတွင် အမြဲတမ်း အသင်အမြန်ဆုံးဖြစ်သော်လည်း စက္ကူပန်းညှပ်ခြင်းကဲ့သို့ ရိုးရှင်းသောအရာတစ်ခုတွင် ရှုံးနိမ့်သွားခဲ့သည်။ စိတ်ပျက်အားငယ်စွာဖြင့် သူမသည် စက္ကူပန်းညှပ်ခြင်းကို လုံးဝစွန့်လွှတ်မည်ဟု ကျိန်ဆိုခဲ့သည်။

နောက်နှစ်များတွင် အခြားကလေးများက နှစ်သစ်ကူးအတွက် စက္ကူပန်းညှပ်ရန် အန်တီဝူ ဘေးတွင် စုဝေးနေကြသောအခါ လုနန်သည် အမြဲတမ်း ပြေးထွက်သွားတတ်သည်။ နှစ်ပေါင်းများစွာကြာအောင် သူမ၏ ဝမ်းကွဲမောင်နှမများသာမက လူကြီးများပါ စပ်စုပြီး သူမ ဘာကြောင့်မပါဝင်သည်ကို မေးမြန်းကြသည်။ လုနန်သည် စက္ကူပန်းညှပ်ခြင်းသည် ပျင်းစရာကောင်းသည်ဟု ခေါင်းမာစွာ အခိုင်အမာပြောဆိုခဲ့သည်။

သို့သော် သူမသည် ငယ်ရွယ်သေးသဖြင့် သူမ၏ မျက်နှာအမူအရာများသည် လူကြီးများကဲ့သို့ ဖုံးကွယ်ထားနိုင်ခြင်း မရှိခဲ့ပေ။ မကြာမီပင် သူမ၏ဦးလေးသည် ထိုအကြောင်းရင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ လုနန်သည် ဘယ်သန်ဖြစ်သောကြောင့် စက္ကူပန်းညှပ်ရာတွင် ပိုနှေးကွေးသည်ကို သိရှိသွားသောအခါ လူတိုင်းက ရယ်စရာကောင်းသလို ချစ်စရာကောင်းသည်ဟုလည်း တွေ့ရှိခဲ့ကြသည်။

နောက်ဆုံးတော့ လူတစ်ယောက်အတွက် အရာအားလုံးကို ကျွမ်းကျင်ပိုင်နိုင်ရန် မဖြစ်နိုင်ပေ။ လူတိုင်းတွင် ကိုယ်ပိုင်အားနည်းချက်များ ရှိကြသည်။

သို့သော်လည်း မည်သူမျှ သူမ၏ လျှို့ဝှက်ချက်ကို မဖော်ထုတ်ဘဲ လုနန်၏မာနလေးကို ကာကွယ်ပေးခဲ့ကြသည်။ ထို့ကြောင့် အရွယ်ရောက်လာသည့်တိုင်အောင် လုနန်သည် စက္ကူပန်းညှပ်မတတ်သေးပေ။

အပြင်သို့ထွက်လာပြီး လုနန်သည် ဝါးတောသို့သွားကာ ဝါးညွန့်အနည်းငယ်ကို ခုတ်ဖြတ်ခဲ့သည်။ သူမသည် မီးပုံးများပြုလုပ်ရန် အနီရောင်အဝတ်စနှင့်အတူ ထိုဝါးညွန့်တို့ကို အသုံးပြုရန် စီစဉ်ထားသည်။ သူမသည် စက္ကူပန်းညှပ်မတတ်သော်လည်း မီးပုံးပြုလုပ်ခြင်းသည် သူမလုပ်နိုင်သော ရိုးရှင်းသည့် အလုပ်တစ်ခုဖြစ်သည်။

All Chapters