သေမင်း၏ လက်ခုပ်ထဲသို့ တဖြည်းဖြည်း ချဉ်းကပ်နေသော ရောဂါဆိုးကို ခံစားနေရရုံသာမက၊ သိုင်းကျင့်ကြံခြင်းအတွက် အခြေခံအရည်အချင်း အပ်ဖျားတစ်စင်းမျှပင် မရှိသည့် လူငယ်လေး လီဖန်...။ သို့သော် ကံကြမ္မာ၏ အလှည့်အပြောင်းတစ်ခုတွင် သူ၏ဝိညာဉ်သည် လောကတစ်သောင်း လေလံရုံစနစ်နှင့် ချိတ်ဆက်မိသွားခဲ့လေသည်။ ခွန်အားသာလျှင် အရာရာကို ဆုံးဖြတ်ပေးသော ကျင့်ကြံခြင်းလောကတွင် လီဖန်၏ တာဝန်မှာ ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေမည့် လေလံပွဲကြီးများကို တစ်ပွဲပြီးတစ်ပွဲ ကျင်းပပေးရန် ဖြစ်၏။ သို့သော် ထိုတာဝန်မှာ လွယ်ကူလှသည်တော့ မဟုတ်ချေ။ လေလံတင်သည့် ပစ္စည်းတိုင်းသည် အနည်းဆုံး သူတော်စင်အဆင့်ရတနာ ဖြစ်ရမည်။ လာရောက်ယှဉ်ပြိုင်မည့် ဧည့်သည်များသည်လည်း အနည်းဆုံး ဝိညာဉ်ဝင်ရိုးစွန်းအဆင့် ကျင့်ကြံသူများ ဖြစ်ရပေမည်။ ကျန်ရှိနေသေးသော သူ၏သက်တမ်းကို ဆက်လက်ရှင်သန်နိုင်ရန် တစ်ခုတည်းသော မျှော်လင့်ချက်မှာ ပိုမိုအားကြီးသော စွမ်းအားရှင်များကို လေလံရုံသို့ ဆွဲဆောင်ရန်နှင့် တန်ဖိုးမဖြတ်နိုင်သော ရတနာများကို လေလံတင်ရောင်းချရန်သာ ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ လီဖန်၏ တိုက်ရိုက်လေလံပွဲများသည် လောကတစ်ခုလုံးကို လှုပ်ခတ်စေခဲ့၏။ အထွတ်အထိပ် တာအိုဖြတ်တောက်ခြင်းအဆင့် ကျင့်ကြံသူများပင် အံ့အားသင့်မှင်တက်ကုန်ကြပြီး၊ တိုက်ကြီးတစ်ခုလုံးက သူ၏လေလံရုံသို့ ဝင်ရောက်နိုင်ရန် အုတ်အော်သောင်းနင်း ဖြစ်လာခဲ့ကြသည်။ ပြိုင်ဘက်ကင်း လေလံရုံကြီး၏ အလယ်ဗဟိုတွင် မတ်တတ်ရပ်နေသော လီဖန်က အပြုံးဖျော့ဖျော့ဖြင့် လေလံတူကို ဒေါက် ခနဲ မြည်အောင် ထုချလိုက်ပြီး ပြောလိုက်သည်။ “ကဲ... အားလုံးပဲ အသင့်ဖြစ်ကြပြီလား... နောက်ထပ် လေလံတင်မယ့် ပစ္စည်းကတော့...သာမန်လူတစ်ယောက်ကိုတောင် ချက်ချင်း သူတော်စင်အဆင့် ရောက်ရှိသွားစေနိုင်တဲ့ မဟာမူလတာအိုသစ်သီးပဲ ဖြစ်ပါတယ်...စတင်လေလံကြေးကတော့... အဆင့်မြင့်ဝိညာဉ်ကျောက်တုံး တစ်သန်းပါ... ကဲ... ဘယ်သူက ဈေးစပေးမလဲ...”

